၂၀၂၂ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တရားဥပဒေ စိုးမိုးနိုင်ရေးကိုအလေးထား၍ တရားသူကြီးများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရေးတရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား
📌 ၂။ အာဆီယံ နိုင်ငံထဲက မင်းအောင်လှိုင်ရွေးကောက်ပွဲ ပံ့ပိုးကူညီဖို့ နှစ်နိုင်ငံလောက်အနည်းဆုံးရှိနေတာ အန္တရာယ်ကြီးတယ်လို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ထုတ်ဖော်ပြောကြား
📌 ၃။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားသော်လည်း လုံလောက်တဲ့ဆေးကုသခွင့်မပေး
📌 ၄။ "NUG အစိုးရကို အခွန်ဆောင်ရင်ပြန်လည်ထူထောင်ရေးကာလမှာ အခွန်ကင်းလွတ်ခွင့်ရရှိမယ်
📌 ၅။ ဝန်းသိုမြို့နယ် နမော်အုပ်စုဝါးဘိုးချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ တစ်ရွာလုံးမီးလောင်ဆုံးရှုံး
📌 ၆။ မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များ မွှေနှောက်သောင်းကျန်း၍ ယနေ့မနက်ရွှေလှန်ကျေးရွာကို မီးရှို့ဖျက်ဆီး
📌 ၇။ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို နိုင်ငံပေါင်း ၁၉ နိုင်ငံမှာပွဲစဥ်ပေါင်း ၄၇ ပွဲနဲ့ ဆက်လက်ပြသရန် ညှိနှိုင်းနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တရားဥပဒေ စိုးမိုးနိုင်ရေးကိုအလေးထား၍ တရားသူကြီးများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရေးတရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား
ကြားကာလတရားစီရင်ရေးဖော်ဆောင်နေသည့် တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက အခုလိုဆိုလိုက်ပါတယ်။
"ကြားကာလတရား ဥပဒေ စိုးမိုးမှုအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားရုံးများသည် အရေးကြီးသည့် အခန်းကဏ္ဍ က ပါဝင်ပါကြောင်း၊ မြေပြင်တွင် တရားစီရင်ရေး ဆောင်ရွက်ပေးနေသော တရားသူကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ တရားဥပဒေ စိုးမိုးနိုင်ရေးကိုအလေးထား၍ တရားသူကြီးများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရေးသည်လည်း လွန်စွာအရေးကြီးပါကြောင်း"ဝန်ကြီးကဆိုခဲ့ပါတယ်။
အစည်းအဝေးသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိ ဝန်ထမ်းများ မြို့နယ်တရားသူကြီးများတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အာဆီယံ နိုင်ငံထဲက မင်းအောင်လှိုင်ရွေးကောက်ပွဲ ပံ့ပိုးကူညီဖို့ နှစ်နိုင်ငံလောက်အနည်းဆုံးရှိနေတာ အန္တရာယ်ကြီးတယ်လို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ထုတ်ဖော်ပြောကြား
နိုဝင်ဘာ ၁၃ ရက် “မြန်မာ့နွေဦးနှင့် နိုင်ငံတကာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အခုလိုပြောကြားလိုက်ပါတယ်။
"အာဆီယံထဲ တချို့နိုင်ငံ၊ နှစ်နိုင်ငံလောက်ရှိမှာပေါ့။အဲဒီနိုင်ငံတွေဆိုကြိုးစားတာရှိတယ်။ဒါကိုအားပေးလို့မဖြစ်နိုင်ဘူးလား။လွတ်လပ်ပြီးတရားမျှတဖို့ ဘယ်လိုတွေ ပံ့ပိုးပေးရင် ကောင်းမလဲဆိုတာမျိုးတွေ ဒါမျိုးတွေက အန္တရာယ်ကြီးပါတယ်"လို့ဆိုပါတယ်။
သို့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရကို အာဆီယံနိုင်ငံအများစုက ထောက်ခံအားပေးကာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ ပြောဆိုမှုများလည်း ရှိတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားသော်လည်း လုံလောက်တဲ့ဆေးကုသခွင့်မပေး
ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ ပြောင်း ရွှေ့ခံထားရတဲ့ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားသော်လည်း လုံလောက်တဲ့ဆေးကုသခွင့်ကို ထောင်အာဏာပိုင်တွေကမပေးဘူးလို့သတင်းရရှိပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ဟာ ယခုအခါ ကျန်းမာရေးအခြေအနေ ဆိုးရွားကာ မကြာခဏ သတိလစ်မေ့မြောသွားလျက်ဖြစ်နေပါတယ်။
စစ်ကြောရေးတွင် အကြမ်းဖက်နှိပ်စက်မှုများကြောင့် ဦးနှောက်တွင် အကြိတ်တည်သည်ဟုသာ ယူဆရပြီး ကျန်းမာရေး စစ်ဆေးရန် မိသားစုမှ ဆေးကုသခွင့် လျှောက်ထားခဲ့သော်လည်း မရှိခဲ့ဘူးလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကဆိုထားပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ကို စက်တင်ဘာလ၁၄ရက် ၂၀၂၁ ခုနှစ်တွင် ဖမ်းခံရပြီး ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ထားတာဖြစ်ပါတယ်။
========================
📌📌 ၄။ "NUG အစိုးရကို အခွန်ဆောင်ရင်ပြန်လည်ထူထောင်ရေးကာလမှာ အခွန်ကင်းလွတ်ခွင့်ရရှိမယ်
"NUG အစိုးရကို အခွန်ဆောင်ရင်ပြန်လည်ထူထောင်ရေးကာလမှာ အခွန်ကင်းလွတ်ခွင့်ရရှိမယ်လို့နိုဝင်ဘာ၁၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်တွင်းအခွန်များဦးစီးဌာနက တရားဝင်အသိပေးကြေညာပါတယ်။
"NUG အစိုးရကို အခွန်ဆောင်ရင် ဘာတွေရမှာလဲဆိုရင်တော့ စစ်မှန်တဲ့ပြည်သူ့အစိုးရကို အခွန်ဆောင်ခြင်းဟာအဓိကအချက် - အကြမ်းဖက်အာဏာရူး နဲ့ အပေါင်းအပါများကိုဖြုတ်ချတဲ့နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခြင်းဖြစ်ပါတယ်။ "တရားမျှတလွတ်လပ်ခြင်း" ကိုရရှိဖို့ အခွန်ဆောင်တာလည်းဖြစ်ပါတယ်။နောက်တစ်ချက်က - ပေးဆောင်ထားတဲ့အခွန်ငွေပမာဏအလျောက် ပြန်လည်ထူထောင်ရေးကာလမှာ အခွန်ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အခွန်ပေးဆောင်ရမယ့် ပမာဏကို မကန့်သတ်ထားဘဲ အခွန်ထမ်းပြည်သူကသာ ကိုယ်တိုင်သတ်မှတ်ပြီးပေးဆောင်ရမှာဖြစ်ပါတယ်။ ပေးဆောင်ထားတဲ့ ပမာဏကို အမျိုးသားညီညွတ်ရေးအစိုးရက လုံခြုံသေချာစွာမှတ်တမ်းတင် ထိမ်းသိမ်းထားမှာဖြစ်ပါတယ်။
========================
📌📌 ၅။ ဝန်းသိုမြို့နယ် နမော်အုပ်စုဝါးဘိုးချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ တစ်ရွာလုံးမီးလောင်ဆုံးရှုံး
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမော်အုပ်စုဝါးဘိုးချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ တစ်ရွာလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းကို နိုဝင်ဘာ၁၃ရက် မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုများက ဖြစ်စဥ်ကိုအတည်ပြုဆိုပါတယ်။
"ဝန်းသိုမြို့နယ်နမော်အုပ်စု ဝါးဘိုးချောင်းကျေးရွာကိုမနေ့ညနေပိုင်းကစကစတပ်များမီးရှို့ခဲ့ပါတယ်။ခုမနက်သတင်းအရတရွာလုံးပြာကျသွားပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ တစ်နိုင်ငံလုံးရှိ မြို့နယ် အသီးသီး၊ ကျေးရွာအသီးသီးတို့ကို မီးရှို့ဖျက်ဆီးရာ လက်ရှိအချိန်အထိ မီးရှို့ခံရတဲ့နေအိမ်နဲ့အဆောက်အဦ ၃၆၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။
========================
📌📌 ၆။ မြောင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်များ မွှေနှောက်သောင်းကျန်း၍ ယနေ့မနက်ရွှေလှန်ကျေးရွာကို မီးရှို့ဖျက်ဆီး
နိုဝင်ဘာ ၁၃ ရက်နေ့မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေလှန်ကျေးရွာက လူနေအိမ်များကို စကစတပ်များကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြောင် ဒေါင်းစစ်သည်အဖွဲ့ကအတည်ပြုဆိုပါတယ်။ မြောင်နယ် မြစ်စုံကျေးရွာမှာမနေ့က မီးတင်ပြီး မနေ့ညကရွာကထွက်သွားပါတယ်။ဒီနေ့မနက်အစောပိုင်းမှာရွှေလှန်ကျေးရွာကိုရောက်ရှိသွားခါ ကျေးရွာနေပြည်သူ့အိမ်များကို မီးတင်နေပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်မြောင်နယ် ပရိမကျေးရွာမှာလည်း စကစတပ်များ တပ်စွဲထားဆဲဖြစ်ကာဆီမီးခုံရေနက်ဆိပ်ကမ်းက စကစတပ်များမှာလည်း မြစ်အနောက်ဘက်သို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို နိုင်ငံပေါင်း ၁၉ နိုင်ငံမှာပွဲစဥ်ပေါင်း ၄၇ ပွဲနဲ့ ဆက်လက်ပြသရန် ညှိနှိုင်းနေ
မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို နိုင်ငံပေါင်း ၁၉ နိုင်ငံမှာပွဲစဥ်ပေါင်း ၄၇ ပွဲနဲ့ဆက်လက်ပြသရန် ညှိနှိုင်းနေတယ်လို့ နိုဝင်ဘာ၁၃ရက်နေ့ မှာ မိုးခါးရေရုပ်ရှင်ပြသရေးကော်မတီကအတည်ပြုဆိုပါတယ်။
"တော်လှန်ရေးအပေါ် အခုအချိန်ထိစိတ်အား ထက်သန်မှုရှိနေသေးတဲ့ ကမ္ဘာတဝှမ်းမှ ပြည်သူများကြောင့်သာဒီလောက် အချိန်ကြာကြာ"မိုးခါးရေ" ဆက်လက်အောင်ပွဲ ခံနေနိုင်တာပါ။ ပြည်တွင်းမှ ကြည့်ရှုအားပေးချင်နေကြတဲ့ပြည်သူများ အတွက်လည်း အစီအစဉ် တွေ စီစဉ်နေပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။နိုင်ငံပေါင်း ၁၉ နိုင်ငံမှာပွဲစဥ်ပေါင်း ၄၇ ပွဲနဲ့ဆက်လက်ပြသရန် ညှိနှိုင်းနေသောပွဲစဥ်များ ရှိပါသေးတယ်"လို့ဆိုပါတယ်။
ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသော မသောက်မိသော မိုးခါးရေရုပ်ရှင်ဇာတ်လမ်းတိုဟာ CDM ဗိုလ်ကြီးတစ်ဦးကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်ပြီးတော့ သရုပ်ဆောင်မဟုတ်သော တော်လှန်ရေးနယ်မြေ မှရဲဘော်များပါဝင်သရုပ်ဆောင်ထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment