၂၀၂၃ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အမိန့်နာခံမှုအားကောင်းခြင်းတို့ဖြစ်လာအောင် ကြိုးစားတည်ဆောက်ကြဖို့ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
📌 ၂။ ကျောက်မျက်တူးဖေါ်ရေးဟာ အာဏာရှင်အဆက်ဆက်ပတ်သက်ဆက်နွယ်နေသူများသာငွေကြေးကိုအသုံးချပြီး တူးဖေါ်ခွင့်ရခဲ့ကြတယ်လို့ဆို
📌 ၃။ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ လွှတ်တော်ခေါ်ယူကျင်းပမယ်
📌 ၄။ ကော့ကရိတ်မြို့နယ် အရေးပေါ်တုံ့ပြန်ရေး နှင့် ကူညီစောင့်ရှောက်ရေး ကော်မတီမှ ကော့ကရိတ်မြို့နယ် စစ်ရှောင်ပြည်သူများအတွက် ဆန်အိတ်၊ စားစရာနဲ့ ငွေကြေး ကူညီနိုင်ခဲ့တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်အသိပေး
📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၆။ ဒီပဲယင်းနယ်မှာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကြောင်းအပါအဝင် ရဲကင်းစခန်းကိုပါ ပစ်ခတ်တိုက်ခိုက်ရာ နှစ်ရက်အတွင်း စကစတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံး
📌 ၇။ မုံရွာ - မန္တလေး လမ်းပိုင်း မြောင်လမ်းခွဲအနီး အထိုင်ချနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့
📌 ၈။ "ရောင်နီလာရာလမ်း" ဇာတ်လမ်းကို နယူးယောက်မြို့မှာ မတ်လ ၁၁ ရက်နေ့ ပြသမယ်
📌 ၉။ NUGPay app ကို ဖျက်လိုက်သော်လည်း Login key များကို မှတ်ထားပါက အချိန်မရွေး ပြန်လည်အသုံးပြုနိူင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အမိန့်နာခံမှုအားကောင်းခြင်းတို့ဖြစ်လာအောင် ကြိုးစားတည်ဆောက်ကြဖို့ ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
ဇန်နဝါရီ ၂၇ ရက်နေ့က ကျင်းပခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း N.S.S.A.A ၏ အခြေခံစစ်ပညာ အထူးမွမ်းမံသင်တန်း၊ အပတ်စဉ် (၂) သင်တန်းဆင်းပွဲသို့ပေးပို့တဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ သဝဏ်လွှာမှာ အခုလိုဆိုထားပါတယ်။
"တရားသော ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်လို့ တိုက်ရဲရင် သေရဲကြရတယ်ဆိုပေမယ့် အထိအခိုက်အနည်းဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြဖို့လိုတယ်။ အထူးအရေးကြီးဆုံးကတော့ တိုက်ပွဲတွေကို ဦးစီးကွပ်ကဲမယ့် ခေါင်းဆောင်များအနေနဲ့ စံပြခေါင်းဆောင်မှုကို ပြသရမှာဖြစ်ပြီး အထက်အောက် အပြန်အလှန်လေးစားခြင်း၊ ယုံကြည်အားကိုးမှုရှိခြင်း၊ အမိန့်နာခံမှုအားကောင်းခြင်းတို့ဖြစ်လာအောင် ကြိုးစားတည်ဆောက်ကြဖို့လိုတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၃၀၀ နီးပါးနဲ့ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ရှိပြီး မြို့ပြလူငယ်ပြောက်ကျားနဲ့ LDF ဒေသကာကွယ်ရေးလူငယ်တပ်ဖွဲ့တို့များစွာရှိနေပြီ ဖြစ်ပါတယ်။
========================
📌📌 ၂။ ကျောက်မျက်တူးဖေါ်ရေးဟာ အာဏာရှင်အဆက်ဆက်ပတ်သက်ဆက်နွယ်နေသူများသာငွေကြေးကိုအသုံးချပြီး တူးဖေါ်ခွင့်ရခဲ့ကြတယ်လို့ဆို
ဇန်နဝါရီ ၃၀ ရက်မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က လူမှုကွန်ရက်မှာ အခုလိုဖော်ပြပါတယ်။
"ကျောက်မျက်တူးဖေါ်ရေးဟာ အာဏာရှင်အဆက်ဆက် သူတို့နဲ့ ပတ်သက်ဆက်နွယ်နေသူများ၊ ငွေကြေးကိုအသုံးချပြီး အခွင့်အရေးကို ဝယ်ယူခဲ့ကြသူများသာ တူးဖေါ်ခွင့်ရခဲ့ကြပါတယ်။ နိုင်ငံက အဆင်းရဲဆုံး စာရင်းဝင်သွားပြီး၊ စစ်ဗိုလ်တစ်သိုက်နဲ့ အပေါင်းပါတွေသာ သိန်းသန်းချီချမ်းသာကုန်ကြတယ်။ ဒီမမှန်မကန် စနစ်တွေကို နွေဦးတော်လှန်ရေးနဲ့အတူ ပြောင်းလဲပစ်ရပါမယ်။ အနာဂတ် ဖယ်ဒရယ်အစိုးရလက်ထက်မှာ ကျောက်မျက် တူးဖေါ်ထုတ်လုပ်မှုများကို စည်းကမ်းနဲ့အညီ ထုတ်လုပ်သွားရပါမယ်"လို့ဆိုပါတယ်။
လက်ရှိမှာ NUGအစိုးရက Early Partnership Program ရဲ့ ပွဲဦးထွက် မိုးကုတ် ပတ္တမြားမြေ ကျောက်မျက်ရှာဖွေတူးဖေါ်ရေး လုပ်ပိုင်ခွင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။
Early Partnership Program ရဲ့ ပွဲဦးထွက် မိုးကုတ် ပတ္တမြားမြေ ကျောက်မျက်ရှာဖွေတူးဖေါ်ရေး လုပ်ပိုင်ခွင့် စုစုပေါင်းလုပ်ကွက် ၄၅ ကွက်ကို လုပ်ကွက် တစ်ကွက် တန်ဖိုး အနိမ့်ဆုံး USD 235,200 မှ စတင်ရောင်းချမယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ EOD ရဲ့အသိပေးဖော်ပြချက်အရ သိရှိရပါတယ်။
"တော်လှန်ပြည်သူများကို ဒီတခါ မိတ်ဆက်ပေးမှာကတော့ Early Partnership Program ရဲ့ ပွဲဦးထွက် မိုးကုတ် ပတ္တမြားမြေ ကျောက်မျက်ရှာဖွေတူးဖေါ်ရေး လုပ်ပိုင်ခွင့် ရောင်းချပေးခြင်းဖြစ်ပါတယ်။ စုစုပေါင်း လုပ်ကွက် ၄၅ ကွက်ကိုသာ ရောင်းချပေးသွားပါမယ်။ လုပ်ကွက် တစ်ကွက်၏ တန်ဖိုးမှာ အနိမ့်ဆုံး USD 235,200 မှ အမြင့်ဆုံး USD 2,822,400 ဟု သတ်မှတ်ထားပါတယ်" လို့ ဖော်ပြပါတယ်။
EPP ရဲ့ Mogok Project မှာ အရေးကြီးတဲ့ အချက်တွေကတော့ လုပ်ငန်းရှင်ပိုင်ဆိုင်မှုအား ၄၉% နှင့် ပြည်သူကိုယ်စားပြု ဖက်ဒရယ်အစိုးရ ပိုင်ဆိုင်မှုအား ၅၁% သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ စနစ်တကျ စီမံထုတ်လုပ်နိုင်စေရန် ရည်ရွယ်လျက် လုပ်ပိုင်ခွင့်ကာလအား ၁၀ နှစ် ခွင့်ပြုထားပြီး သတ်မှတ်တန်ဖိုးအား တော်လှန်ရေးကာလတွင် အပြီးပေးသွင်းရန်မလိုပဲ၊ သတ်မှတ်တန်ဖိုး၏ ၄၀ % သာ ယခုကာလတွင် ပေးသွင်းပြီး၊ တော်လှန်ရေးအလွန် လုပ်ငန်းစတင်ချိန်မှသာ ကျန် ၆၀%ကို ပေးသွင်းရမှာဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေးကို ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်ကာ လွှတ်တော်ခေါ်ယူကျင်းပမယ်
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေး ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ လွှတ်တော်ခေါ်ယူကျင်းပမယ်လို့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေး၊ ပထမနေ့ အစီအစဉ်အား အများပြည်သူကြည့်ရှုနိုင်ရန် CRPH Facebook Page၊ PVTV Facebook Page တို့တွင် တိုက်ရိုက်ထုတ်လွင့်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်" လို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ ကော့ကရိတ်မြို့နယ် အရေးပေါ်တုံ့ပြန်ရေး နှင့် ကူညီစောင့်ရှောက်ရေး ကော်မတီမှ ကော့ကရိတ်မြို့နယ် စစ်ရှောင်ပြည်သူများအတွက် ဆန်အိတ်၊ စားစရာနဲ့ ငွေကြေး ကူညီနိုင်ခဲ့တယ်လို့ ဒုဝန်ကြီး အိသဉ္ဇာမောင်အသိပေး
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အရေးပေါ်တုံ့ပြန်ရေး နှင့် ကူညီစောင့်ရှောက်ရေးကော်မတီမှ ကော့ကရိတ်မြို့နယ် စစ်ရှောင်ပြည်သူများအတွက် ဆန်အိတ်၊ စားစရာ၊ ငွေကြေး ကူညီနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၃၀ ရက်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး အိသဉ္ဇာမောင်က ဆိုပါတယ်။
"ပါဝင်ကူညီပေးတဲ့ Tisarana Buddhist Association, X’mas Carol Group (Brunei) နှင့် The Great Exodus Online Live Show တို့ကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ဆိုထားပြီး လှူဒါန်းနိူင်ခဲ့မှုအား ကူညီအားဖြည့်ပေးတဲ့ ကျားသစ်နက်စစ်ကြောင်း မှ ရဲဘော်တွေကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဇန်နဝါရီလ ၃၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၂/၂၀၂၃) ကို ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ "တော်လှန်ရေးကာလ နှစ်နှစ်ပြည့်ပြီဖြစ်၍ အကြမ်းဖက်စစ်ကောင်စီကို အပြတ်တိုက်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ နယ်မြေတစ်ခုနှင့်တစ်ခု မတူညီနိုင်ကြောင်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ အုပ်ချုပ်ရေးလုပ်ငန်းများကိုကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဆောင်ရွက်မှုတွင် ဒေသများ၏ အတွေ့အကြုံများကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့ပုခုံးပေါ်သို့ ကျရောက်နေသည့် တော်လှန်ရေးကို နိုင်အောင်တိုက်ရမည့်ဆိုသည့် တာဝန်ကိုထမ်းရွက်သည့်အခါ အချင်းချင်းကြား ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊တော်လှန်ရေးတွင်ပူးပေါင်းလုပ်ဆောင်မှုအပေါ်မူတည်၍ တော်လှန်ရေးပြီးဆုံးမည့်အချိန်ကို အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးညီညီညွတ်ညွတ်ဖြင့် ရှေ့ဆက် ချီတက်ကြပါရန်" တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူမှ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းလက်စွဲ၊ အစီရင်ခံစာ ပေးပို့ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၆။ ဒီပဲယင်းနယ်မှာ မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကြောင်းအပါအဝင် ရဲကင်းစခန်းကိုပါ ပစ်ခတ်တိုက်ခိုက်ရာ နှစ်ရက်အတွင်း စကစတပ်ဖွဲ့ဝင် နှစ်ဆယ်ကျော်သေဆုံး
အဆိုပါ စစ်ရေးသတင်းကို ရွှေဘိုခရိုင်တပ်ရင်း၁၉ က ဇန်နဝါရီ ၃၀ ရက်မှာ အသိပေးဆိုပါတယ်။
"ဇန်နဝါရီ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ရေဦးမြို့နယ်ဘက်မှ ဒီပဲယင်းမြို့နယ် ဆည်ကြီး၊ ညောင်လှ၊ မရကန်၊ တနယ်ရွာသစ်၊ အုန်းတပင်ကျေးရွာတို့အထိ တိုးဝင်လာပြီး မီးရှို့ဖျက်ဆီးမှုပြုနေသည့်စစ်ကြောင်းအား ၂၆ ရက်နေ့ ၉ နာရီတွင် အုန်းတပင်ရွာအဝင်တွင်တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ပါတယ်။၂၇ ရက်နေ့ ၈ နာရီ ၁၁ မိနစ် မှ ၈ နာရီ ၃၁ မိနစ် အတွင်းတွင် ဒိုင်နက်ကျေးရွာမီးရှို့ပြီးပြန်အထွက်တွင် တိုက်ခိုက်ရာ ၁၅ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒုတိယနေရာ ဒိုင်နက်ကျေးရွာမှ အရှေ့ဘက်ထွက်ချိန် အင်ပင်ကျေးရွာအနီးအရောက် ၉ နာရီ ၃၂ မိနစ် မှ ၉ နာရီ ၄၅ မိနစ်အတွင်းတွင် ၅ ဦးကို စနိူက်ပါနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ဦးချိုးကာ ဆုတ်ခွာသွားစေခဲ့ပါတယ်" လို့ ဆိုပါတယ်။
ဇန်နဝါရီ၂၇ ရက် ညနေတွင် စိုင်ပြင်ကြီးရဲစခန်းမှ အင်အားတချို့ မြို့အနှံ့ ကင်းပုန်းဝပ်နေကြောင်း သတင်းအရ ချက်ချင်းလှုပ်ရှားကာ တပ်ခွဲ ၂ ဒုတပ်ခွဲမှူးဦးဆောင်ပြီး သုဿာန်ကင်း၊ သရက်ကောင်းလမ်းခွဲကင်းတို့ကို ချန်လှပ်ကာ ၎င်းတို့ မထင်မှတ်သော ဗဟိုကင်း (ရဲစခန်းရှေ့ကင်း) အား ည ၈ နာရီ ၄၅ မှ ၉ နာရီ ၃၂ မိနစ်အထိ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးသေ၊ ၉ ဦးထိခိုက်မှုရှိခဲ့တယ်ဘို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ မုံရွာ - မန္တလေး လမ်းပိုင်း မြောင်လမ်းခွဲအနီး အထိုင်ချနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့
မြင်းမူမြို့နယ် မုံရွာ - မန္တလေး လမ်းပိုင်း မြောင်လမ်းခွဲအနီး အထိုင်ချနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့်နှစ်ရက်ဆက်တိုက် တိုက်ခိုက်ရာ စကစတပ်က ၆ ဦး သေဆုံးခဲ့တယ်လို့ ဇန်နဝါရီ ၃၀ ရက် မှာ Black Eagle Defence Force - MMU Drone က အတည်ပြုဆိုပါတယ်။
"ဇန်နဝါရီ၂၈ ရက်နေ့ နေ့လည် (၄ နာရီ) ခန့်တွင် မြင်းမူမြို့နယ် မုံရွာ - မန္တလေး လမ်းပိုင်း မြောင်လမ်းခွဲအနီး အထိုင်ချနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် (၂) ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၄) ဦးသေဆုံးပြီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၉ ရက်နေ့ နံနက်တွင်လည်း မြောင်လမ်းခွဲအနီးရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် (၂) ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ (၂) ဦး သေဆုံးခဲ့တယ်" လို့ ဆိုပါတယ်။
စစ်ဆင်ရေးများကို Black Eagle Defence Force-MMU အဖွဲ့၏ Black Eagle Drone Force (Black Eagle ဒရုန်းတပ်ခွဲ) မှ ဦးဆောင်ပြီး People's Defence Force Myinmu-MMU PDF နှင့် မြင်းမူမြို့နယ် ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၈။ "ရောင်နီလာရာလမ်း" ဇာတ်လမ်းကို နယူးယောက်မြို့မှာ မတ်လ ၁၁ ရက်နေ့ ပြသမယ်
ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ "ရောင်နီလာရာလမ်း" ဇာတ်လမ်းကို အမေရိကန် နိူင်ငံ နယူးယောက်မြို့မှာ မတ်လ ၁၁ ရက်နေ့တွင် ပြသမယ်လို့ ရုပ်ရှင်ပြသရေးကော်မတီက ဇန်နဝါရီလ နောက်ဆုံးပတ်မှာ အသိပေးဆိုပါတယ်။
"ဒါရိုက်တာ ကိုပေါက်၏ အာဏာမသိမ်းခင် အခြေအနေကနေ အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတစ်ယောက်ဘဝ၊ ပြေးခဲ့ ပုန်းခဲ့ရသော ဝရမ်းပြေးဘဝ၊ ထို့နောက် အာဏာရှင်ကို ဆက်လက်၍ တော်လှန်နေရသော တောတွင်းတော်လှန်ရေးသမားဘဝ၊ အစရှိသော ဘဝအခြေအနေတွေကို ဖြတ်သန်းခဲ့ရသော ဒါရိုက်တာ ကိုပေါက်၏ မှတ်တမ်းရုပ်ရှင် ဇာတ်ကားဖြစ်သော " ရောင်နီလာရာလမ်း" မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားကို နယူးယောက်မြို့တွင် ပြသသွားပါမယ်" လို့ ဆိုပါတယ်။
“မသောက်မိသောမိုးခါးရေ " ဇာတ်လမ်းတိုရုပ်ရှင် ပြသစဉ်က မိနစ် ၃၀ သာ ဖြစ်သော်လည်း "ရောင်နီလာရာလမ်း” မှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကားကို ပြသချိန် ၁:၄၅ မိနစ်ကြာအောင် ပြသသွားမှာဖြစ်ကာ လာရောက်ကြည့်ရှူအားပေးကြရန် ကြိုတင်ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၉။ NUGPay app ကို ဖျက်လိုက်သော်လည်း Login key များကို မှတ်ထားပါက အချိန်မရွေး ပြန်လည်အသုံးပြုနိူင်
လုံခြုံရေးအတွက် ဖုန်းထဲကနေ NUGPay app ကို ဖျက်လိုက်သော်လည်း Login key ၁၂ လုံးကို မှတ်ထားပါက အချိန်မရွေး ပြန်လည်အသုံးပြုနိူင်မှာဖြစ်တယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ NUG Pay က အသိပေးဆိုပါတယ်။
"NUGPay ကို အလွယ်ကူဆုံး/ အလုံခြုံဆုံး သုံးနိုင်ဖို့ အတွက် လျှို့ဝှက်စာလုံး Login Key (၁၂) လုံးနဲ့ ကန့်သတ်ထားပါတယ်။ ဒီ Login key ၁၂ လုံးကို အသုံးပြုပြီးတော့ ဘယ်နေရာပဲ ရောက်ရောက် ဖုန်းနဲ့ အင်တာနက်ရှိရင် အချိန်မရွေး Login ဝင်ပြီး သုံးလို့ရတယ်။ ကိုယ့်လုံခြုံရေးအတွက် စိန်ခေါ်မှု ရှိလာတဲ့အခါ ဖုန်းထဲကနေ NUGPay app ကို ဖျက်လိုက်ပြီး Login ပြန်လုပ်ပြီး သုံးလို့ရပါတယ်" လို့ ဆိုပါတယ်။
Login key ၁၂ လုံးကို မှတ်ထားဖို့သာ အရေးကြီးပြီး key တွေကို သိမ်းဆည်းကြတဲ့အခါ စာရွက်ပေါ်မှာ ချရေးပြီး လုံခြုံတဲ့နေရာမှာ သိမ်းဆည်းခြင်းနဲ့ Login Key ၁၂ လုံးကို NUGPay နဲ့ QR encrypted လုပ်ပြီး သိမ်းထားလို့လည်း ရတယ်လို့ သိရှိရပါတယ်။ ယခုအချိန်မှာ NUG Pay ဟာ စစ်အာဏာရှင်လက်အောက်က လွတ်ကင်းတဲ့ တစ်ခုတည်းသော ဘဏ္ဍာရေးစနစ်တစ်ခုလည်း ဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment