၂၀၂၃ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြို ပစ်ရမယ့်အချိန်ရောက်ပြီလို့ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး
📌 ၂။ NUG ရဲ့ ရည်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
📌 ၃။ ထိုင်းနိုင်ငံ၊ Diamond Food စက်ရုံမှာ MOU အလုပ်သမားများ အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
📌 ၄။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် အရပ်သားသံရုံးရှေ့တို့တွင်အကြမ်းဖက်စစ်တပ် အာဏာသိမ်းနှစ်နှစ်ပြည့်ဆန္ဒပြ ချီတက်
📌 ၅။ ချောင်းကြားရွာအား အကြမ်းဖက်စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး
📌 ၆။ ဂန့်ဂေါမြို့နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ (၂၅၀) ဦး စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အဝတ်အထည်များလိုအပ်
📌 ၇။ ဒီပဲယင်းမြို့နယ်ထဲအထိ ကာကွယ်ရေးတပ်များဝင်ရောက်ပစ်ခတ်၍ စကစတပ်ဖွဲ့ဝင်သုံးဦးနဲ့ သတင်းပေးတစ်ဦး ကျည်ထိမှန်သေဆုံး
📌 ၈။ နဘူးအိုင်မှ ထွက်ခွာလာသော စကစတပ်များလိုက်ပါလာတဲ့ ပါကျဲရိုးအဖြူရောင် ကားတစ်စီး မိုင်းထိ
📌 ၉။ မြန်မာနိူင်ငံမှာ နှစ်စဥ်အနာကြီး ရောဂါပိုးတွေ့ လူနာသစ် ၂၀၀၀ မှ ၃၀၀၀ ကြား တွေ့ရှိနေရဆဲဖြစ်
📌 ၁၀။ နွေဦးအောင်လံ Drone Campaign ဖေဖော်ဝါရီ ၅ ရက်နေ့ နောက်ဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြို ပစ်ရမယ့်အချိန်ရောက်ပြီလို့ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး
ဇန်နဝါရီလ (၂၉)ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ တိုင်းရင်းသား ပြည်သူလူထံများထံသို့ အခုလို သတင်းစကား ပါးလိုက်ပါတယ်။
"၂၀၂၃ ခုနှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့်အချိန်ရောက်ပြီလို့ ယုံကြည်ပါတယ်။ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲတွေအောင်မြင်ဖို့ အရေးကြီးသလို တော်လှန်ရေးကြီးအောင်မြင်ဖို့လည်းလိုပါတယ်" လို့ ယာယီသမ္မတက ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပြီး လက်ရှိမှာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ NUG ရဲ့ ရည်မှန်းချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရန် ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား
ဇန်နဝါရီ ၂၉ ရက်က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ဆိုပါတယ်။
"တော်လှန်ရေးသည် အရှိန်မြှင့်လာသည့်အတွက် သတိကောင်းစွာထား၍ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်မဟာဗျူဟာကို စီမံချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနများမှလည်း ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် တော်လှန်ရေးတစ်ခုလုံး၏ ရည်မှန်းချက်နှင့် တူညီမှုရှိကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရန် ဖြစ်ကြောင်း၊ အစည်းအဝေး၌ အားလုံးရဲ့အခွင့်အရေးကို ညီညီမျှမျှဖြင့် ပြောဆိုဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်းနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်" ဆိုပါတယ်။
အဲ့ဒီနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဌာန၏လမ်းညွှန်ချက်၊ မူဝါဒ၊ လုပ်ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အလားတူ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် NGO, CSO ရေးရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာမှာလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အခုလို အမှာစကားပြောကြားခဲ့ပါသေးတယ်။
"NGO, CSO ရေးရာကိစ္စရပ်များသည် အရေးကြီးသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ မတရား စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှုများရှိနေပြီး စစ်ဘေးရှောင်များ ရှိနေဆဲဖြစ်ကာ အချို့နေရာများတွင် လိုအပ်ချက်တွေ များပြားလျက်ရှိကြောင်း၊ ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ရန်အတွက် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သကဲ့သို့ အခြားသော မိတ်ဖက် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများလည်းရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်နှစ်မဟာဗျူဟာ၌ တော်လှန်ရေးဆောင်ရွက်ရာတွင် အရပ်သားထိခိုက်မှုလျော့နည်းရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ အရံရိက္ခာဖူလုံရေးများကို အရေးကြီးသည့်ခေါင်းစဉ်ကနေဆောင်ရွက်နေကြောင်း" ဝန်ကြီးက ဆိုခဲ့ပါတယ်။
အဲ့ဒီနောက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အမြဲတမ်းအတွင်းဝန်များမှ NGO, CSO ရေးရာကိစ္စများနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအပေါ် ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲကိုတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံ၊ Diamond Food စက်ရုံမှာ MOU အလုပ်သမားများ အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
ထိုင်းနိုင်ငံ၊ Diamond Food စက်ရုံမှာ MOU အလုပ်သမားများ အလုပ်ပြန်လည်လုပ်ကိုင်ခွင့်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ NUG အစိုးရ အလုပ်သမားဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ဖော်ပြပါတယ်။
"နန်းထိုက်နန်း ကုမ္ပဏီမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ Diamond Food စက်ရုံသို့ စေလွှတ်ခဲ့သည့် အလုပ်သမား ၂၁ ဦးကို အလုပ်လုပ်ခွင့်မပေးပဲ အဆောင်တစ်ခုတွင် တစ်လကြာ ထားထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ တိုင်ကြားလာခဲ့တယ်" လို့ ဆိုပါတယ်။
အဆိုပါဖြစ်ရပ်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးရုံးခွဲ (ဘန်ကောက်) တာဝန်ခံမှ အလုပ်သမား ၂၁ ယောက်ကို ဆဝါဒီကန်ရုံးသို့ခေါ်ဆောင်ပြီး အလုပ်ရှင်နှင့်ညှိနှိုင်းပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ညှိနှိုင်းချက်အရ အလုပ်ရှင်မှ အလုပ်သမား ၂၁ ဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တစ်ဦးလျှင် ဘတ် ၂,၀၀၀ နှုန်းဖြင့် အလုပ်ပြန်ဝင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် အရပ်သားသံရုံးရှေ့တို့တွင်အကြမ်းဖက်စစ်တပ် အာဏာသိမ်းနှစ်နှစ်ပြည့်ဆန္ဒပြ ချီတက်
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် အရပ်သားသံရုံးရှေ့တို့တွင်အကြမ်းဖက်စစ်တပ် အာဏာသိမ်းနှစ်နှစ်ပြည့် ဆန္ဒပြ ချီတက်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) က ဇန်နဝါရီ ၂၉ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
"ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်သံရုံးနှင့် အရပ်သားသံရုံးရှေ့တို့တွင် ကိုရီးယားရောက် မြန်မာများ၊ ကိုရီးယားများ အင်အား( ၅၀၀) ကျော် ပါဝင်သော ဆန္ဒပြ ချီတက်ပွဲကို ပြုလုပ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။
“စစ်ခွေးနိဂုံး ၂၀၂၃” ဟု အမည်တပ်ပေးထားသည့် အကြမ်းဖက်စစ်တပ် အာဏာသိမ်းနှစ်နှစ်ပြည့် တော်လှန်ဆန္ဒပြ ချီတက်ပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က စီစဉ်၍ မြန်မာအဖွဲ့အစည်း (၁၂) ဖွဲ့နှင့် ကိုရီးယားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ မွန်းတည့် ၁၂ နာရီတွင် စစ်သံရုံးရှေ့၌ ဆန္ဒပြပွဲကို စတင်ပြီး၊ ၁း၀၀ နာရီတွင် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီးမြန်မာသံရုံးရှေ့သို့ စုပေါင်း ချီတက်ကြကာ သံရုံးရှေ့တွင် ဆန္ဒပြကြခဲ့တယ်လို့ ဆိုပါတယ်။
ဆန္ဒပြသူများက အာဏာသိမ်း စစ်အုပ်စု ကျဆုံးသည်အထိ မဆုတ်မနစ် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း၊ ကိုရီးယားနိုင်ငံတွင် အကြမ်းဖက်စစ်သံရုံး တည်ရှိနေခြင်း လုံးဝလက်မခံဘဲ မောင်းထုတ်သွားမည် ဖြစ်ကြောင်း၊ NUG, CRPH, PDF တို့ကို အပြည့်အဝ ထောက်ခံ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကိုရီးယား မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၅။ ချောင်းကြားရွာအား အကြမ်းဖက်စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများက ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာအား အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း - ၃၆၈ နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်က ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ဇန်နဝါရီ ၂၉ ရက်မှာ အသိပေးဆိုပါတယ်။
၎င်းအကြမ်းဖက်စစ်ကြောင်းမှာ ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချ တပ်စွဲထားရာမှ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီကျော်ကလည်း ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာ မြောက်ဘက်သို့ စစ်ကြောင်းထိုးပြီးနောက် ညနေ ၅ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ချောင်းကြားရွာအား လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ညအိပ်တပ်စွဲခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ရွာအား ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အိမ်ခြေ ၁၁၈ လုံးရှိ ချောင်းကြားရွာဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါသေးတယ်။
========================
📌📌 ၆။ ဂန့်ဂေါမြို့နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ (၂၅၀) ဦး စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အဝတ်အထည်များလိုအပ်
မကွေးတိုင်း ဂန့်ဂေါမြို့နယ်တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ(၂၅၀)ဦး စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အဝတ်အထည်များလိုအပ်နေတယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ PDF - GANGAW တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"အမည်မဖော်လိုသူ အလှူရှင်မှ ပေးလှူလိုက်သော အဝတ်အထည်များအား ကျနော်တို့ PDF-GANGAW တောင်ပိုင်းရဲဘော်များမှ တစ်ဆင့် စစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဂန့်ဂေါမြို့နယ်တောင်ပိုင်းတွင် ယခုချိန်ထိ စစ်ဘေးရှောင်ပြည်သူ (၂၅၀) ဦးခန့်ရှိနေပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် အဝတ်အထည်များလိုအပ်လျှက်ရှိပါတယ်" လို့ ဆိုပါတယ်။ စကစတပ်များဟာ မကွေးတိုင်းကို နယ်မြေစိုးမိုးရေးနဲ့ ထိန်းချုပ်မှုရရှိရေး စစ်ကြောင်းထိုးတိုက်ခိုက်မှုများရှိနေပြီး အရပ်သားနေအိမ်များကိုမီးရှို့ဖျက်ဆီးမှုတို့ရှိနေပါတယ်။
========================
📌📌 ၇။ ဒီပဲယင်းမြို့နယ်ထဲအထိ ကာကွယ်ရေးတပ်များဝင်ရောက်ပစ်ခတ်၍ စကစတပ်ဖွဲ့ဝင်သုံးဦးနဲ့ သတင်းပေးတစ်ဦး ကျည်ထိမှန်သေဆုံး
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲအထိ ကာကွယ်ရေးတပ်များဝင်ရောက်ပစ်ခတ်၍ စကစတပ်ဖွဲ့ဝင်သုံးဦးနဲ့ သတင်းပေးတစ်ဦးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ Depeyin Local Mobile Team အဖွဲ့က ဇန်နဝါရီ ၂၉ ရက်မှာ စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။
"ဇန်နဝါရီ ၂၉ ရက် ဒီပဲယင်း တပ်ပေါင်းစုအနေဖြင့် ဖွဲ့စည်း လှုပ်ရှားနေသော Local Mobile Team အဖွဲ့ဟာ ဒီပဲယင်းမြို့တွင်းအထိ ဝင်ရောက်စစ်ဆင်ရေး ပြုလုပ်ခဲ့ကြပါတယ်။ အောင်မြင်မှူတစ်ရပ်ကို ရလဒ်အဖြေထွက်ခဲ့ပါတယ်။မျက်မြင် စကစတပ်ဘက်က ၃ ဦးကိုအလဲပစ်နိုင်ခဲ့ပြီး ဒဏ်ရာရသူများ ပါရှိပါတယ်" လို့ ဆိုပါတယ်။ ၄င်းဒဏ်ရာရ စကစတပ်များအား ဝန်ထမ်းအိမ်ယာတွင် ကုသမှုပြုလုပ်နေတယ်လို့ဆိုပြီးတော့ စကစတပ်က ၃ ဦးကျဆုံးအပြင် သတင်းပေး ဒလံ တစ်ဦးလည်း သေဆုံးသွားကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၈။ နဘူးအိုင်မှ ထွက်ခွာလာသော စကစတပ်များလိုက်ပါလာတဲ့ ပါကျဲရိုးအဖြူရောင် ကားတစ်စီး မိုင်းထိ
မြင်းခြံမြို့နယ် နဘူးအိုင်မှ ထွက်ခွာလာသော စကစတပ်များလိုက်ပါလာတဲ့ ပါကျဲရိုးအဖြူရောင် ကားတစ်စီး မိုင်းထိခဲ့တယ်လို့ ဇန်နဝါရီ ၂၉ ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံက သိရပါတယ်။
ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်း၂း၂၀ ခန့်တွင် နဘူးအိုင်မှထွက်ခွာလာသော ပါကျဲရိုးအဖြူရောင် ကားတစ်စီးသည် (စကစတပ်) များ တင်ဆောင်လာသည်ကို သတင်းအရ စောင့်ကြို၍ နဘူးအိုင် - မြင်းခြံလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ (စကစတပ်)များဘက်မှ ထိခိုက်မှုများရှိနိုင်တယ်" လို့ ဆိုပါတယ်။ စစ်ဆင်ရေးကို ရွှေခြံသားပြောက်ကျားတပ်မှ ဆောင်ရွက်ပြီး အသေအပျောက်စာရင်းကို စုံစမ်းပြီး ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၉။ မြန်မာနိူင်ငံမှာ နှစ်စဥ်အနာကြီး ရောဂါပိုးတွေ့ လူနာသစ် ၂၀၀၀ မှ ၃၀၀၀ ကြား တွေ့ရှိနေရဆဲဖြစ်
မြန်မာနိူင်ငံမှာ နှစ်စဥ်အနာကြီး ရောဂါပိုးတွေ့ လူနာသစ် ၂၀၀၀ မှ ၃၀၀၀ ကြား တွေ့ရှိနေရဆဲ ဖြစ်တယ်လို့ ဇန်နဝါရီ ၂၉ ရက် အနာကြီးရောဂါ တိုက်ဖျက်ရေး နေ့မှာ နော်ဝေသံရုံး (ရန်ကုန်) က ထုတ်ပြန်ဖော်ပြပါတယ်။
"မြန်မာနိုင်ငံတွင် အနာကြီးရောဂါကို ၂၀၀၃ ခုနှစ်မှ စတင်ပြီး ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ပပျောက်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း နှစ်စဥ် ပိုးတွေ့ လူနာသစ် ၂၀၀၀ မှ ၃၀၀၀ ကြား တွေ့ရှိနေရဆဲ ဖြစ်တယ်" လို့ ဆိုပါတယ်။ ကမ္ဘာ့အနာကြီးရောဂါတိုက်ဖျက်ရေးနေ့ဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ခိုင်မာရေးနှင့် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို လက်လှမ်းမီရေးသည် အရေးကြီးကြောင်း သတိပေးခြင်းပင် ဖြစ်ပါတယ်။
========================
📌📌 ၁၀။ နွေဦးအောင်လံ Drone Campaign ဖေဖော်ဝါရီ ၅ ရက်နေ့ နောက်ဆုံး
နွေဦးအောင်လံ Drone Campaign ဖေဖော်ဝါရီ၅ရက်နေ့ နောက်ဆုံးဖြစ်၍ ဝိုင်းဝန်ထောက်ပို့ကြရန် ဇန်နဝါရီ နောက်ဆုံးပတ်မှာ နွေဦးအောင်လံက အသိပေးဆိုပါတယ်။
"နွေဦးအောင်လံ Drone Campaign မှာ Federal Wings ရဲ့ Drone Character လေးတွေ အလိုက် ကူကြ လှူကြ ဝုန်းကြဖို့ပါ။ Feb ၅ ရက်နေ့ နောက်ဆုံးမို့ မပါလိုက်ရ မရှိရအောင် wings Fundraisers တွေဆီ မြန်မြန်လေး သွားဝုန်းကြလို့ရပါပြီ" လို့ ဆိုထားပါတယ်။
နွေဦးအောင်လံ 'Campaign' ရဲ့ အထူးအစီအစဥ်အနေနဲ့ $၁ဒေါ်လာဖိုးကို ပွိုင့်တခုအဖြစ် သတ်မှတ်ပီး $ ၅၀ ဖိုး ပွိုင့် ၅၀ နဲ့အထက် ဝယ်ယူလှူဒါန်းသူတိုင်းကို ကံစမ်းမဲ တစောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။ ကံစမ်းမဲရဲ့ အထူးဆု အနေနဲ့ 'အမေစု' ကိုယ်တိုင် နိုဗယ်ဆုသွားယူတဲ့ ဥရောပခရီးစဥ်မှာ တောက်လျှောက်စီးခဲ့တဲ့ လေဒီရှူးလေးကို 'နွေဦးအောင်လံ' Campaign ရဲ့သတ်မှတ်ထားတဲ့ရက် တရက်မှာ မဲဖောက်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကံစမ်းမဲ အစီအစဉ်ကတော့ ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲလည်ဆွဲ ၊ ဒုတိယဆု သိန်း၂၀ ခန့် တန်ကြေးရှိ ၁ ကျပ်သား ရွှေဆွဲကြိုး၊ တတိယဆု ၁၅ သိန်းတန် မြလော့ကတ် ၊စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲလက်စွပ် အစရှိတဲ့ ရတနာပစ္စည်းမျိုးစုံ မဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment