၂၀၂၂ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အာဏာသိမ်းမှုတွေနဲ့ စစ်အုပ်ချုပ်ရေးကာလ အများအပြားကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ယခုတစ်ကြိမ်မှာတော့ လုံးဝလက်မခံဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌 ၂။ စိုးမိုးနယ်မြေ အုပ်ချုပ်ရေးအခြေအနေများအား မြို့နယ်အလိုက် စနစ်တကျပြုစုထားရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
📌 ၃။ လူထုကိုအကြောက်တရားနဲ့ ရက်ရက်စက်စက် အကြမ်းဖက်လာပြီး စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းရှိ ပြည်သူလူထုအများဆုံးခံစားနေရတယ်လို့ဆို
📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း သင်တန်းဆင်းပွဲ အလုပ်သမားဒုဝန်ကြီး တက်ရောက် အမှာစကားပြောကြား
📌 ၅။ မြန်မာမှာ အမေရိကန်သံအမတ်မထားတော့ရန်ဆုံးဖြတ်
📌 ၆။ ဆွစ်ဇာလန်က စစ်အုပ်စုကို ဖွံ့ဖြိုးရေးဆိုင်ရာထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှုအား ပယ်ဖျက်လိုက်ခြင်းအပေါ် Justice For Myanmar ကကြိုဆို
📌 ၇။ အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အာဏာသိမ်းမှုတွေနဲ့ စစ်အုပ်ချုပ်ရေးကာလ အများအပြားကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ ယခုတစ်ကြိမ်မှာတော့ လုံးဝလက်မခံဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က “Federal democracy, not military rule, is Myanmar’s future” ခေါင်းစဥ်ဖြင့် ဂျာကာတာပိုစ့်လ် (Jakarta Post) တွင် ရေးသားဖော်ပြထားသော ဆောင်းပါးမှာ အခုလိုဆိုထားပါတယ်။
"ကျွန်တော်တို့နိုင်ငံဟာ အာဏာသိမ်းမှုတွေနဲ့ စစ်အုပ်ချုပ်ရေးကာလ အများအပြားကို ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဒီတစ်ခါတော့ လူတွေက “မဟုတ်ဘူး” တဲ့။ စစ်ကောင်စီကို ပြည်တွင်းမှာ လက်မခံသလို နိုင်ငံတကာကလည်း အသိအမှတ်မပြုပါဘူး။ ရင်သပ်ရှုမောဖွယ်ရာ သန္နိဋ္ဌာန်နှင့် ထူးကဲသော အနစ်နာခံမှုများဖြင့် ပြည်သူများကို မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက အာဏာသိမ်းပြီး ၂၁ လအတွင်း စုစည်းချုပ်ကိုင်မှုမှ တားဆီးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၂။ စိုးမိုးနယ်မြေ အုပ်ချုပ်ရေးအခြေအနေများအား မြို့နယ်အလိုက် စနစ်တကျပြုစုထားရန် ပြည်ထောင်စုဝန်ကြီးချုပ်မှာကြား
ဒီဇင်ဘာ ၈ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ စိုးမိုးမိုးနယ်မြေ အုပ်ချုပ်ရေးအခြေအနေများအား မြို့နယ်အလိုက် စနစ်တကျပြုစုထားရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက မှာကြားလိုက်ပါတယ်။
"စိုးမိုးနယ်မြေများ အုပ်ချုပ်ရေးအခြေအနေ များအား မြို့နယ်အလိုက် စနစ်တကျပြုစုထားရန်လိုအပ်ကြောင်း၊ မြေပြင်မှာ ဖွဲ့စည်းထားသည့် မြို့နယ်ပအဖများ၏ လုပ်ငန်းဆောင်ရွက်နိုင်မှုကို သေချာစွာလေ့လာသုံးသပ်ကြရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုဖော်ဆောင်ရာတွင် နယ်မြေစိုးမိုးမှုသည် ပထမအဆင့် အရေးကြီးကြောင်း၊ စိုးမိုးနယ်မြေများ တည်ငြိမ်အေးချမ်းရေးသည် ဒုတိယအဆင့်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်မှသာ အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
လက်ရှိမှာ ကသုံးလုံးစီမံချက်အနေနဲ့ ကသာ၊ကောလင်း၊ကန့်ဘလူမြို့နယ်များမှာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနဲ့ ပြည်သူ့ဝန်ဆောင်မှုများကိုအကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၃။ လူထုကိုအကြောက်တရားနဲ့ ရက်ရက်စက်စက် အကြမ်းဖက်လာပြီး စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းရှိ ပြည်သူလူထုအများဆုံးခံစားနေရတယ်လို့ဆို
အကြမ်းဖက်စစ်အုပ်စုက လူထုကိုအကြောက်တရားနဲ့ ရက်ရက်စက်စက် အကြမ်းဖက်လာပြီး စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းရှိ ပြည်သူလူထုအများဆုံးခံစားနေရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ၉ရက်မှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကRadio NUGကိုအခုလိုပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်တပ်ဟာ လူထုကိုအကြမ်းဖက်ဖို့ ပိုပြီး ပြင်းပြင်းထန်ထန်လုပ်လာနေတာ တွေ့ရတယ် သူတို့ဟာ သူတို့အာဏာ စည်းစိမ်းဥစ္စာတွေ ဆုံးရှုံးမှာ ကြောက်လန့်ပြီးတော့ အကြောက်တရားနဲ့ လူထုကို ပိုမိုရက်စက်အကြမ်းဖက်လာတာ သတိထားမိပါတယ် အထူးသဖြင့် စစ်ကိုင်းနှင့်မကွေးဒေသတွေမှာ ပြည်သူနေအိမ်တွေကို နေ့စဥ်နှင့်အမျှ မီးရှို့ဖျက်ဆီးပြီး လူတွေ နေစရာမရှိ ထွက်ပြေးအောင်လုပ်နေတယ်။ စာရင်းတွေအရဆိုရင် အိမ်ပေါင်းသုံးသောင်းနှင့်ရှစ်ထောင်ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပြီဖြစ်တယ်လို့ ISP ကနေပြီးတော့ထုတ်ပြန်ထားတာရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ အများဆုံး မီးရှို့ဖျက်ဆီးခံရတယ်။ ဒုတိယကမကွေးတိုင်း တတိယက ချင်းပြည်နယ်ဆိုပြီး တွေ့ရတယ်။ မြန်မာနိုင်ငံမှာ မီးရှို့ဖျက်ဆီးမခံရတဲ့ ပြည်နယ်တိုင်းရယ်လို့ မရှိပါဘူး။ အနည်းနှင့်အများ ခံရတယ်။ ရခိုင်မှာလည်း ဟိုတလောက တိုက်ပွဲတွေပြန်ဖြစ်ပြီးတော့ မီးရှို့ဖျက်ဆီးတာကြုံရတယ်။ ဒါကတော့ အာဏာရှင်တွေ လုပ်နေကျအရာတွေပါပဲ။ ကမ္ဘာ့ သမိုင်းမှာပဲကြည့်ကြည့်အခုမြန်မာမှာ ဖြစ်နေတာပဲကြည့်ကြည့် အာဏာရှင်တွေက အဲ့လိုလုပ်တယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အဲ့လိုလုပ်လေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုပြင်းထန်လာပြီး အာဏာရှင်တွေက မကြာခင်ကျဆုံးသွားရတယ်ဆိုတာလည်း ကမ္ဘာ့ သမိုင်းမှာ တွေ့ကြပါမယ်။
ကျွန်တော်တို့ နည်းပေါင်းစုံနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့အရာတွေ ရရှိအောင် ကြိုးစားနေတယ်။ လေကြောင်းရန်တို့ လက်နက်ကြီးရန်တို့ကနေ ကာကွယ်ဖို့အတွက် စစ်ရေးအရရော၊ နောက်ပြီးတော့ ပြည်သူကိုအတတ်နိုင်ဆုံးပြန်လည်ထူထောင်ဖို့အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးဖို့ဆောင်ရွက်နေတယ်။ တော်လှန်ရေးအောင်တဲ့အခါ ဒီဒုက္ခတွေဟာ ကင်းဝေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးအောင်မြင်ရေးအတွက် မဟာဗျူဟာ ချပြီးတော့လည်း ကြိုးစားဆောင်ရွက်လျက်ရှိတယ်ဆိုတာ ပြောကြားချင်ပါတယ်" လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုအများဆုံးဖြစ်ပြီးတော့ တစ်နိုင်ငံလုံးမှာ ပြည်သူ့နေအိမ်နဲ့ အဆောက်အဦပေါင်း လေးသောင်းနီးပါးမီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း သင်တန်းဆင်းပွဲ အလုပ်သမားဒုဝန်ကြီး တက်ရောက် အမှာစကားပြောကြား
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း သင်တန်းဆင်းပွဲ အလုပ်သမားဒုဝန်ကြီးဦးကျော်နီ တက်ရောက် အမှာစကားပြောကြားခဲ့တယ်လို့ ဒီဇင်ဘာ၉ရက်နေ့မှာ ဒုဝန်ကြီး ကအသိပေးဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်း သင်တန်းဆင်းပွဲကိုဒီဇင်ဘာ ၈ရက်နေ့ နံနက်တွင်ကရင်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်စခန်းတခုတွင် ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီတက်ရောက်ပြီး သင်တန်းဆင်းရဲဘော်များအား အားပေးစကားပြောကြားခဲ့တယ်လို့ဆိုထားပါတယ်။ ကျားဖြူစစ်ကြောင်းဟာ စစ်အာဏာရှင် စနစ်ကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။
========================
📌📌 ၅။ မြန်မာမှာ အမေရိကန်သံအမတ်မထားတော့ရန်ဆုံးဖြတ်
မြန်မာမှာ အမေရိကန်သံအမတ်မထားတော့ရန်ဆုံးဖြတ်လိုက်ကြောင်းနဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချသွားမယ်လို့ Nikkei Asia က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးကို ကိုးကားပြီး ဖော်ပြပါတယ်။
လက်ရှိ အမေရိကန်သံအမတ် Thomas Vajda ဒီလနှောင်းပိုင်းမှာ နေရပ်ပြန်မှာဖြစ်ပြီး သူ့နေရာဆက်ခံ သူကို မစေလွှတ်ဖို့ ဝါရှင်တန်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ သံအမတ်ကြီး Thomas Vajda နေရပ်ပြန်ချိန်မှာ ရန်ကုန်မြို့ရှိ အမေရိကန်မစ်ရှင် ဒုတိယအကြီးအကဲ Deborah Lynn က သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်မယ်လို့သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုကြောင့် အမေရိကန်က မြန်မာနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ ချခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၆။ ဆွစ်ဇာလန်က စစ်အုပ်စုကို ဖွံ့ဖြိုးရေးဆိုင်ရာထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားမှုအား ပယ်ဖျက်လိုက်ခြင်းအပေါ် Justice For Myanmar ကကြိုဆို
ဒီဇင်ဘာ ၉ ရက်နေ့မှာ Justice For Myanmar ကအခုလို အသိပေးထုတ်ပြန်ပါတယ်။ "ထိရောက်သော ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ တရားမဝင် မြန်မာစစ်အုပ်စုကို ဖိတ်ကြားထားတာပယ်ဖျက်လိုက်တဲ့ ဆွစ်ဇာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို Justice For Myanmar က ကြိုဆိုပါတယ်"ဆိုထားပါတယ်။
ဒါ့အပြင်ဆွစ်ဇာလန်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပံ့ပိုးသင့်ပြီး“ထိရောက်သောဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အမှန်တကယ် ရပ်တည်နိုင်ဖို့ အဆိုပါထိပ်သီးအစည်းအဝေးအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖိတ်ကြားသင့်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အရေးတကြီး ဦးစားပေးအနေနဲ့ အသိအမှတ်ပြုပြီး ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှား
ဒီဇင်ဘာ ၈ ရက်မှာ အမေရိကန်ရောက် ပြည်ထောင်စုဖွား များက စုပေါင်းကာ အမေရိကန်နိုင်ငံရှိ မြန်မာသံရုံးရှေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားဆန္ဒပြခဲ့တယ်လို့ နွေဦးအောင်နိုင်ရေးက ဖော်ပြအသိပေးပါတယ်။
အဆိုပါ ဆန္ဒပြပွဲမှာ ပြည်ထောင်စုဖွား များက အမေရိကန်အစိုးရအနေနဲ့ စစ်အာဏာရှင် စနစ်ကို ထောက်ထံတော့မှာမဟုတ်ဘဲ အရေးယူတော့မှာဖြစ်ကြောင်းနဲ့ မြန်မာ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်များအပေါ် ကန့်ကွက် ရှုတ်ချကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ ၄င်း အမေရိကန်ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးနဲ့ စစ်သံရုံးကို မြန်မာအများစုက မကြာခဏဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment