၂၀၂၂ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင် ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိအမျိုးသားညီညွတ်ရေးအစိုးရကကြိုးစားလုပ်ဆောင်ဖို့ဖြစ်တယ်လို့ ယာယီသမ္မတပြော
📌 ၂။ ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်ဘူးလို့ ကာကွယ်ရေးရဲဘော်များကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းသတင်းစကားပါး
📌 ၃။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာကာ ပိုင်ဆိုင်မှုများအားလုံးကိုသိမ်းမယ်လို့ NUG ကြေညာ
📌 ၄။ ဦးပိုင်နဲ့ MEC ကို အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာချက် ပထမခြေလှမ်း ဖြစ်ကာ Action Plan များ ဆက်လာမယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေး
📌 ၅။ စစ်အာဏာရှင်ကိုလည်း တိုက်ထုတ်သလို အနာဂတ်တိုင်းပြည်ကိုဦးဆောင်မယ့် မျိုးဆက်သစ် ကလေးသူငယ်များရဲ့ ပညာရေးအတွက်လည်း မေ့ထားလို့မဖြစ်ဘူးလို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌 ၆။ နီပေါနိုင်ငံကျောင်းသားများက သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းထုတ်ဖော်ပြသ
📌 ၇။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ အိမ် ရုပ်ရှင်ဇာတ်လမ်း မကြာခင် ပြသမယ်
📌 ၈။ ကျွန်းလှမြို့နယ် အင်တိုင်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး
📌 ၉။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုနေထိုင်သောကျေးရွာများအတွင်းသို့ လက်နက်ကြီးများနဲ့ပစ်ခတ်၍လူနေအိမ်များထိခိုက်ပျက်စီးကာ ပြည်သူများထိခိုက်ဒဏ်ရာရ
📌 ၁၀။ ပခုက္ကူမှ မြိုင်စက်မှု ၂ သို့ပြန်လာသောစကစတပ်ဖွဲ့ကားကို ရှေ့ထွက်မိုင်းရှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်၍ ထိခိုက်သေဆုံးမှုများရှိနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင် ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိအမျိုးသားညီညွတ်ရေးအစိုးရကကြိုးစားလုပ်ဆောင်ဖို့ဖြစ်တယ်လို့ ယာယီသမ္မတပြော
စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင် ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိအမျိုးသားညီညွတ်ရေးအစိုးရကကြိုးစားလုပ်ဆောင်ဖို့ဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၆ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၇၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ကပြောပါတယ်။
"စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင် ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်ဖို့ ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ်တပ်မတော်ဟာ ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ်လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံ နိုင်ပါဘူး။ ဒါကို အမြော်အမြင်ရှိရှိနဲ့ သေချာထည့်သွင်းစဉ်းစားထားကြရမှာဖြစ်တယ်။ အသွင်ကူး ပြောင်းရေး ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုစုပြဋ္ဌာန်းရေးလုပ်ငန်းစဉ်မှာ အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် ပရော်ဖက်ရှင်နယ်တပ်မတော်တစ်ခုဖြစ်ရေး လုပ်ငန်းစဉ်တွေကို ထည့်သွင်းချမှတ်ကြဖို့ တိုက်တွန်းပါ တယ်"လို့ ယာယီသမ္မတ ကဆိုပါတယ်။
ဒါ့အပြင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးလို့ ခေါ်တဲ့ security sector reform ကိစ္စတွေကိုလည်း အထူး တလည် ထည့်သွင်းလုပ်ဆောင်ရပါလိမ့်မယ် ” လို့ ယာယီသမ္မတကထပ်လောင်း ပြောကြားလိုက်ပါ တယ်။
========================
📌📌 ၂။ ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်ဘူးလို့ ကာကွယ်ရေးရဲဘော်များကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းသတင်းစကားပါး
ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်ဘူးလို့ ကာကွယ်ရေးရဲဘော်များကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကသတင်းစကားပါးလိုက်ပါတယ်။ ဒီဇင်ဘာလ (၆) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း မိမိတို့ရဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအားလုံး စစ်ဘက်ဆိုင်ရာဥပဒေတွေ စစ်ရေးညွှန်ကြားချက်တွေကို သေချာ လိုက်နာဆောင်ရွက်ဖို့ ကြပ်ကြပ်မတ်မတ်စီမံ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မဘက်တော်သား တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ ကျွန်တော်တို့ပန်းတိုင် ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ် လွန်းတဲ့အကြမ်းဖက်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် စစ်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင် နေကြတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်သလို တရား လက်လွတ်ပြုကျင့်သူတွေလည်း မဖြစ်ဖို့ အရေးကြီးပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
တမူးမြို့က ဒလန်လို့ယူဆရတဲ့ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းတွေပြုလုပ်ဖို့ ညွှန်ကြားထားကာပါဝင်ပတ်သက်ခဲ့တယ်ဆိုရင်လည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ သွားရမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၃။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာကာ ပိုင်ဆိုင်မှုများအားလုံးကိုသိမ်းမယ်လို့ NUG ကြေညာ
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာကာ ပိုင်ဆိုင်မှုများအားလုံးကိုသိမ်းမယ်လို့ NUG ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ (၆) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂ ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့သည် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီးအုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း စိစစ်တွေ့ရှိရတယ်လို့ဆိုပါတယ်။
အဆိုပါ ဘဏ္ဍာရန်ပုံငွေများသည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီးများ အတွက်သာ အကျိုးစီးပွါးဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည်များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်းကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများအရ သိရှိရတယ်လို့ဖော်ပြပါတယ်။ ထို့အပြင် ၎င်းအကျိုးအမြတ်များအား အသုံးပြု၍ အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ နိုင်ငံတဝှမ်းရှိ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာလိုက်ပြီးယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူအကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမယ်လို့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကကြေညာပါတယ်။
========================
📌📌 ၄။ ဦးပိုင်နဲ့ MEC ကို အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာချက် ပထမခြေလှမ်း ဖြစ်ကာ Action Plan များ ဆက်လာမယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေး
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာချက် ပထမခြေလှမ်း ဖြစ်ကာ Action Plan များ ဆက်လာမယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်အသိပေးဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၆ ရက် ညပိုင်းမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
"ဒီကြေညာချက်က ပထမခြေလှမ်း ဖြစ်ပါတယ်..။ နောက်ဆက်တွဲ Action Plan များ ဆက်လာပါ့မယ်"လို့ဝန်ကြီးကဆိုပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာချက်ကိုဒီဇင်ဘာလ (၆)ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂နဲ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထုတ်ပြန်ချက်အရမြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကိုအကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူအကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမယ်လို့အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကကြေညာပါတယ်။
========================
📌📌 ၅။ စစ်အာဏာရှင်ကိုလည်း တိုက်ထုတ်သလို အနာဂတ်တိုင်းပြည်ကိုဦးဆောင်မယ့် မျိုးဆက်သစ် ကလေးသူငယ်များရဲ့ ပညာရေးအတွက်လည်း မေ့ထားလို့မဖြစ်ဘူးလို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
စစ်အာဏာရှင်ကိုလည်း တိုက်ထုတ်သလို အနာဂတ်တိုင်းပြည်ကိုဦးဆောင်မယ့် မျိုးဆက်သစ် ကလေးသူငယ်များရဲ့ ပညာရေးအတွက်လည်း မေ့ထားလို့မဖြစ်ဘူးလို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ကဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၆ ရက်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကပြောပါတယ်။
"လက်ရှိအချိန် မင်းတပ်မြို့မှာ စစ်ဘေးရှောင် ကလေးငယ်ပေါင်း ၁၂၀၀၀ ကျော်ရှိပါတယ်။ ကျမတို့ဟာ စစ်အာဏာရှင်ကိုလည်း တိုက်ထုတ်သလို အနာဂတ်တိုင်းပြည်ကိုဦးဆောင်မယ့် မျိုးဆက်သစ် ကလေးသူငယ်များရဲ့ ပညာရေးအတွက်လည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒါ့ကြောင့် မင်းတပ်မှာရှိတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ဖို့ မင်းတပ် စစ်ဘေးရှောင် ကလေးငယ်များအတွက် ပြုလုပ်တဲ့ ဒီ campaign လေးမှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်"လို့ဆိုပါတယ်။
မင်းတပ်မြို့မှ စစ်ဘေးရှောင်ကလေး (၁၂၀၀၀) ရဲ့ ပညာသင်ကြားရေးအတွက် “ပြည်သူအားလုံးကူညီပေး ၊ မင်းတပ်စစ်ရှောင်ပညာရေး” Campaign ကို စတင်ခဲ့တာ ၃ ရက်မြောက်ကို ရောက်ရှိလာဖြစ်ကာ လက်ရှိအချိန်အထိ ကျောင်းသား အယောက် “၁၀၀၀” စာ ငွေပမာဏအားဖြင့် သိန်း “၂၀” ဝန်းကျင် လက်ခံရရှိထားပြီ ဖြစ်ပါတယ်။
========================
📌📌 ၆။ နီပေါနိုင်ငံကျောင်းသားများက သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းထုတ်ဖော်ပြသ
နီပေါနိုင်ငံကျောင်းသားများက သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာကျောင်းသားတွေနဲ့အတူ ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့ကြပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူတွေနဲ့အတူ နီပေါကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားများက ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့ကြတယ်လို့ ဒီဇင်ဘာ၆ရက်မှာ
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကအသိပေးဖော်ပြပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာ နီပေါကျောင်းသားသမဂ္ဂက ကျောင်းသားတွေဟာ မြန်မာစစ်အုပ်စုရဲ့ ကျောင်းသားတွေအပေါ်သေဒဏ်ချမှတ်ခဲ့မှုကို ဆန့်ကျင်ပြီး နီပေါနိုင်ငံ မြန်မာသံရုံး ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ နီပေါရဲတပ်ဖွဲ့ကနေပြီး ကျောင်းသားတွေကို ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးနှင့်ပြည်သူ (၁၂) ဦး စုစုပေါင်း (၁၉) ဦးကို အကြမ်းဖက် စစ်အုပ်စုမှ နိုဝင်ဘာလ (၃၀) ရက် ၂၀၂၂ ခုနှစ်တွင် သေဒဏ်ချမှတ်ခဲ့ပါတယ်။
========================
📌📌 ၇။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ အိမ် ရုပ်ရှင်ဇာတ်လမ်း မကြာခင် ပြသမယ်
ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ အိမ် ရုပ်ရှင်ဇာတ်လမ်း မကြာခင် ပြသမယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၆ ရက်မှာ ဒါရိုက်တာကိုပေါက်က အသိပေးဆိုထားပါတယ်။
"နောက် တစ်ကား၊နောက်ထပ် တစ်ကား၊နောက်ထပ် နောက်ထပ် တစ်ကား စသည်ဖြင့်…..ဆက်တိုက် ဆက်တိုက် မကြာမီ ထပ်လာမယ်"လို့ဆိုပါတယ်။ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုဟာ CDMဗိုလ်ကြီးတစ်ဦးကို အခြေခံ ရိုက်ကူးခဲ့ပြီး ရုံတင်ပြသရာမှာ နိုင်ငံတကာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။
========================
📌📌 ၈။ ကျွန်းလှမြို့နယ် အင်တိုင်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အင်တိုင်းရွာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းမှာ စကစတပ်များဟာ အင်တိုင်းရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာညနေပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကဆိုပါတယ်။
"ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် တန့်ဆည်နယ် ပုတီးရွာမှထွက်လာသော အကြမ်းဖက်စစ်ကောင်စစ်ကြောင်းအင်အား ၂၀၀ ခန့်သည် ကျွန်းလှမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး အင်တိုင်းရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ၎င်းစစ်ကြောင်းသည် မွန်းလွဲ ၃ နာရီတွင် အင်တိုင်းရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးနေကြောင်း မြေပြင်သတင်းများအရစုံစမ်းသိရှိရကာအပျက်အဆီးဆုံးရှုံးမှုများအား ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။
========================
📌📌 ၉။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုနေထိုင်သောကျေးရွာများအတွင်းသို့ လက်နက်ကြီးများနဲ့ပစ်ခတ်၍လူနေအိမ်များထိခိုက်ပျက်စီးကာ ပြည်သူများထိခိုက်ဒဏ်ရာရ
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ပြည်သူလူထုနေထိုင်သောကျေးရွာများအတွင်းသို့ လက်နက်ကြီးများနဲ့ပစ်ခတ်၍လူနေအိမ်များထိခိုက်ပျက်စီးကာ ပြည်သူများထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဇင်ဘာ (၆) ရက်မှာ ကေအဲန်ယူ−ဗဟိုကအသိပေးဖော်ပြပါတယ်။
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလားယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ် ဘော်ဒိုင်းကျေးရွာအတွင်းသို့ ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကော့ကရိတ်အခြေစိုက်အမြှောက်တပ်ရင်းမှ ၁၂၀မမ ဖြင့် (၄) လုံး ပစ်ခတ်ခဲ့ သောကြောင့် တီးဖားတု အသက် (၅၅) ၏ နေအိမ်ပျက်စီးပြီး မောင်အေးဇော် အသက် (၂၆) မှာ ဦးခေါင်းထိခိုက်ဒဏ်ရာ(စိုးရိမ်) ရရှိကာ နေအိမ်ပါပျက်စီးခဲ့တယ်လို့ဖော်ပြပါတယ်။
ဒီဇင်ဘာလ (၂) ရက်နေ့မှာ ကော့ကရိတ်အခြေစိုက် အမြှောက်တပ်ကုန်းမှလက်နက်ကြီး ၁၂၀မမ ဖြင့်ပစ်ခတ်ရာ ဘော်ဒိုင်းကျေးရွာအတွင်း (၂) လုံးကျရောက်ပေါက်ကွဲပြီး လူနေအိမ် (၈) လုံး၊ နွား (၄)ကောင်၊ စပါးခြွေလှေ့စက် နှင့် ကား တစ်စီးထိခိုက် ပျက်စီးခဲ့ပါတယ်။ ထိုသို့ပစ်ခတ်ခဲ့ပြီးနောက် ည (၁၂) နာရီ အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်းစီအမြှောက်တပ်မှ ၁၅၀မမ ဖြင့် ဖားကျ ကျေးရွာအတွင်း (၄) လုံး ပစ်ခတ်ခဲ့သောကြောင့် မန်းတင်လှိုင်၊ နန်းပါကော နေအိမ် များထိခိုက် ပျက်စီးပြီး တောင်ကြာအင်းတွင် (၄) ပစ်ခတ်ရာ ပဲဆီကုန်း ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ထိခိုက်မှုမရှိကြောင်းသိရပါတယ်။
ဒီဇင်ဘာ (၃) ရက် နေ့ မနက် (၉ :၅၅) အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် တောင်ကြာအင်းအုပ်စု ကျွန်းတော်ကျေးရွာတွင် နွားမ (၁) ကောင် ပွဲချင်းပြီးသေဆုံးပြီး နွားထီး (၂) ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အိမ် (၂) လုံးမှာ ကျည်စ ထိမှန်မှုကြောင့် ခေါင်မိုးခေါင်းရင်းနံရံများ ပျက်ဆီးသွားခဲ့ပါတယ်။
========================
📌📌 ၁၀။ ပခုက္ကူမှ မြိုင်စက်မှု ၂ သို့ပြန်လာသောစကစတပ်ဖွဲ့ကားကို ရှေ့ထွက်မိုင်းရှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်၍ ထိခိုက်သေဆုံးမှုများရှိနိုင်
ပခုက္ကူမှ မြိုင်စက်မှု ၂ သို့ပြန်လာသောစကစတပ်ဖွဲ့ကားကို ရှေ့ထွက်မိုင်းရှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်၍ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၆ ရက် Myaing Garuda People Defense Forceက အသိပေးဆိုပါတယ်။
"ဒီဇင်ဘာ၆ရက် မနက် (၀၉:၁၂)အချိန်တွင် ပခုက္ကူမှ မြိုင်စက်မှု ၂ သို့ပြန်လာသော ခွေးကားအား တွင်းမပျူစခန်းနှင့် သရက်ကန်ပျူစခန်းကြား၌ ရှေ့ထွက်မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစတပ်များ ပြင်းထန်စွာ ထိခိုက်သေဆုံးနိုင်ပါတယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးကို ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပကဖ တပ်ရင်း ၁-တပ်ခွဲ၂) ၊ မြိုင် ပကဖ တပ်ရင်း ၁-တပ်ခွဲ ၁ ၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့ ၊မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့ (M.R.D.F) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment