၂၀၂၃ ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို PDF များ ပစ်ချနိုင်ခဲ့
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက မူလတန်း ဆရာအတတ်ပညာသင်တန်း Primary Teachership Course- PTC (ဒုတိယအကြိမ်) ဝင်ခွင့်လျှောက်လွှာခေါ်ယူ
📌 ၃။ တိုက်ပွဲဆင်နေသည့် ကာလဖြစ်၍ အင်မတန်မှ သတိကောင်းစွာ ထားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြား
📌 ၄။ တပ်ထဲက အပြင်ကိုတောင် မထွက်ရဲပဲ နေရတဲ့အချိန်မှာ စစ်အုပ်ချုပ်ရေးဆိုတာ သရော်သလို ဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား
📌 ၅။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့အပေါ် အကောင်းဆုံး တုံ့ပြန်သွားမယ်လို့ ရေးဘီလူးအဖွဲ့ဆို
📌 ၆။ နွေဦးစံရိပ်မွန် အိမ်ရာများကို ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်၍ EOD Agents များထံ စာရင်းပေးသွင်းနိူင်
📌 ၇။ ခင်ဦးမြို့တွင်းမှ စကစ စခန်းသို့ ဆိုင်ကယ်စီးပြန်လာသော စကစ (၁) ဦးကို မြို့လည် လမ်းမတော် ၏ လမ်းမကြီးပေါ်တွင် ပျောက်ကြား စစ်ဆင်ရေးဖြင့် တိုက်ခိုက်၍ တစ်ဦးသေဆုံး
📌 ၈။ ဇန်နဝါရီလတစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲအကြိမ်ပေါင်း (၃၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား (၂၂) ဦး သေဆုံးခဲ့
📌 ၉။ အရာတော်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တရားရေးမှ ပြစ်မှု ၇ မှု၊ တရားမမှု ၃ မှု ဖြေရှင်းပြီးစီး
📌 ၁၀။ ၆၀မမ လက်နက်ကြီး စကစတပ်ထံကနေ သိမ်းဆည်းရမိတယ်လို့ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့ Yoma-Fighter-တပ်ခွဲ ကဖော်ပြအသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို PDF များ ပစ်ချနိုင်ခဲ့
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွါးခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို PDF များ ပစ်ချနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၃ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ဖေဖော်ဝါရီလ (၃)ရက်နေ့၊ နေ့လည် (၃:၄၅)နာရီခန့်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခန္တီးခရိုင်တပ်ရင်း (၁)- ဟုမ္မလင်း၊ HPDF-124 ၊ HPDF၊ HPDF မိုးကြိုးနှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပျက်ကျအောင် တိုက်ခိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူ့တပ်သားနှင့် ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂)ဦး ကျဆုံးခဲ့ပါတယ်။
ဖေဖော်ဝါရီ၁ရက်နေ့ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့အား ခန္တီးခရိုင်အမှတ်၁တပ်ရင်း-ဟုမ္မလင်း၊ HPDF၊ HPDF-124၊ HPDFမိုးကြိုးစသည့် မဟာမိတ်တပ်ပေါင်းစုမှ စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီမှ ရဟတ်ယဉ်ဖြင့် သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့သော်လည်း မဟာမိတ်တပ်ပေါင်းစုမှ အထိအခိုက်အကျအရှူံးမရှိပဲ ရွှေပြည်အေးမြို့အားသိမ်းပိုက်နိုင်ခဲ့တယ်လို့ ခန္တီးခရိုင်အမှတ်၁တပ်ရင်း-ဟုမ္မလင်းကဆိုထားပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက မူလတန်း ဆရာအတတ်ပညာသင်တန်း Primary Teachership Course- PTC (ဒုတိယအကြိမ်) ဝင်ခွင့်လျှောက်လွှာခေါ်ယူ
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက မူလတန်း ဆရာအတတ်ပညာသင်တန်း Primary Teachership Course- PTC (ဒုတိယအကြိမ်) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူလိုက်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ NUG ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"သင်တန်းသည် စစ်အာဏာရှင် အမြစ်ပြတ်ပျောက်ကွယ်သွားသည်အထိ နည်းအမျိုးမျိုးဖြင့် တော်လှန်ဆန့်ကျင်သော ပြည်သူများအတွက် ပညာရေးအခွင့်အလမ်းမဆုံးရှုံးစေရန်နှင့် ဆရာအင်အား ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ရည်ရွယ်၍ အမျိူးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန National Unity Government (NUG-MoE) ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဆရာအတတ်ပညာ သင်တန်းဖြစ်တယ်"လို့ဆိုပါတယ်။
ပထမအကြိမ်အဖြစ် သင်တန်းအပတ်စဉ် (၁) မှ (၇) အထိ ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ကာ ယခု ဒုတိယအကြိမ်တွင် အပတ်စဉ် (၄) ခု ဖွင့်လှစ်မည် ဖြစ်ပြီး၊ အပတ်စဉ်တစ်ခုစီတွင် သင်တန်းသား (၂၅၀) ဦးကိုလက်ခံပို့ချပေးမှာဖြစ်ပါတယ်။ အပတ်စဉ်တစ်ခုစီ၏ သင်တန်းကာလမှာ (၃) လ ဖြစ်ပြီးအပတ်စဉ်အလိုက်တက်ရောက်ခွင့်ရရှိကြောင်း အကြောင်းကြားစာကို (၂၄-၂-၂၀၂၃ မှ ၂၈-၂-၂၀၂၃ ) အတွင်း လျှောက်ထားသူ၏ Email သို့ ပေးပို့မှာဖြစ်ပါတယ်။
========================
📌📌 ၃။ တိုက်ပွဲဆင်နေသည့် ကာလဖြစ်၍ အင်မတန်မှ သတိကောင်းစွာ ထားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြား
တိုက်ပွဲဆင်နေသည့် ကာလဖြစ်၍ အင်မတန်မှ သတိကောင်းစွာထားကြရမယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးကဆိုပါတယ်။
"ယခုအခြေအနေသည် ၂၀၂၃ ခုနှစ်၊ တစ်နှစ်မဟာဗျူဟာ အစီအစဉ်အရ ဆောင်ရွက်နေကြ၍ တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမည် ဖြစ်ကြောင်း၊ လက်ရှိကာလတွင် တိုက်ပွဲဆင်နေသည့် ကာလဖြစ်၍ အင်မတန်မှ သတိကောင်းစွာ ထားကြရမည်ဖြစ်ကြောင်း၊ အားလုံး လက်ရှိအနေအထားကို ကြိုးကြိုးစားစားနှင့် ဆောင်ရွက်သွားကြပါစို့"လို့ဝန်ကြီးက တိုက်တွန်းဆိုပါတယ်။
ထို့နောက် ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများမှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ တပ်ထဲက အပြင်ကိုတောင် မထွက်ရဲပဲ နေရတဲ့အချိန်မှာ စစ်အုပ်ချုပ်ရေးဆိုတာ သရော်သလို ဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား
တပ်ထဲက အပြင်ကိုတောင် မထွက်ရဲပဲ နေရတဲ့အချိန်မှာ စစ်အုပ်ချုပ်ရေးဆိုတာ သရော်သလို ဖြစ်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ မေးမြန်းရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။
"စစ်အာဏာရှင် လက်အောက် ရောက်နေမှတော့ စစ်အုပ်ချုပ်ရေး ဖြစ်နေခဲ့တာပဲလေ။ သို့ပေမယ့် ခု ထုတ်တဲ့သဘောကတော့ သာမာန်ပြည်သူတစ်ဦးကို ချက်ခြင်း ဖမ်းဆီးပြီး စစ်တရားရုံးနဲ့ နေ့ချင်း အမိန့်ချခွင့် ကိုပေးလိုက်တာပါ။ ရယ်စရာကောင်းတာက ခု သူတို့ ထုတ်တဲ့ နေရာအားလုံး က တို့ ဖက်က နယ်မြေစိုးမိုးထားတဲ့နေရာတွေ ဖြစ်နေတယ်။ သူတို့ တပ် တချို့ ရှိပေမယ့် တပ်ထဲက အပြင်ကိုတောင် မထွက်ရဲပဲ နေရတဲ့အချိန်မှာ စစ်အုပ်ချုပ်ရေးဆိုတာ ကိုယ့် ကိုယ်ကို သရော် နေသလို ဖြစ်နေတယ်"လို့ ဝန်ကြီးက ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကအသစ် ပြန်လည်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီမှ မြန်မာနိုင်ငံအတွင်းရှိ တိုင်းနဲ့ ပြည်နယ် (၈)ခုမှ မြို့နယ် (၃၇)ခုကို စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာကြောင်း ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ စစ်အုပ်ချုပ်ရေး(Martial Law) ကြေညာခဲ့တဲ့ မြို့နယ်တွေမှာ ကယားပြည်နယ်အတွင်းက ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘောလခဲမြို့နယ်တို့ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးက (၁၁) မြို့နယ်၊ မကွေးတိုင်းဒေသကြီးက (၅)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက (၅)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးက (၂)မြို့နယ်၊ ချင်းပြည်နယ်က (၇)မြို့နယ်၊ မွန်ပြည်နယ်က (၁)မြို့နယ်၊ ကရင်ပြည်နယ်က (၂)မြို့နယ်တို့ ပါဝင်ပါတယ်။
========================
📌📌 ၅။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့အပေါ် အကောင်းဆုံး တုံ့ပြန်သွားမယ်လို့ ရေးဘီလူးအဖွဲ့ဆို
စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်တဲ့အပေါ် အကောင်းဆုံး တုံ့ပြန်သွားမယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ က ဆက်သွယ်မေးမြန်းရာမှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
"စစ်အုပ်ချုပ်မှုအပေါ်အကောင်းဆုံး လက်တုံ့ပြန်သွားမယ်။ လေကြောင်းရန် တစ်ခုပဲ ကျနော်တို့ကာကွယ်ရမယ်။ ခြေလျင်နဲ့ အင်အား အလုံးအရင်း လာတာကို သိပ်ဂရုမစိုက်ဘူးဗျ။ နောက် တစ်ခုက အရင်တည်းက မွန်ပြည်ထဲ စစ်အုပ်ချုပ်ရေးနဲ့ လည်ပတ်နေတာမို့လို့ ဘယ်သူပဲတက်တက် ခေါင်းစဥ်ပဲပြောင်းပြောင်း ဒါကိုအကောင်းဆုံး တုံ့ပြန်သွားမယ်။ ဒါကိုပြည်သူကို ချပြချင်တယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစက ထုတ်ပြန်လိုက်တဲ့ စစ်အုပ်ချုပ်ရေးသတ်မှတ်တဲ့မြို့နယ်များမှာ မွန်ပြည်နယ်ရေးမြို့လည်းအပါအဝင်ဖြစ်ပါတယ်။
========================
📌📌 ၆။ နွေဦးစံရိပ်မွန် အိမ်ရာများကို ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်၍ EOD Agents များထံ စာရင်းပေးသွင်းနိူင်
နွေဦးစံရိပ်မွန် အိမ်ရာများကို ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည်ဖြစ်၍ EOD Agents များထံ စာရင်းပေးသွင်းနိူင်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၃ ရက်မှာ EOD က အသိပေးဖော်ပြပါတယ်။
"(နွေဦးစံရိပ်မွန် ၁၊၂၊၃) အိမ်ရာများကို ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားပါမယ်။ တော်လှန်ပြည်သူများ အားဖြည့်ဝယ်ယူလို့သည့် တိုက်ခန်းတည်နေရာ (မင်္ဂလာဒုံ၊ လှိုင်သာယာ၊ တောင်ဒဂုံ) နှင့် တိုက်ခန်းအမျိုးအစားများအား သေချာပေါက်ရရှိစေရန် ရည်ရွယ်၍ EOD Agents များထံ စာရင်းသွင်းခြင်း၊ လိုအပ်သော ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
စီမံဆောင်ရွက်မှုများ ချောမွေ့စေရန်နှင့် တော်လှန်ပြည်သူတို့ လိုလားချက်များအား ဖြည့်ဆည်းပေးနိုင်စေရန်အတွက် ကြိုတင်စာရင်းပေးသွင်းကြဖို့ တိုက်တွန်းထားပါတယ်။ ဆက်လက်၍လည်း အချိန်မှီ စာရင်းပေးသွင်းရန် လိုအပ်ခဲ့သည် ပြည်သူများအတွက် ဖြည့်စွက်ရောင်းချခြင်းများကို ကြိုးပမ်းလုပ်ဆောင်ပေးသွားမယ်လို့သိရပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့တွင်းမှ စကစ စခန်းသို့ ဆိုင်ကယ်စီးပြန်လာသော စကစ (၁) ဦးကို မြို့လည် လမ်းမတော် ၏ လမ်းမကြီးပေါ်တွင် ပျောက်ကြား စစ်ဆင်ရေးဖြင့် တိုက်ခိုက်၍ တစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မှစကစ စခန်းသို့ ဆိုင်ကယ်စီးပြန်လာသော စကစ (၁)ဦးကို မြို့လည် လမ်းမတော် ၏ လမ်းမကြီးပေါ်တွင် ပျောက်ကြား စစ်ဆင်ရေးဖြင့် တိုက်ခိုက်၍ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ရက် နံနက် (၁၀) နာရီ အချိန်ခန့်တွင် ခင်ဦးမြို့တွင်းမှ စကစ စခန်းသို့ ဆိုင်ကယ်စီး၍ပြန်လာသော စကစတပ်ဖွဲ့ဝင် (၁)ယောက်ကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ဆင်ရေးကို ခင်ဦးမြို့နယ် မြို့နယ် ပကဖ နှင့် မြို့ပြ ပျောက်ကြား (UG)အဖွဲ့မှ ပျောက်ကြား စစ်ဆင်ရေးဖြင့် တိုက်ခိုက်၍ သေဆုံးခဲ့တာလို့ အတည်ပြုပါတယ်။ စကစ တပ်သား နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကာ စကစ ကိုင်ဆောင်ခဲ့သော G3 လက်နက် (၁)လက်၊ ကျည်ဘောက် (၁)ဘောက် နှင့် ကျည် (၉)တောင့်ကို ကာကွယ်ရေးအဖွဲ့များမှ သိမ်းဆည်းခဲ့ပါတယ်။
========================
📌📌 ၈။ ဇန်နဝါရီလတစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲအကြိမ်ပေါင်း (၃၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား (၂၂) ဦး သေဆုံးခဲ့
ဇန်နဝါရီလ တစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲအကြိမ်ပေါင်း (၃၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား (၂၂) ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ စစ်ရေးသတင်းကို KNDF ကအသိပေးဆိုပါတယ်။
"ဇန်နဝါရီလတစ်လတာအတွင်း ကရင်နီပြည်အတွင်း တိုက်ပွဲအကြိမ်ပေါင်း (၃၆) ကြိမ် ဖြစ်ပွားခဲ့ပြီး၊ KNDF မှ ရှောင်တခင် တိုက်ခိုက်မှု (၁၀) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အထက်ပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား (၂၂) ဦး သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့၊ တီးလုံကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ ဇန်နဝါရီလ (၂၂)၊ (၂၃)နှင့် (၂၄)ရက်နေ့တို့တွင် လေကြောင်းဖြင့် (၄)ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှလည်း ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ် နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် (၅) လုံးပျက်စီးခဲ့သည့်အပြင်၊ ဘုန်းကြီးကျောင်း (၂) ကျောင်း နှင့် စေတီတစ်ဆူ ပျက်စီးခဲ့ရပြီး ထို့အတူ အရပ်သား (၁) ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကာ (၅) ဦးဒဏ်ရာရခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။
========================
📌📌 ၉။ အရာတော်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တရားရေးမှ ပြစ်မှု ၇ မှု၊ တရားမမှု ၃ မှု ဖြေရှင်းပြီးစီး
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တရားရေးမှ ပြစ်မှု ၇မှု၊ တရားမမှု ၃ မှု ဖြေရှင်းပြီးစီး ဆောင်ရွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။
"ပြီးခဲ့သည့် လပိုင်းအတွင်း အရာတော်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တရားရေးမှ ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် ပြစ်မှု ၉ မှုရှိပြီး ၇ မှု ဖြေရှင်းပြီးစီးပြီဖြစ်ပါတယ်။ တရားမမှု ၃ မှုကိုလည်း ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရဟာ ထိန်းချုပ် စိုးမိုးနယ်မြေများမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၁၀။ ၆၀မမ လက်နက်ကြီး စကစတပ်ထံကနေ သိမ်းဆည်းရမိတယ်လို့ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့ Yoma-Fighter-တပ်ခွဲ ကဖော်ပြအသိပေး
၆၀မမ လက်နက်ကြီး စကစတပ်ထံကနေ သိမ်းဆည်းရမိတယ်လို့ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့ Yoma-Fighter-တပ်ခွဲ က ဖော်ပြအသိပေးဆိုပါတယ်။ ဖေဖော်ဝါရီ ၂ ရက် ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့ Yoma-Fighter-တပ်ခွဲ ကအသိပေးဆိုပါတယ်။
"ကျွန်စိတ်ပေါက်နေတဲ့ အပေါင်းပါတွေရယ် စကစတပ်တွေရယ်ကို တက်သိမ်းပြီး ရခဲ့တဲ့/၆၀/မမ ဒီလိုနောက်များများထက် သိမ်းပိုက်နိုင်အောင် ကူညီပံ့ပိုးပေးစေချင်ပါတယ် တက်အားသမျှ ပါဝင်လှူကြပါ"အရေးတော်ပုံ မုချအောင်ရမည်"လို့ဆိုပါတယ်။ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့ Yoma-Fighter-တပ်ခွဲဟာ စကစတပ်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment