၂၀၂၂ နိုဝင်ဘာလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ ခွန်အားမျှပေးတော်လှန်ရေးဖြစ်ပြီး ငွေကြေးတတ်နိုင်သူကငွေကြေးမျှဝေဖို့ ဝန်ကြီးဦးတင်ထွန်းနိုင်ဆို
📌 ၂။ ကချင်ပြည်နယ် မိုးမောက်မှာ စပါးရိတ်သိမ်းချိန် စကစတပ်များကတောင်ယာစိုက်ပြည်သူတွေကိုတောင်ယာမသွားခိုင်းဘဲ တားမြစ်ထား
📌 ၃။ ပအိုဝ်းအမျိူးသမီးသမဂ္ဂ၂၃ နှစ်ပြည့်ဂုဏ်ပြုပန်းချီကို ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုး ရေးဆွဲ
📌 ၄။ အာဆီယံလူထုဖိုရမ်မှာ အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်တွေက တော်လှန်ရေးအောင်ရမည်လို့ လက် ၃ ချောင်းထောင် အဓိဌာန်ပြုကြွေးကြော်
📌 ၅။ ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သားတစ်ဦး ကျောက်ထု PDF ထံ G3 သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ခိုလှုံလာ
📌 ၆။ နန်းထိုက်အောင်စစ်ဆင်ရေး တတိယအကြိမ် mission အဖြစ် ပုသိမ်မြို့နယ် စသုံးလုံးရုံးကို အဝေးထိန်းစနစ်ဖြင့် ဖေါက်ခွဲ တိုက်ခိုက်
📌 ၇။ အမေရိကန်ပြည် ဆန်ဖရန်ဘေးဧရိယာမှာ ကချင်ပြည်နယ် အနန့်ပါဒေသ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ကောက်ခံပွဲ ကျင်းပ
📌 ၈။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ စားနပ်ရိက္ခာအတွက် ပြည်သူတစ်ဦးက ငွေသားနဲ့ နားကပ်တရံချွတ်၍ ကူညီထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ခွန်အားမျှပေးတော်လှန်ရေးဖြစ်ပြီး ငွေကြေးတတ်နိုင်သူကငွေကြေးမျှဝေဖို့ ဝန်ကြီးဦးတင်ထွန်းနိုင်ဆို
နွေဦးတော်လှန်ရေးဟာခွန်အားမျှပေးတော်လှန်ရေးဖြစ်ပြီး ငွေကြေးတတ်နိုင်သူကငွေကြေးမျှဝေဖို့ နိုဝင်ဘာ ၅ ရက် လူမှုကွန်ရက်မှာ စီမံကိန်း ဘဏ္ဍာ ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကရေးသားဆိုပါတယ်။
"တော်လှန်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ လိုအပ်ချက်ကိုတဦးတည်း တယောက်တည်းက ဒေါ်လာ ၂.၄ သန်းဘိုး၊ မြေကွက် ဝယ်ယူပံ့ပိုးတော့ တော်လှန်ပြည်သူတွေအားလုံး အားတက်ကျေနပ်နှစ်ထောင်းအားရဖြစ်ကြတယ်။ဒီနွေဦးတော်လှန်ရေးဟာခွန်အားမျှပေးတော်လှန်ရေးသာဖြစ်တယ်။ငွေရေးကြေးရေးတတ်နိုင်သူကငွေကြးကိုမျှဝေပါ..။အသိဉာဏ်ပညာမျှဝေနိုင်သူက.. အသိဉာဏ်ပညာကိုမျှဝေပါ.။လုပ်အားထည့်ဝင်နိုင်သူကလုပ်အားကိုသာ အားစိုက်ထည့်ဝင်ပါ"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အထူးငွေတိုက်စာချုပ်ရောင်းချခြင်းနဲ့EODရှယ်ယာများ ရောင်းချခြင်းမှ ဝင်ငွေလည်ပတ်လျက်ရှိပြီးတော့ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုလျက်ရှိပါတယ်။
"တချို့တွေဆို အသက်ခန္ဓာကိုယ် ကိုတောင် မျှဝေပေးဆပ်နေကြတယ်။တချို့တွေက ရာထူးစည်းစိမ်ကို စွန့်လွှတ်မျှဝေနေကြတယ်။ဒီမျှဝေမှုတွေ၊ ဒီခွန်အားတွေနဲ့ပဲ၊ ဒီတော်လှန်ရေးဟာ ဒီအထိ ခရီးရောက်ခဲ့ကြပြီ။ သို့သော်ပန်းတိုင်မရောက်မချင်း ဦးတည်ရာကို မမှိတ်မသုန် အာရုံထားချီတက်ကြရဦးမှာပါ"လို့ဝန်ကြီး ဦးတင်ထွန်းနိုင်က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ ကချင်ပြည်နယ် မိုးမောက်မှာ စပါးရိတ်သိမ်းချိန် စကစတပ်များကတောင်ယာစိုက်ပြည်သူတွေကိုတောင်ယာမသွားခိုင်းဘဲ တားမြစ်ထား
ကချင်ပြည်နယ် မိုးမောက်မှာ စပါးရိတ်သိမ်းချိန် စကစတပ်များကတောင်ယာစိုက်ပြည်သူတွေကိုတောင်ယာမသွားခိုင်းဘဲ တားမြစ်ထားတယ်လို့ နိုဝင်ဘာ ၆ ရက်နေ့မှာ ကချင်ပြည်နယ် မိုးမောက် ဖြစ်စဥ်နှင့်ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။
"မိုးမောက်ဖက်မှ ကချင်ပြည်သူတွေအများပိုင်းဟာ တောင်ယာ စပါး စိုက်ပြီး အသက်ရှင်ရပ်တည်ရတာဖြစ်တယ်။ဒီချိန်ကို ဘာလို့ရွေးသလဲ၊ ဒီချိန်ဟာ စပါးမှည့်ချိန်၊ ရိတ်သိမ်းမဲ့ ဆဲဆဲမှာ ထိုးစစ်စတာပါပဲ။ KIA ဖက်က တောင်ယာစိုက်ပြည်သူတွေကို ငှဲ့နေရတာကို အခွင့်ကောင်းယူတယ်။ အခု တောင်ယာကို စကစတပ်က မသွားခိုင်းဘူးလို့သိရပါတယ်။ ဒီချိန် မရိတ်သိမ်းရင် ပြည်သူတွေငတ်မယ်။ ငတ်ရင် ရှိတဲ့ ပိုင်ဆိုင်မှုတွေ ရောင်းပြီး တခြားတနေရာ ရွှေ့ပြောင်းရတော့မယ်။ အဲ့ဒီနေရာမှာ စစ်တပ်နောက်ခံလူတွေ နေရာ ဝင်ယူမယ် ဆိုတဲ့ အကွက်ပါ။ ဒါက အာဖရိက မှာ ကိုလိုနီ အစိုးရ လုပ်သွားတဲ့ အကွက်ဟောင်းတွေ ဖြစ်ပါတယ်။ ဂျီနိုစိုက်ရဲ့ တစိပ်တပိုင်းအကွက်တွေ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
စကစတပ်များဟာ ကချင်ပြည်နယ်ဘက်မှာ မြေပြင်နဲ့ဝေဟင်ပူးပေါင်းစစ်ဆင်ရေးများကို အရှိန်မြှင့် ထိုးစစ်ဆင်ကာ တိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ပအိုဝ်းအမျိူးသမီးသမဂ္ဂ ၂၃ နှစ်ပြည့်ဂုဏ်ပြုပန်းချီကို ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုး ရေးဆွဲ
ပအိုဝ်းအမျိူးသမီးသမဂ္ဂ ၂၃ နှစ်ပြည့်ဂုဏ်ပြုပန်းချီကို ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုးရေးဆွဲခဲ့ကြောင်းကို နိုဝင်ဘာ၆ရက်နေ့မှာ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူစန်နာလှလှစိုးက အသိပေးဆိုပါတယ်။
"၂၃ နှစ်တာကာလ အတွင်း တာဝန်ယူ၊ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဆက်ဆက်သော ခေါင်းဆောင်အားလုံးကိုလေးစား အသိအမှတ်ပြု ပါတယ်။ပအိုဝ်းအမျိူးသမီးသမဂ္ဂကို ၁၉၉၉ နိုဝင်ဘာလ ၅ ရက်နေ့ တွင် စတင်ဖွဲ့စည်းခဲ့တာ ခုဆို ၂၃ နှစ်တိုင်တိုင်ရှိခဲ့ပြီးအမျိုးသမီးအခွင့်အရေး၊ ကျား-မ တန်းတူရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေးတို့တွင် မားမားမတ်မတ် ရပ်တည်လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်သည့်အတွက် ဂုဏ်ပြုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ပအိုဝ်းအမျိူးသမီးသမဂ္ဂကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီး ရေးဆွဲထားသောပန်းချီကားမှာ ပအိုဝ်းအမျိူးသမီးငယ်ရဲ့ ရိုးရာဝတ်စုံအပြည့်နဲ့ ပန်းချီကားချပ်ဖြစ်ပါတယ်။
========================
📌📌 ၄။ အာဆီယံလူထုဖိုရမ်မှာ အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်တွေက တော်လှန်ရေးအောင်ရမည်လို့ လက် ၃ ချောင်းထောင် အဓိဌာန်ပြုကြွေးကြော်
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ၃ရက်ကြာ ကျင်းပတဲ့ အာဆီယံအရပ်ဖက်အဖွဲ့များညီလာခံ၊ အာဆီယံလူထုဖိုရမ်မှာ အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်တွေက မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ တသားထဲရှိကြောင်း တော်လှန်ရေးအောင်ရမည်လို့ လက် ၃ ချောင်းထောင် အဓိဌာန်ပြုကြွေးကြော်ခဲ့ပါတယ်။
၂၀၂၂ အာဆီယံအရပ်ဖက်အဖွဲများညီလာခံ/အာဆီယံလူထုဖိုရမ် ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက်မှာ လူကိုယ်တိုင်/online တက်ရောက်ကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံက အရပ်ဖက်အဖွဲ့ကိုယ်စားလှယ်တွေက မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ တသားထဲရှိကြောင်း သွေးစည်းညီညွတ်မှုကိုပြသခဲ့တာလို့သတင်းရရှိပါတယ်။
အဆိုပါပွဲမှာ အာဆီယံကို တောင်းဆိုခြင်း၊ ကျဆုံးသွားတဲ့ နွေဦးသူရဲကောင်းများအတွက် ငြိမ်သက်အလေးပြုခြင်း နဲ့ တော်လှန်ရေးအောင်ရမည်လို့ လက် ၃ ချောင်းထောင် အဓိဌာန်ပြုကြွေးကြော်မှုတို့ပြုလုပ်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သားတစ်ဦး ကျောက်ထု PDF ထံ G3 သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ခိုလှုံလာ
ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သားတစ်ဦး ကျောက်ထု PDF ထံ G3 သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ခိုလှုံလာ၍ ဆုကြေးငွေ ကျပ်သိန်း ၄၀ တိတိအား ချီးမြှင့်ကာ လွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့ပါတယ်။ နိုဝင်ဘာ ၅ ရက်မှာ ကျောက်ထု PDF (YRPA) က အသိပေးဆိုပါတယ်။
"ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သားတစ်ဦး ကျောက်ထု PDF (YRPA) နှင့်ချိတ်ဆက်ပြီး (G3 သေနတ် ၁ လက် /ကျည်ဘောက် ၂ ခု/ ကျည် ၅၃ တောင့်) ဖြင့် CDM ဝင်ရောက်လာခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါရဲတပ်သားကိုဆုကြေးငွေ ကျပ်သိန်း ၄၀ တိတိအား ချီးမြှင့်၍ ကျောက်ထုPDF (YRPA) မှတာဝန်ယူကာလွတ်မြောက်နယ်မြေသို့ဘေးကင်းလုံခြုံစွာဖြင့်ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ နန်းထိုက်အောင်စစ်ဆင်ရေး တတိယအကြိမ် mission အဖြစ် ပုသိမ်မြို့နယ် စသုံးလုံးရုံးကို အဝေးထိန်းစနစ်ဖြင့် ဖေါက်ခွဲ တိုက်ခိုက်
နိုဝင်ဘာ ၅ ရက်နေ့ပုသိမ်မြို့ မြတ်တိုရုံးပေါင်းစုံလမ်း ခရိုင်မြို့နယ်တရားရုံးဘေး ၊ရဲစခန်းအရှေ့ စကစ၏အဓိက ဒေါက်တိုင် ဖြစ်သည့် စစစ ရုံးအား ဖောက်ခွဲခဲ့တယ်လို့ ပုသိမ် မြို့ပြပြောက်ကြားတပ်ဖွဲ့ PSTF ကအတည်ပြုဆိုပါတယ်။
"နန်းထိုက်အောင်စစ်ဆင်ရေး တတိယအကြိမ် mission အဖြစ် ကန်ကြီးထောင့် ပကဖနှင့် ပုသိမ် မြို့ပြပြောက်ကြားတပ်ဖွဲ့ PSTF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ပုသိမ်မြို့ မြတ်တိုရုံးပေါင်းစုံလမ်း ခရိုင်မြို့နယ်တရားရုံးဘေး ၊ရဲစခန်းအရှေ့ စကစ၏အဓိက ဒေါက်တိုင် ဖြစ်သည့် စစစ ရုံးအား အဝေးထိန်းစနစ်ဖြင့် ဖေါက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှု အပြီး ထိခိုက်မှုကို အသေးစိတ်မသိရှိရသေးဘဲ ပုသိမ်မြို့၏စကစဒေါက်တိုင်များကို နေ့ ည ခွဲခြား ခြင်းမပြုတော့ပဲပျောက်ကြားနည်းဖြင့် တိုက်ခိုက်တော့မယ်လို့ အသိပေးဆိုပါတယ်။
========================
📌📌 ၇။ အမေရိကန်ပြည် ဆန်ဖရန်ဘေးဧရိယာမှာ ကချင်ပြည်နယ် အနန့်ပါဒေသ စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ ကောက်ခံပွဲ ကျင်းပ
ဆန်ဖရန်စစ္စကိုဘေးဧရိယာ ဝမ်းမြန်မာကွန်မြူနီတီစင်တာမှာ နိုဝင်ဘာ ၅ရက် စနေနေ့ နေ့လည်ပိုင်းက ကချင်ယဉ်ကျေးမှုနဲ့ စာပေအသင်းက ကြီးမှူးကျင်းပတဲ့ ကချင်ပြည်ိနယ် အနန့်ပါဒေသ စစ်ဘေးသင့်ပြည်သူများအတွက် ကူညီရေးအလှူငွေများ ကောက်ခံပွဲကို ကျင်းပခဲ့ပါတယ်။ ဘေးဧရိယာက မြန်မာတိုင်းရင်းသားများ စုဝေးကြပြီး အလှူငွေများ ထည့်ဝင်ခြင်းနဲ့ မြန်မာပြည်က စစ်ဘေးသင့်ပြည်သူများအတွက် စာနာထောက်ထားမှုပြသခြင်းများ ထုတ်ဖော်ပြသခဲ့ကြပါတယ်။ ကချင်ယဉ်ကျေးမှုနဲ့စာပေအသင်းက ကချင်ပြည်နယ်နဲ့တကွ တိုင်းရင်းသားဒေသ စစ်မက်ဖြစ်ပွားဒေသများက ပြည်သူများကို ကူညီထောက်ပံ့မှုများကို အစဉ်အမြဲ ဆောင်ရွက်နေတဲ့ ကချင်တိုင်းရင်းသားအဖွဲ့အစည်း ဖြစ်ပါတယ်။ ဝမ်းမြန်မာကွန်မြူနီတီစင်တာဟာ မြန်မာ့အရေးအတွက် ဝန်းရံပေးတဲ့ အသင်းအဖွဲ့လည်း ဖြစ်ပါတယ်။
========================
📌📌 ၈။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ စားနပ်ရိက္ခာအတွက် ပြည်သူတစ်ဦးက ငွေသားနဲ့ နားကပ်တရံချွတ်၍ ကူညီထောက်ပံ့
နိုဝင်ဘာ ၆ ရက်နေ့မှာ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ကအခုလို အသိပေးဆိုပါတယ်။
"နိုဝင်ဘာ ၅ ရက် ပြည်သူတဦးမှ ငွေသား၁သိန်း နှင့် ကာလတန်ဖိုး ၄၃၀,၀၀၀ ခန့်တန်ကြေးရှိသော နားကပ်တရံအား တော်လှန်ရေးရဲဘော်များ၏စားနပ်ရိက္ခာအတွက် မြိုင် ပကဖတပ်ရင်း-၁ ထံသို့လာရောက်လှူဒါန်းသွားပါတယ်"လို့ဆိုပါတယ်။
မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ စကစတပ်များကို အထိနာဆုံးနဲ့အထိရောက်ဆုံးခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment