၂၀၂၃ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်သူတွေကို ပိုမိုကာကွယ်စောင့်ရှောက်မှု ပေးနိုင်မယ့် နည်းလမ်းတွေ စဉ်းစားကြဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ NUG ကတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ထားတဲ့ International Aid Coordination Commission မှ တော်လှန်ရေးကာလမှာ project ပေါင်း ၂၅၆ ခုထိလုပ်ဆောင်နေ
📌 ၃။ ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့၊အမေရိကန်သံရုံးတွင် ကျင်းပသည့် (၂) နှစ်မြောက် ပြည်သူ့တော်လှန်ရေးအခမ်းအနားကို NUG လူ့အခွင့်ရေးရာဝန်ကြီးတက်ရောက်
📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်ခဲ့သော မိုးကုတ်ဗျူဟာ တပ်ရင်း(၁) (၁၂၂၁) Red Wolves Of Mogok မှ ရဲဘော်များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်
📌 ၅။ တန့်ဆည်တွင်စစ်ကြောင်းထိုးလာသော စကစတပ်စစ်ကြောင်းမှ ပဒေသာမိုင်းများမိ၍ စကစတပ်နဲ့ပျူ ၆ ဦးသေဆုံး
📌 ၆။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာနိူင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားတချို့ကဆန္ဒထုတ်ဖော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်သူတွေကို ပိုမိုကာကွယ်စောင့်ရှောက်မှု ပေးနိုင်မယ့် နည်းလမ်းတွေ စဉ်းစားကြဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဖေဖော်ဝါရီ ၂၃
ဖေဖော်ဝါရီလအတွင်းကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြည်သူတွေကို ပိုမိုကာကွယ်စောင့်ရှောက်မှု ပေးနိုင်မယ့် နည်းလမ်းတွေ စဉ်းစားကြဖို့ အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ရဲ့ အခြေအနေတွေ တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာတာနဲ့အမျှ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ၊ နိုင်ထက်စီးနင်းဆောင်ရွက်မှုတွေ၊ ဒုက္ခပေးမှုတွေဟာ ပိုမို များပြားလာနိုင်တာမို့ ကျွန်တော်တို့အစိုးရအနေနဲ့ သတိကြီးကြီးထားပြီး ပိုမိုကာကွယ်စောင့်ရှောက်မှု ပေးနိုင်မယ့် နည်းလမ်းတွေကို စဉ်းစားကြရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက်စစ်အုပ်ဟာ လူပေါင်း သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
"စစ်ကောင်စီဟာ သူတို့ နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ ဒေသတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဖက်တရားစီရင်ရေးကို ပြဌာန်းတယ်လို့ပြောပြီး ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ၊ ရက်စက်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပြည်သူ့အင်အားကို ချိ့နဲ့အားနည်းအောင် ပိုတိုးပြီး လုပ်ဆောင်လာမှာဖြစ်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ NUG ကတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ထားတဲ့ International Aid Coordination Commission မှ တော်လှန်ရေးကာလမှာ project ပေါင်း ၂၅၆ ခုထိလုပ်ဆောင်နေ
ဖေဖော်ဝါရီ ၂၃
NUG ကတိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ထားတဲ့ International Aid Coordination Commission မှ တော်လှန်ရေးကာလမှာproject ပေါင်း ၂၅၆ ခုထိလုပ်ဆောင်နေတယ်လို့ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဖေဖော်ဝါရီလအတွင်း လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
“ Burma Act နဲ့ပတ်သက်ရင် တကယ်တော်လှန်ရေးအတွက် အကျိုးရှိရှိအသုံးချနိူင်ဖို့ စိီစဉ်ဆောင်ရွက်နေတယ် - တိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ထားတဲ့ International Aid Coordination Commission ဆိုတာတည်ထောင်ထားတယ် .. အဲ့ဒီကနေမှတဆင့်တော်လှန်ရေးကာလမှာ လုပ်နေတဲ့ project ပေါင်း ၂၅၆ ခုရှိတယ်… အသေအချာ mapping လုပ်ထားတယ် … လိုအပ်ချက်တွေကို အားလုံး တစ်သံတည်းထွက်အောင်စီစဉ်ထားပါတယ် … တော်တော်များများ area တွေမှာ အလားလာကောင်းတွေရနေပြီ လို့ဖြေချင်ပါတယ် “လို့ဆိုပါတယ်။
လက်ရှိမှာ ပညာရေး၊ကျန်းမာရေး ကဏ္ဍာများအပါအဝင် ကြားကာလ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို NUGအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့၊အမေရိကန်သံရုံးတွင် ကျင်းပသည့် (၂) နှစ်မြောက် ပြည်သူ့တော်လှန်ရေးအခမ်းအနားကို NUG လူ့အခွင့်ရေးရာဝန်ကြီးတက်ရောက်
ဖေဖော်ဝါရီ ၂၃
ဖေဖော်ဝါရီ ၂၂ ရက်ဆွစ်ဇလန်နိုင်ငံ၊ဂျနီဗာမြို့၊အမေရိကန်သံရုံးတွင် ကျင်းပသည့် (၂)နှစ်မြောက် ပြည်သူ့တော်လှန်ရေးအခမ်းအနားနှင့် (၆)နှစ်မြောက် ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှုအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းမှ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
အဆိုပါ အမှာစကားပြောကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက "မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ငြင်းပယ်၍ မရကြောင်း၊ ထိုရာဇဝတ်မှုတွေကို အသိအမှတ်ပြုပြီး တရားမျှတမှု ရရှိနိုင်စေရေးလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာများအရေးပတ်သက်ပြီး ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များကိုလည်း"ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် Mrs. Michèle Taylor အမေရိကန်အခြေစိုက် လူမျိုးသုဉ်းသတ်ဖြတ်မှု မှတ်တမ်း ပြတိုက် တာဝန်ခံ Ms. Naomi Kikoler, တို့နှင့်အတူ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ ကိုထွန်းခင်ကတို့လည်း စကားပြောကြားခဲ့ပါတယ်။
ထိုအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများကို တိုက်ခိုက်ခဲ့သော မိုးကုတ်ဗျူဟာ တပ်ရင်း(၁) (၁၂၂၁) Red Wolves Of Mogok မှ ရဲဘော်များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်
ဖေဖော်ဝါရီ ၂၃
ဖေဖော်ဝါရီ ၂၂ ရက်မှာ RedWolvesOfMogok ကအခုလို အသိပေးဖော်ပြပါတယ်။
"စစ်ကောင်စီ၏ မိုးမိတ် တပ်မ၊ တပ်ရင်းများဖြစ်သည့် တပ်မ 223, တပ်ရင်း 276, 348 များသို့ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်သော မိုးကုတ်ဗျူဟာ တပ်ရင်း(၁) (၁၂၂၁) Red Wolves Of Mogok မှ ရဲဘော်များအား ဂုဏ်ပြုခဲ့တယ်"လို့ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်မှာမိုးကုတ်ဗျူဟာတပ်ရင်း 1221, 1222, 1223 နှင့်အတူ မိုးကုတ်ဗျူဟာလက်နက်ကြီးအဖွဲ့တို့သည် စစ်ကောင်စီ၏ မိုးမိတ်တပ်ရင်းများသို့ ၆၀မမ စိန်ပြောင်းဖြင့် လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ၎င်းလေးကြိမ်တွင် စစ်ကောင်စီတပ်ရင်း ၂၂၃ နှင့် ၂၇၆ ကြားတွင်တစ်ကြိမ်၊ ဗျူဟာကုန်းအနီးတွင်တစ်ကြိမ် ၃၄၈တပ်ရင်းအတွင်းနှစ်ကြိမ်ထိမှန်ရာ၌ မိသားစုတန်းလျားတွင်တစ်ကြိမ် မွေးမြူးရေးခြံတွင်တစ်ကြိမ် ပစ်မှတ်ထိမှန်ခဲ့ပါတယ်။
========================
📌📌 ၅။ တန့်ဆည်တွင်စစ်ကြောင်းထိုးလာသော စကစတပ်စစ်ကြောင်းမှ ပဒေသာမိုင်းများမိ၍ စကစတပ်နဲ့ပျူ ၆ ဦးသေဆုံး
ဖေဖော်ဝါရီ ၂၂ ရက် စစ်ရေးသတင်းကို တန့်ဆည်ပကဖကအခုလို အတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၂၂ ရက် ခပေါင်းကြိုင်ရွာမှ မှန်ရင်းရွာသို့ စစ်ကြောင်းထိုးလာသော ခမရ ၃၆၁ နှင့် ပျူစောထီးအဖွဲ့အား တန့်ဆည် ပ.က.ဖ နှင့် တပ်ရင်း (၂၅) တို့မှ ပဒေသာမိုင်း (၈)လုံးတွဲဖြင့်တိုက်ခိုက်ရာ စကစတပ်နဲ့ပျူ (၅) ဦးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။
အလားတူ ဘေရင်းရွာသစ် မြောက်ဖက် ပေလမ်းပေါ် ကင်းတိုးလာသောပျူများအား ပ.က.ဖ မှပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ (၁) ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၆။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာနိူင်ငံသားတွေနဲ့ ဂျပန်နိုင်ငံသားတချို့ကဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ ၂၂
စစ်ကောင်စီကို ထောက်ခံတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာတွေနိူင်ငံသားနဲ့ ဂျပန်နိုင်ငံသားတချို့ကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆန္ဒပြခဲ့ကြပြီး ဆာဆာဂါဝါအနေနဲ့ အချက်၄ချက်ကို လိုက်နာဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါကို ဂျပန်ရောက် မြန်မာတွေနဲ့ ဂျပန်နိုင်ငံသားတချို့ကဆန္ဒထုတ်ဖော်ရာမှာ လူအများအပြားချီတက်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ပြည်သူ့အစိုးရ NUGကို ထောက်ခံဖို့၊ ငြိမ်းချမ်းရေးကိုအကြောင်းပြပြီး အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံမှုတွေ ချက်ချင်းရပ်ဖို့၊ အမှန်တကယ် မြန်မာပြည်ငြိမ်းချမ်းရေးကိုလိုလားတဲ့ လုပ်ဆောင်မှုကိုပြသတဲ့ လုပ်ရပ်တွေနဲ့ သက်သေပြပေးဖို့၊အကျဉ်းချခံထားရတဲ့ ပြည်သူ့ခေါင်းဆောင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေကို ချက်ချင်းလွှတ်ပေးဖို့ စစ်ကောင်စီကိုဖိအားပေးဖို့ စတာတွေကိုတောင်းဆိုခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment