၂၀၂၃ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီကို အလေးထားတဲ့ ခိုင်မာမှုရှိသော အုပ်ချုပ်ရေး ယန္တရားကို စနစ်တကျ ထူထောင်နိုင်ဖို့ အချိန်ကျလာပြီလို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ မြေပြင်မှ အဖွဲ့အစည်းများ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတူပေါင်းစပ်၍ တစ်နှစ်မဟာဗျူဟာလုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်နိုင်ရေး ပြည်ထဲရေးဝန်ကြီးပြောကြား
📌 ၃။ CDM တွေ လိုချင်တာ စစ်အာဏာရှင်မရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၄။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု နေရာပေါင်းစုံက လာရောက်စုဝေး လှုပ်ရှားမည်
📌 ၅။ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာဈေးသို့ သွားရောက်၍ပြည်သူလူထုအနေဖြင့် လက်နက်မဲ့တိုက်ပွဲတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စည်းရုံးဟောပြော
📌 ၆။ ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစကစတပ်နဲ့ပျူများ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ အသက် (၆၀) ကျော် အဖွားအို တစ်ဦးနဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီကို အလေးထားတဲ့ ခိုင်မာမှုရှိသော အုပ်ချုပ်ရေး ယန္တရားကို စနစ်တကျ ထူထောင်နိုင်ဖို့ အချိန်ကျလာပြီလို့ ဝန်ကြီးချုပ်ပြောကြား
ဖေဖော်ဝါရီ ၂၂
ဖေဖော်ဝါရီ ၂၁ ရက်တွင်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၇/၂၀၂၃ မှာ ခိုင်မာမှုရှိသော အုပ်ချုပ်ရေး ယန္တရားကို စနစ်တကျ ထူထောင်နိုင်ဖို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုပြောကြားခဲ့ပါတယ်။
"အခုချိန်ကာလဟာဆိုရင် အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အားဆုတ်လျော့လာတဲ့ အခြေ အနေ၊ ကျွန်တော်တို့ တော်လှန်ရေး အစုအဖွဲ့တွေရဲ့ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာတဲ့ အခြေအနေနဲ့ နိုင်ငံတကာရဲ့ ယုံကြည်ထောက်ခံလာမှု အခြေအနေတွေအားလုံးဟာ ဆုံမှတ်တစ်ခုကို ရောက်ရှိလာတဲ့ အနေအထားမျိုး ဖြစ်နေပြီဆိုတာကို အစိုးရအဖွဲ့ဝင်များအားလုံးလည်း သတိထား မိကြမှာ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ ကျွန်တော်တို့ တော်လှန်ရေး ဦးဆောင်အင်အားစုတွေ ကြားမှာ ပိုမိုထိရောက်အားကောင်းတဲ့ နိုင်ငံရေးသဘောတူညီမှုတွေ၊ စုဖွဲ့ဆောင်ရွက်မှုမျိုးတွေနဲ့အတူ လူ့အခွင့် အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အလေးထားတဲ့ ခိုင်မာမှုရှိသော အုပ်ချုပ်ရေး ယန္တရားကို စနစ်တကျ ထူထောင်နိုင်ဖို့လည်း အချိန်ကျလာပြီလို့ ထင်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေး၊ နိူင်ငံရေးများကို NUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ မြေပြင်မှ အဖွဲ့အစည်းများ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတူပေါင်းစပ်၍ တစ်နှစ်မဟာဗျူဟာလုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်နိုင်ရေး ပြည်ထဲရေးဝန်ကြီးပြောကြား
ဖေဖော်ဝါရီ ၂၂ ရက်
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အခုလိုဆိုလိုက်ပါတယ်။
စစ်ရေးနှင့် အုပ်ချုပ်ရေးကို ဟန်ချက်ညီညီဖြင့် အုပ်ချုပ်ရေးတည်ထောင်ရန်အတွက် မူဝါဒပိုင်းဆိုင်ရာများတစ်ပြိုင်နက်တည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊တစ်နှစ်မဟာဗျူဟာအရ အကြမ်းဖက်စစ်ကောင်စီကို ဘက်ပေါင်းစုံမှ တိုက်ထုတ်နိုင်ရေး အားလုံးစုစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်တွေ့မြေပြင်မှ အဖွဲ့အစည်းများသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတူပေါင်းစပ်၍ တစ်နှစ်မဟာဗျူဟာလုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်နိုင်ရေး ကြိုးစားကြရန်"ဝန်ကြီးကဆိုခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ CDM တွေ လိုချင်တာ စစ်အာဏာရှင်မရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ဖေဖော်ဝါရီ ၂၂
ဖေဖော်ဝါရီလအတွင်း လူထုတွေ့ဆုံပွဲ အမေးအဖြေကဏ္ဍမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။
“ CDM တွေကို CDM committee တွေမှတဆင့် ကျန်းမာရေး ပညာရေးအလိုက်ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့စီစဉ်နေတယ်။ ပံ့ပိုးပေးနေတယ် ဝန်ကြိီးဌာနမရှိတဲ့သူတွေကို ဝန်ကြီးချုပ်ရုံးကနေတာဝန်ယူလုပ်ပေးနေပါတယ်။ “ CDM တွေအားလုံးကလဲ ပိုက်ဆံလိုချင်လို့မဟုတ်ဘူး။ဒါကျွန်တော် CDM တွေကိုယ်စားပြောတာ … ကျွန်တော်တို့ CDM တွေ လိုချင်တာပိုက်ဆံမဟုတ်ဘူး စစ်အာဏာရှင်မရှိတဲ့နိုင်ငံ federal Democracy နိုင်ငံဖြစ်တယ်"လို့ဆိုပါတယ်။
လက်ရှိမှာ CDM ဝန်ထမ်းများကို ထောက်ပံမှုများလုပ်ဆောင်နေသော်လည်း CDM ၂ သိန်းကျော်လုံးကို ထိထိရောက်ရောက်ပေးနိုင်ဖို့ အခက်အခဲရှိနေသေးတယ်လို့သိရပါတယ်။
========================
📌📌 ၄။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု နေရာပေါင်းစုံက လာရောက်စုဝေး လှုပ်ရှားမည်
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ ဖေဖော်ဝါရီ၂၅ရက်နေ့တွင် မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို နေရာပေါင်းစုံက လာရောက်စုဝေး လှုပ်ရှားမည့်အကြောင်းနှင့်ပတ်သက်လို့ NYCBC မှအမှုဆောင် ကိုနေတင်မြင့်က ယခုလိုပြောပါတယ်။
(((((ကိုနေတင်မြင့်-NYCBC အမှုဆောင်)))))
အမေရိကားမှာရှိတဲ့ ပြည်နယ်ပေါင်းစုံက တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ 𝐖𝐚𝐬𝐡𝐢𝐧𝐠𝐭𝐨𝐧 𝐃.𝐂. မှာ တက်ညီလက်ညီအင်အားပြကြမယ့်ပွဲကို အမေရိကန်ရောက် ပြည်ထောင်စုဖွားများကလည်း ကြိုတင်စာရင်းသွင်းထားပြီး ဖြစ်ပါတယ်။
========================
📌📌 ၅။ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာဈေးသို့ သွားရောက်၍ပြည်သူလူထုအနေဖြင့် လက်နက်မဲ့တိုက်ပွဲတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စည်းရုံးဟောပြော
"ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာဈေးသို့ သွားရောက်၍ လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်"လို့ဆိုပါတယ်။
ထိုလှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့် လက်နက်မဲ့တိုက်ပွဲတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် စည်းရုံးဟောပြောခြင်း၊ စည်းရုံးရေး စာစဉ်များဖြန့်ဝေခြင်း၊ PTTEP နှင့် PTT အမှတ်တံဆိပ် အချောဆီများအား ဆန့်ကျင်ကြရန် ဟောပြောကြေညာခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြပါတယ်။ PTTEP သည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံကိန်း ၄ ခု(ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ)တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီအား ဒေါ်လာသန်းပေါင်းများစွာ ပေးဆောင်နေသည့် ထိုင်းနိုင်ငံပိုင် ရေနံ နှင့် စွမ်းအင်ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။
========================
📌📌 ၆။ ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစကစတပ်နဲ့ပျူများ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ အသက် (၆၀) ကျော် အဖွားအို တစ်ဦးနဲ့ အသက်(၃၀)ဝန်းကျင် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရ
"ယမန်နေ့ည( ၈)နာရီခွဲ ဝန်းကျင် အချိန် စစ်ကိုင်းတိုင်း ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချ စကစတပ်နဲ့ပျူများ မှ( ၆၀)မမ နှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာ အတွင်း (၆၀)မမ-၃လုံးကျ ၍ တစ်လုံးပေါက်ကွဲကာ အသက်(၆၀) ကျော် အဖွားအို တစ်ဦး လက်နက်ကြီးထိမှန်၍ ဒဏ်ရရှိခဲ့သလို အသက်(၃၀)ဝန်းကျင် အမျိုးသား၁ဦး လည်း ပေါင်ကျည်ထိမှန် ခဲ့တယ်"လို့ဖေဖော်ဝါရီ၂၂ရက် နေ့မှာ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်
ခင်ဦးနယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစကစတပ်နဲ့ပျူများဟာ အနီးဝန်းကျင်ရှိ ကျေးရွာများအား နေ့စဥ် အကြမ်းဖက်ခြိမ်းခြောက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်း ကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများ အနေဖြင့် အထူးဂရုစိုက်ကြရန်လည်း အသိပေးနှိုးဆော်ထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment