၂၀၂၃ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ယာယီသမ္မတပြောကြား
📌 ၂။ ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေအမြန်ဆုံးပြီးဆုံးနိုင်ဖို့ ပိုမိုကြိုးပမ်းပေးကြရန် NUG အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်နာယက တိုက်တွန်း
📌 ၃။ ပြည်ပရောက် မြန်မာနိုင်ငံသားများမှ မွေးဖွားသည့် သား၊သမီးများအား မွေးစာရင်းထုတ်ပေးနိုင်ရေး အသေးစိတ်ဆွေးနွေး
📌 ၄။ အာဏာရှင်အဆုံးသတ်နိဂုံးကိုမျက်ခြေမပြတ်၊ အတူလက်တွဲ၍ စွမ်းသမျှကြိုးကုတ်အရောက်လှမ်းသွားမယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
📌 ၅။ ကရင့်အမျိုးသားများ၏ နိုင်ငံရေးကို စတင်ဦးဆောင်သည့်အချိန်မှစပြီး ယနေ့ထက်ထိတိုင် အညံ့ခံခဲ့သည်ဟူ၍ အလျဥ်းမရှိခဲ့ဘူးလို့ KNU ဥက္ကဌ ပြော
📌 ၆။ ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေ ၁.၅ သန်းကျော်ဟာ နေအိမ်များစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Unicef Myanmar ဖော်ပြ
📌 ၇။ Federal Wings ရဲ့ နွေဦးအောင်လံ Project ရည်မှန်းချက် မပြည့်မီသေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ယာယီသမ္မတပြောကြား
ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၀ ရွေးကောက်ပွဲရဲ့ တရားဝင်မှုကို ပယ်ဖျက်ပြီး အစားထိုးဖို့အတွက် တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပဖို့ အသည်းအသန် လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူလူထု ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်ကောင်စီရဲ့အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရမှာ ဖြစ်ပါတယ်" လို့ ယာယီသမ္မတက ဆိုပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို တရားမဝင်ကြောင်း လူထုအနေနဲ့ ပူးပေါင်းပါဝင်ခြင်းမပြုရန်နဲ့ ဒုတိယ နည်းလမ်းမှာ စိုးမိုးထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုရန်၊ တတိယနည်းလမ်းအနေနဲ့ CRPHမှ နိုင်ငံတကာလွှတ်တော်များသို့ ရှင်းလင်းအသိပေးပြောကြားရန်တို့ ယာယီသမ္မတကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေအမြန်ဆုံးပြီးဆုံးနိုင်ဖို့ ပိုမိုကြိုးပမ်းပေးကြရန် NUG အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်နာယက တိုက်တွန်း
ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က အခုလိိုတိုက်တွန်း ပြောကြားလိုက်ပါတယ်။
"ပြည်သူတွေဟာ နေ့စဥ်သတ်ဖြတ်မှုကိုခံနေရတယ်။ ရွာလုံးကျွတ်မီးရှို့တာတွေ၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက် ညှင်းပန်းတာတွေ၊တရားမျှတမှုကင်းမဲ့တဲ့ ပြစ်ဒဏ်ချတာတွေ ခံစားနေကြရတယ်။ မိမိတို့ရဲ့ လုံခြုံနွေးထွေးတဲ့ အိမ်ဂေဟာများကနေထွက်ပြေးနေကြရပါတယ်။ ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။ ဒါကြောင့် ပြည်သူကို အလုပ်အကျွေး ပြုဖို့ ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ အပြန်အလှန် ပူးပေါင်းမှုတွေ၊ ညီညွတ်မှုတွေနဲ့အတူ တော်လှန်ရေးအမြန်ဆုံး အဆုံးသတ်နိူင်ဖို့ ပြည်သူတွေ ခံစားနေရတဲ့ဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးနိုင်ဖို့ ပိုမိုကြိုးပမ်းပေးကြဖို့ လေးလေးနက်နက် မှာကြားတိုက်တွန်းလိုပါတယ်" လို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေး ပထမနေ့ အစီအစဉ်မှာ ဥရောပ ပါလီမာန် ဒုဥက္ကဌနဲ့ နိူင်ငံတကာ ပါလီမာန်များ ဥက္ကဌတို့လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြပါသေးတယ်။
အဆိုပါတက်ရောက်မှုကို ပြည်ထောင်စုလွှတ်တော်နာယကက အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး တက်ရောက်မှုကို မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၄၀၇ ဦးအနက် ၃၃၇ ဦးတက်ရောက်၍ လွှတ်တော် အထမြောက် အောင်မြင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လက်ရှိမှာ လူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။
========================
📌📌 ၃။ ပြည်ပရောက် မြန်မာနိုင်ငံသားများမှ မွေးဖွားသည့် သား၊သမီးများအား မွေးစာရင်းထုတ်ပေးနိုင်ရေး အသေးစိတ်ဆွေးနွေး
ပြည်ပရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် သား၊သမီးများအား မွေးစာရင်းထုတ်ပေးနိုင်ရေး လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက အဓိကဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေးတွင် အဆိုပါလုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးကြပြီး အစည်းအဝေးကို ညနေ (၆:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါအစည်းအဝေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် ဒုတိယဝန်ကြီး ခူးထဲဘူး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင််းရရှိပါတယ်။
========================
📌📌 ၄။ အာဏာရှင်အဆုံးသတ်နိဂုံးကိုမျက်ခြေမပြတ်၊ အတူလက်တွဲ၍ စွမ်းသမျှကြိုးကုတ်အရောက်လှမ်းသွားမယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား
ဇန်နဝါရီ ၃၀ ရက်နေ့ မှာ စီမံကိန်း၊ ဘဏ္ဍရာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က အခုလို ပြောပါတယ်။
"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့၊ ည ၁၂ နာရီတိတိမှာ ကျနော့်အသက် ၅၂ နှစ်ပြည့်ပါတယ်။ နွေဦးကို သက်ဝင်ယုံကြည် အင်အားပြည့်လိုက်ပါ။ တော်လှန်စစ် ဆင်နွှဲနေကြတဲ့ ရဲဘော်ရဲဘက်များက " Happy Birthday!! " ဆုမွန်ကောင်းတွေ တောင်းလာကြပါတယ်။ အဲဒီအတွက် တော်လှန်ခရီးကြမ်း လမ်းခုလတ်ကနေ ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း အလေးအနက်ပြောလိုပါတယ်။ တဆက်တည်းမှာ...
ကျနော်တို့ နိုင်ငံသူ/သားတွေ၊ မွေးနေ့မွေးရက်တင်မကရှင်သန်နေထိုင်ရသမျှ ကာလပတ်လုံး တရားမျှတလွတ်လပ်ခြင်းနဲ့အတူ အေးချမ်းလုံခြုံစွာ ဖြတ်သန်းပျော်ရွှင်ကြစေရေး ပန်းတိုင်ဖြစ်တဲ့အာဏာရှင်အဆုံးသတ်နိဂုံးကို... မျက်ခြေမပြတ်၊ အတူလက်တွဲ၊ စွမ်းသမျှကြိုးကုတ် အရောက်လှမ်းသွားမည်ဖြစ်ကြောင်း ကတိထားအပ်ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။ နွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနဟာ တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရှာဖွေပေးထားနိုင်ပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ ကရင့်အမျိုးသားများ၏ နိုင်ငံရေးကို စတင်ဦးဆောင်သည့်အချိန်မှစပြီး ယနေ့ထက်ထိတိုင် အညံ့ခံခဲ့သည်ဟူ၍ အလျဥ်းမရှိခဲ့ဘူးလို့ KNU ဥက္ကဌ ပြော
ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ (၇၄) ကြိမ်မြောက် ကရင်အမျိုးသား ခုခံတော်လှန်ရေးနေ့မှာ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အခုလိုပြောပါတယ်။
"မိမိတို့၏ အမျိုးသားခေါင်းဆောင်များသည် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးကို စတင်ထူထောင်သည့်နေ့ကတည်းကပင် တိကျပြတ်သားသည့် နိုင်ငံရေးအမြင်နှင့် နိုင်ငံရေးရည်မှန်းချက်များရှိနှင့်ပြီး ဖြစ်ပါသည်။ ကရင့်အမျိုးသားများ၏ နိူင်ငံရေးကို စတင်ဦးဆောင်သည့်အချိန်မှစပြီး ယနေ့ထက်ထိတိုင် အညံ့ခံခဲ့သည်ဟူ၍ အလျဥ်းမရှိခဲ့ပါ။ သစ္စာဖောက်သည်ဟူ၍ အလျဥ်းမရှိခဲ့ပါ။ မိမိတို့အစည်းအရုံးတစ်ခုတည်းအနေဖြင့် ရပ်တည်ရုန်းကန်ရသည့်အချိန်တွင်လည်း လုံးဝအားမလျှော့ဘဲ သတ္တိရှိရှိဖြင့် ကြံ့ကြံ့ခံပြီး ခုခံခဲ့သည့်သမိုင်းရှိပါတယ်" လို့ ဆိုပါတယ်။ လက်ရှိ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်းမှာလည်း KNU ဟာ စစ်ရေးရော နိုင်ငံရေးအရပါ ပါဝင်ဆောင်ရွက်လျက်ရှိနေပါတယ်။
========================
📌📌 ၆။ ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေ ၁.၅ သန်းကျော်ဟာ နေအိမ်များစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ Unicef Myanmar ဖော်ပြ
ဇန်နဝါရီ ၃၁ ရက်နေ့မှာ Unicef Myanmar က အခုလို ဖော်ပြ အသိပေးပါတယ်။
"ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံရှိ လူဦးရေ ၁.၅ သန်းကျော်ဟာ မိမိတို့ရဲ့ နေအိမ် အသိုက်အဝန်းတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်" လို့ ဆိုပါတယ်။
စစ်တပ်က အာဏာလုယူပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများကို ပစ်မှတ်ထား၍ အရပ်သားများပါမကျန် လေကြောင်းနဲ့ တိုက်ခိုက်နေပါတယ်။ အဆိုပါဖြစ်ရပ်များအတွက် တိုင်းရင်းသားများဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၄င်းတို့ထဲမှာ ကလေးငယ်များပါ စစ်ဘေးရှောင်နေကြရတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၇။ Federal Wings ရဲ့ နွေဦးအောင်လံ Project ရည်မှန်းချက် မပြည့်မီသေး
Federal Wings ရဲ့ နွေဦးအောင်လံ Project မှာ အမေရိကန်ဒေါ်လာ တစ်သိန်း ရည်မှန်းထားသော်လည်း ငါးသောင်းဝန်းကျင်သာရရှိသေးတယ်လို့ ဇန်နဝါရီနောက်ဆုံးပတ်မှာ နွေဦးအောင်လံ ကမ်ပိန်းက အသိပေးဖော်ပြပါတယ်။
"Federal Wings ရဲ့ နွေဦးအောင်လံ Project ကနေ ကြိုဆိုပါတယ်။ဒီ ကမ်ပိန်းလေးဟာ လာမယ့် ၅ ရက်နေ့မှာ ပီးဆုံးမှာ ဖြစ်ပါတယ်။ လောလောဆယ် ကမ်ပိန်း အလှူငွေရရှိမှုဟာ $ ၅သောင်းဝန်းကျင်သာ ရှိပါသေးတယ်။ Target $ တသိန်းလို့မှန်းထားပေမယ့် မရောက်နိုင်သေးပါဘူး။ ကျန်ရှိနေတဲ့ လက်ကျန်ရက်လေးမှာ Target ပြည့်မီအောင် ကူညီထည့်ဝင်ပေးကြဖို့ မေတ္တာရပ်ခံပါရစေ" လို့ ဆိုထားပါတယ်။
'နွေဦးအောင်လံ' Campaign ဟာ နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို Federal Wings မှ 'Drone' နည်းပညာအရ ထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်တဲ့ 'Fundraising Campaign' ဖြစ်ပါတယ်။ ကမ်ပိန်းမှာပါဝင်ထောက်ပို့သူများအတွက် အထူးအစီအစဥ်အနေနဲ့ ၁ ဒေါ်လာဖိုးကို ပွိုင့်တခုအဖြစ် သတ်မှတ်ပီး $ ၅၀ ဖိုး ပွိုင့် ၅၀ နဲ့အထက် ဝယ်ယူလှူဒါန်းသူတိုင်းကို ကံစမ်းမဲတစောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။
ကံစမ်းမဲ အစီအစဉ်ကတော့ ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲလည်ဆွဲ၊ ဒုတိယဆု သိန်း၂၀ ခန့် တန်ကြေးရှိ ၁ ကျပ်သား ရွှေဆွဲကြိုး၊ တတိယဆု ၁၅ သိန်းတန် မြလော့ကတ်၊ စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲလက်စွပ် အစရှိတဲ့ ရတနာပစ္စည်းမျိုးစုံ မဲဖောက်ပေးသွားမှာဖြစ်တဲ့အပြင် 'တုနှိုင်းမဲ့ရတနာ' အနေနဲ့ (အမေဒေါ်အောင်ဆန်းစုကြည် ရဲ့ Nobel ဆု မိန့်ခွန်းပြောတဲ့ ဥရောပခရီးစဥ် တလျှောက်စီးခဲ့တဲ့ lady shoes တရံ) ကို ပိုင်ဆိုင်ရမယ့် အခွင့်အရေးလည်း ပါရှိကြောင်း သိရှိရပါတယ်။
ယခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment