၂၀၂၂ နိုဝင်ဘာလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်မြောက် အခမ်းအနားသို့ CRPH မှသဝဏ်လွှာပေးပို့ခြင်းနှင့်နိုင်ငံတော် ယာယီသမ္မတမိန်ခွန်းပြောကြား
📌 ၂။ “တော်လှန်ရေးတွင် လုံခြုံရေးကိုအထူးသတိပြု ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဆို
📌 ၃။ မြန်မာပြည်သူများအနေနဲ့ ယနေ့ထက်တိုင် ကူကယ်ရာမဲ့ဖြစ်နေပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၄။ စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ကိုင်းမြို့နယ်အားဖြတ်သန်းသွားလာလုပ်ကိုင်ကြမည့်စီးပွားရေးလုပ်ငန်းရှင်းများအားလုံး NUG အစိုးရရဲ့အခွန်ကောက်ခံရေးအဖွဲ့ကိုအခွန်ဆောင်ရမယ်လို့အသိပေးကြေညာ
📌 ၅။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စကစတပ်အင်အား ၃၀ ပါ ကားတန်း ယနေ့မနက် ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ
📌 ၆။ နိုဝင်ဘာလမှာ ငွေတိုက်စာချုပ်ဝယ်သူကြသူတိုင်းကို ချင်းအမျိုးသားကောင်စီ (ICNCC) ဥက္ကဋ္ဌကျေးဇူးတင်ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ပို့စကတ်အမှတ်တရပေးဝေမယ်
📌 ၇။ “မသောက်မိသောမိုးခါးရေ” Texas မှာ နိုဝင်ဘာ ၁၂ ရက်နေ့ ပွဲစဥ်နှစ်ပွဲ ပြသမယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်မြောက် အခမ်းအနားသို့ CRPH မှသဝဏ်လွှာပေးပို့ခြင်းနှင့်နိုင်ငံတော် ယာယီသမ္မတမိန်ခွန်းပြောကြား
နိုဝင်ဘာ ၁ ရက်နေ့တွင်ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF (ကျောင်းသားတပ်မတော်)ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်မြောက် အခမ်းအနားကို CRPH မှသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
၎င်းသလွှာမှ ထုတ်နုတ်ဖေါ်ပြရလျှင်"နွေဦးတော်လှန်ရေး အဆုံးသတ် တိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူတကွကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာမှာ ကတိသစ္စာပြု ဖော်ပြပါရှိပါတယ်။
အလားတူ ယနေ့နိုဝင်ဘာ(၁)ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဖွဲ့စည်းတည်ထောင်ခြင်း(၃၄)နှစ်မြောက် အခမ်းအနားသို့နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ရုပ်သံမိန့်ခွန်းကိုပေးပို့ခဲ့ပါတယ်။
ထိုမိန့်ခွန်းတွင်"တော်လှန်သော မျိုးဆက်အချင်းချင်း လက်ဆင့်ကမ်းသွန်သင်နိုင်တာတွေရှိသလို အားကောင်းတဲ့ စစ်ရေးစုဖွဲ့မှုတွေကို အမြင်ကျယ်ကျယ် အမျှော်အမြင်မြင်ရှိရှိနဲ့ ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကို မြန်မာ့နွေဦးတော်လှန်ရေးမျိုးဆက်သစ်တွေကို သင်ကြားပေးဖို့ ကျနော့်အနေနဲ့ထပ်လောင်း ပြောကြားချင်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အနာဂါတ် နိုင်ငံတော်အသစ်မှာ စစ်အာဏာရှင် အစုအဖွဲ့အဟောင်းကို ပြတ်ပြတ်သားသား ဖယ်ရှားရှင်းလင်းပြီး ဒီမိုကရက်တစ်အသစ်နဲ့ အသုအဖွဲ့အသစ်တွေ ခိုင်မာစွာတည်ဆောက်ဖို့လည်း ယာယီ သမ္မတကဆိုပါတယ်။
========================
📌📌 ၂။ “တော်လှန်ရေးတွင် လုံခြုံရေးကိုအထူးသတိပြု ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဆို
အောက်တိုဘာ ၃၁ ရက်ကျင်းပတဲ့ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (၁/၂၀၂၂) မှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က အခုလိုပြောကြားခဲ့ပါတယ်။
“တော်လှန်ရေးတွင် လုံခြုံရေးသတိပြု ဆောင်ရွက်ရန်နှင့် အားလုံးပေါင်းစပ်ပြီး အချိန်နှင့်တပြေးညီဖြစ်ပေါ်လာသည်များကို ကျော်လွှား ပေးပါရန်”ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးမှ ခရိုင်အုပ်ချုပ်ရေးသည် ခရိုင်အသီးသီးရှိ မြို့နယ်ကို တာဝန်ခံရမည်ဖြစ်ပြီး ဆက်သွယ်ပေါင်းကူးဆောင်ရွက်ရာတွင် နားလည်မှုများနှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဓိက ဆက်သွယ်မှုကို အပြန်အလှန်တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မြေပြင်၌ အဓိက ထမ်းဆောင်ရမည့် မြို့နယ်များကို ခရိုင် ပအဖ ခေါင်းဆောင်များက ထိန်းကွပ်ပေးရန် လိုအပ်ပါကြောင်း၊ ခရိုင်ခေါင်းဆောင်များမှ မြေပြင်၏အခြေအနေ နှင့်သင့်လျော်သည့် လိုအပ်သည့် ညွှန်ကြားမှုများကို ညွှန်ကြားပေးရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ ယင်းနောက် တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့ နေရသည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ မြန်မာပြည်သူများအနေနဲ့ ယနေ့ထက်တိုင် ကူကယ်ရာမဲ့ဖြစ်နေပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရတယ်လို့ ကုလသမဂ္ဂမှာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
အောက်တိုဘာ ၃၁ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၂) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုဆိုခဲ့ပါတယ်။
"အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့၌ တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ ပြီးနောက် ပြည်တွင်းတရားစီရင်ရေးစနစ်မှာ ပျက်စီးသွားခဲ့သောကြောင့် မိမိမှ ယခုကဲ့သို့ ပြောကြားရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအား ကျူးလွန်ထားသူများကို နိုင်ငံတကာရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာတရားစီရင်ရေးစနစ်ဖြင့် တရားစီရင်၍ မြန်မာနိုင်ငံအတွက် တရားမျှတမှု ဖော်ဆောင်ပေးနိုင်ရန် အကူအညီတောင်းခံလျက်ရှိကြောင်း၊ သို့ရာတွင် အဆိုပါရာဇဝတ် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရန်အတွက် ဆောင်ရွက်ပေးရန်ကိုပင် ပြည်သူများအနေဖြင့် ယနေ့တိုင် ကူကယ်ရာမဲ့ဖြစ်လျက်ရှိကြောင်းနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ခံစားနေရသောနစ်နာသူများ အနေဖြင့်လည်း တရားမျှတမှုမရရှိသေးဘူး"လို့ဆိုပါတယ်။
မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် လုံလောက်သည့် သက်သေအထောက်အထားများရှိကြောင်း၊ ယခုအချိန်သည် ယင်းသက်သေအထောက်အထားများကို အသုံးပြု၍ ထိရောက်မှုရှိသော အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည့် အချိန်တန်ပြီဖြစ်တယ်လို့ သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ကိုင်းမြို့နယ်အားဖြတ်သန်းသွားလာလုပ်ကိုင်ကြမည့်စီးပွားရေးလုပ်ငန်းရှင်းများအားလုံး NUG အစိုးရရဲ့အခွန်ကောက်ခံရေးအဖွဲ့ကိုအခွန်ဆောင်ရမယ်လို့အသိပေးကြေညာ
နိုဝင်ဘာ ၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်နဲ့ပတ်သက်တဲ့ကြေညာချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရစစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ကိုင်းမြို့နယ်အားဖြတ်သန်းသွားလာလုပ်ကိုင်ကြမည့်စီးပွားရေးလုပ်ငန်းရှင်းများအားလုံး ကြားကာလ အခွန်ကောက်ခံရေး ပေါင်းစပ်ညှိနှိုင်းအဖွဲ့ မှာ အခွန်ပေးဆောင်ရန်နဲ့ အခွန်ဆောင်ပြီးက ပြေစာပြန်လည်တောင်းခံရန်ဆိုထားပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ၃၆မြို့နာ်မှာ စိုးမိုးထိန်းချုပ်နယ်မြေများအဖြစ် အကောင်အထည်ဖော်ဆောင်နေပြီးတော့လမ်းပိုင်းဆိုင်ရာ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိပါတယ်။
========================
📌📌 ၅။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စကစတပ်အင်အား ၃၀ ပါ ကားတန်း ယနေ့မနက် ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ
နိုဝင်ဘာ (၁) ရက်၊မနက် (၆) နာရီခွဲက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂) လမ်းနဲ့ (၈၈) လမ်းထောင့်မှာ မြို့အနံ့လှည့်ကာ ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့တယ်လို့ GZP (Mandalay) ကဆိုပါတယ်။
"မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ (၁၂) လမ်းနဲ့ (၈၈) လမ်းထောင့်မှာ မြို့အနံ့လှည့်ကာ ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ စစ်အုပ်စု အင်အား (၃၀) လောက်ပါတဲ့ Double Cup တစ်စီး၊ Faw ကားတစ်စီးနဲ့ ရဲကားတစ်စီးကို ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စကစတပ်နဲ့ ရဲ အများအပြား ထိခိုက်သေဆုံးနိုင်တယ်"လို့ဆိုပါတယ်။
ဖောက်ခွဲမှုကြောင့် ကားနှစ်စီး ရပ်တန့်ပျက်စီးသွားတယ်လို့ GZP (Mandalay) က ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုကို GZP(Mandalay)၊ ပုသိမ်ကြီးမြို့နယ် (ပကဖ)၊ G 6 Star ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၆။ နိုဝင်ဘာလမှာ ငွေတိုက်စာချုပ်ဝယ်သူကြသူတိုင်းကို ချင်းအမျိုးသားကောင်စီ (ICNCC) ဥက္ကဋ္ဌကျေးဇူးတင်ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ပို့စကတ်အမှတ်တရပေးဝေမယ်
နိုဝင်ဘာလမှာ ငွေတိုက်စာချုပ်ဝယ်သူကြသူတိုင်းကို ချင်းအမျိုးသားကောင်စီ (ICNCC) ဥက္ကဋ္ဌကျေးဇူးတင်ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ပို့စကတ်အမှတ်တရပေးဝေမယ်လို့ နိုဝင်ဘာ ၁ ရက်နေ့မှာ ယူနိုက်တက်ဘွန်းကအသိပေးဆိုပါတယ်။
"နိုဝင်ဘာလဟာ ချင်းလူမျိုးတို့ရဲ့ကောက်သစ်စားပွဲကျင်းပတဲ့လ ဖြစ်ပါတယ်။စစ်ကောင်စီကိုအတူလက်တွဲတော်လှန်နေကြတဲ့ညီနောင်ချင်းလူမျိုးတို့ကိုယ်စား ၊ ကြားကာလချင်းအမျိုးသားကောင်စီ(ICNCC) ဥက္ကဋ္ဌကြီးရဲ့ကျေးဇူးတင်ဂုဏ်ပြုအမှာစကားရေးထိုးထားတဲ့ ကောက်သစ်စားပွဲနဲ့ဆက်နွှယ်သောပို့စကတ်လေးတစ်ခုကို နိုဝင်ဘာလမှာ ငွေတိုက်စာချုပ်(ဘွန်း)ဝယ်ယူကြသူတိုင်း အမှတ်တရအနေနဲ့လက်ခံရရှိကြမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ငွေတိုက်စာချုပ်ရောင်းရငွေတွေကို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG တို့အတူတူလက်တွဲပြီး စစ်ဖိနပ်အောက်ကလွတ်မြောက်ရေးအတွက် မျှဝေသုံးစွဲကြတာဖြစ်ပါတယ်။ "မိမိချစ်မြတ်နိုးရတဲ့ တော်လှန်ခေါင်းဆောင်၊ တော်လှန်အဖွဲ့အစည်းတို့ရဲ့ အမှတ်တရစကားတွေကို စုံနေအောင်စုဆောင်းချင်တယ်ဆိုရင်တော့ လစဉ်လတိုင်း ဘွန်း ဝယ်ကြပါလို့ တိုက်တွန်းချင်ပါတယ်"လို့ ယူနိုက်တက်ဘွန်းကဆိုပါတယ်။
========================
📌📌 ၇။ “မသောက်မိသောမိုးခါးရေ” Texas မှာ နိုဝင်ဘာ ၁၂ ရက်နေ့ ပွဲစဥ်နှစ်ပွဲ ပြသမယ်။
ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသော“မသောက်မိသောမိုးခါးရေ”ဇာတ်လမ်းတိုအား Texas မှာ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပွဲစဥ်နှစ်ပွဲ ပြသမယ်လို့သတင်းရရှိပါတယ်။ အဆိုပါပွဲလက်မှတ်များကို မသောက်မိသောမိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီနဲ့ သက်ဆိုင်ရာ ကြေညာထားတဲ့ ကိုယ်စားလှယ်များထံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ မိုးခါးရေ Hoodie နဲ့ T-shirt များကိုလည်းကြိုတင်မှာယူလို့လည်းရရှိမှာဖြစ်ကာ မြန်မာ့ရုပ်ရှင်ရုံ theme နဲ့လိုက်ဖက်မယ့်ရိုးရာအစားအစာများကိုလည်းရောင်းချပေးသွားမှာဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment