၂၀၂၃ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် မွန်တိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ NUCC က မွန်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့
📌 ၂။ အရေးကြီးတဲ့ စစ်ရေးစီမံချက်အကောင်အထည်ဖော်ဖို့ရှိနေတဲ့ ဧရိယာတွေနဲ့ခရိုင်တွေမှာ အထူးဦးစားပေး လက်နက်တပ်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဆို
📌 ၃။ နွေဦးစံရိပ်မွန်အိမ်ရာများ ၃ မြို့နယ်အတွက် ကြိုတင်ဝယ်ယူ အမှာစာ စာရင်းကောက်ယူရာ တိုက်ခန်းပေါင်း ၃၆၀၀ နီးပါးထိ အမှာတိုးလာ၍ အခန်းထပ်တိုးမယ်
📌 ၄။ တနင်္သာရီမှာ စစ်ရေးအရ ဆောင်ရွက်လို့ ကျန်းမာရေးအရ လိုအပ်လာရင် စောင့်ရှောက်မှုပေးနိူင်အောင် ဆေးရုံတည်ထားပေး၍ အထူးကုဆရာဝန်များ စေလွှတ်ထားတယ်လို့.ဆို
📌 ၅။ တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် အားလုံးစုစုစည်းစည်းဖြင့် ပါဝင်သွားရန် ပြည်ထဲရေးဒုဝန်ကြီးတိုက်တွန်း
📌 ၆။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နဲ့ တွေ့ဆုံ
📌 ၇။ မြန်မာနိုင်ငံရှိ ၅ နှစ်အောက် ကလေးငယ် ၁၀ ယောက်မှာ ၃ ယောက်က သင့်တော်တဲ့ အာဟာရ မရရှိဘဲကြီးထွားနှုန်းတန့်ပြီး သေးကွေးနေ
📌 ၈။ ‘နွေဦးအောင်လံလွှင့်တင်ဖို့ Federal drone တွေ ဝဲပျံစို့' Campaign မှ စုစုပေါင်း အမေရိကန် ဒေါ်လာတစ်သိန်းကျော်ရရှိခဲ့
📌 ၉။ စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်တွင် စကစနှင့်ပေါင်းပြီး ဂျင်ဝိုင်းလက်ခံနေတဲ့သတင်းပေးကို ဝင်ရောက်ပစ်ခတ်ရာ ဒုဗိုလ်အပါအ၀င် ၆ ဦးသေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရမိ
📌 ၁၀။ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်း ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အင်းဝဘဏ်ရဲကင်း ဗုံးပစ်ခံရ
📌 ၁၁။ တနင်္သာရီမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း စက်တပ်လှေဖြင့် တင်ဆောင်လာသော ဘိန်းစာမှုန့် (၃၅၁၀၀)အား ဖမ်းဆီးရမိ၍ မြစ်ထဲမှာဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် မွန်တိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ NUCC က မွန်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် မွန်တိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ NUCC က မွန်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက် (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က သဝဏ်လွှာပေးပို့ချက်အရသိရပါတယ်။
မွန်တိုင်းရင်းသားတို့ (၇၆) နှစ်တိုင်တိုင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေး သန္နိဋ္ဌာန်သည် ကာလရှည်ကြာ မြန်မာ့နိုင်ငံရေးပြဿနာအား အဖြေရှာရေး အဓိက လိုအပ်ချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် လွန်စွာ အရေးကြီးသည့် အခြေခံအုတ်မြစ်လည်း ဖြစ်နေပါတယ်လို့ ဆိုပါတယ်။
ထိုအခြေခံအုတ်မြစ်ဖြင့် တည်ဆောက်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးသည် စစ် အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မချုပ်ငြိမ်းသရွေ့ ထူထောင်နိုင်မည် မဟုတ်သလို ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစစ်အမှန်သည်လည်း ရရှိနိုင်မည်မဟုတ်ကြောင်း နှစ်(၇၀) ကျော်ကြာ နိုင်ငံရေးပြသာနာများက မီးမောင်းထိုးပြလျက် ရှိပါတယ်။ ထို့ကြောင့် လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံးလက်တွဲလျက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အဆုံးသတ်စေရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါတယ်။ ထိုသို့ တော်လှန် တိုက်ပွဲဝင်ကြရာတွင် မွန်တိုင်းရင်းသားများ၊ မွန်ပါတီများအပါအဝင် မွန်တော်လှန်ရေး အင်အားစုများ၏ အသက်သွေးချွေးစွန့်လွှတ်ကာ တိုက်ပွဲဝင်နေကြသည်မှာ မျက်မှောက်ခေတ်သမိုင်းတွင် အထင်အရှားပင်ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
သို့ဖြစ်ရာ ယခုမွန်အမျိုးသားနေ့ (၇၆) ကြိမ်မြောက်အခါသမယတွင် မွန်တိုင်းရင်းသားတို့ အပါအဝင် ပြည်သူတစ်ရပ်လုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အခြေခံအုတ်မြစ် ဖြစ်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှရေးအတွက် ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့် မွန်တိုင်းရင်းသားများနှင့်အတူ တွဲလက်မြဲမြံစွာ တော်လှန် တိုက်ပွဲဝင်သွားမည်ဟု အလေးအနက် ကတိသစ္စာပြုအပ်ပါကြောင်း သဝဏ်လွှာပေးပို့ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၂။ အရေးကြီးတဲ့ စစ်ရေးစီမံချက်အကောင်အထည်ဖော်ဖို့ရှိနေတဲ့ ဧရိယာတွေနဲ့ခရိုင်တွေမှာ အထူးဦးစားပေး လက်နက်တပ်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဆို
အရေးကြီးတဲ့ စစ်ရေးစီမံချက် အကောင်အထည်ဖော်ဖို့ရှိနေတဲ့ ဧရိယာတွေနဲ့ခရိုင်တွေမှာ အထူးဦးစားပေး လက်နက်တပ်ဆင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ပြည်သူ့ခုခံတော်လှန်စစ် မေးကြဖြေကြမယ် Myanmar Global Townhall တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။
"လတ်တလောမှာ အရေးကြီးတဲ့ စစ်ရေးစီမံချက်အကောင်အထည်ဖော်ဖို့ရှိနေတဲ့ ဧရိယာတွေ၊ခရိုင်တွေမှာတော့ အထူးဦးစားပေး လက်နက်တပ်ဆင်ရတာရှိပါတယ်။ အတည်ပြုပြီးတပ်ရင်းတိုင်းကို လစဥ်ရိက္ခာနဲ့ လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့တဲ့ အစီအစဥ်ရှိပါတယ်။ အဲဒီတော့ ရိက္ခာအပြင် လိုအပ်တဲ့ မွမ်းမံသင်တန်းတွေကိုလည်း တပ်ရင်းအလိုက်၊ ခရိုင်အလိုက်၊ စစ်ဒေသအလိုက် ဆောင်ရွက်ရတာရှိပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ ဖွဲ့၊ မြို့နယ်ပကဖပေါင်း ၂၆၀ ဖွဲ့စည်းပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ နွေဦးစံရိပ်မွန်အိမ်ရာများ ၃ မြို့နယ်အတွက် ကြိုတင်ဝယ်ယူ အမှာစာ စာရင်းကောက်ယူရာ တိုက်ခန်းပေါင်း ၃၆၀၀ နီးပါးထိ အမှာတိုးလာ၍ အခန်းထပ်တိုးမယ်
နွေဦးစံရိပ်မွန်အိမ်ရာများ ၃ မြို့နယ်အတွက် ကြိုတင်ဝယ်ယူ အမှာစာ စာရင်းကောက်ယူရာ တိုက်ခန်းပေါင်း ၃၆၀၀ နီးပါးထိ အမှာတိုးလာ၍ အခန်းထပ်တိုးမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ကပြောပါတယ်။ ဖေဖော်ဝါရီ ၅ ရက်ပြည်သူ့ခုခံတော်လှန်စစ် မေးကြဖြေကြမယ် Myanmar Global Townhall တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်ကဆိုပါတယ်။
"တန်ဖိုးသင့်အိမ်ခန်းတွေကို လှိုင်သာယာ၊ တောင်ဒဂုံ၊ မဂ်လာဒုံ ၃မြို့နယ်မှာ မူလရည်ရွယ်ထားတာ တော့တိုက်ခန်းပေါင်း ၃၀၀၀ ပေါ့။ တန်ဖိုးသင့်ပါ။ တန်ဖိုးနည်းမဟုတ်ပါဘူး။ သို့သော် ဖေဖော်ဝါရီ ၁၁ ရက်နေ့မရောက်ခင် ဒီနေ့အထိ ကြိုတင် အမှာစာ လက်ခံရရှိတာ တိုက်ခန်းပေါင်း ၃၅၀၀ ကျော် ၃၆၀၀ နီးပါးအထိ အမှာစာများရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့် အခန်းတွေကို ထပ်တိုးနိူင်အောင်လုပ်ဆောင်ပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။ ပြည်သူလူထု၏ ချွေးနည်းစာများဖြင့် ဝယ်ယူမည်ဖြစ်သော တိုက်ခန်းများအတွက် ပြည်သူအား အလေးထားလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ တနင်္သာရီမှာ စစ်ရေးအရ ဆောင်ရွက်လို့ ကျန်းမာရေးအရ လိုအပ်လာရင် စောင့်ရှောက်မှုပေးနိူင်အောင် ဆေးရုံတည်ထားပေး၍ အထူးကုဆရာဝန်များ စေလွှတ်ထားတယ်လို့.ဆို
တနင်္သာရီမှာ စစ်ရေးအရ ဆောင်ရွက်လို့ ကျန်းမာရေးအရလိုအပ်လာရင် စောင့်ရှောက်မှုပေးနိူင်အောင် ဆေးရုံတည်ထားပေး၍ အထူးကုဆရာဝန်များ စေလွှတ်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ ဖေဖော်ဝါရီ ၅ ရက်ကျင်းပတဲ့ ပါဝင်လက်တွဲ တနင်္သာရီအောင်ပွဲ တတိယအကြိမ်(ဥရောပဒေသဆိုင်ရာ) fundraising အခမ်းအနားမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
"တနင်္သာရီမှာ စစ်ရေးအရ ဆောင်ရွက်လို့ ကျန်းမာရေးအရလိုအပ်လာရင် စောင့်ရှောက်မှုပေးနိူင်အောင်အရင်ကတည်းကပြင်ထားပါတယ်။ ကျနော်တို့ဆောက်မယ့် ဆေးရုံအားလုံး၆ခု မှာ ၁ခုက တနင်္သာရီအတွက် ဆေးရုံ ၁ ရုံပါပါတယ်။ ဒါ့အပြင်ခုနောက်ပိုင်း ခွဲနိူင်စိပ်နိူင်အောင် အထူးကု တချို့လည်း အဲဒီကိုပို့နေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် စကစတပ်များဟာ လတ်တလောလေကြောင်းကို အသုံးပြု၍ ဆေးရုံးများကို ဗုံးကြဲတိုက်ခိုက်မှုတို့ရှိနေပြီး ဆရာဝန်နဲ့ သူနာပြုများကို သတ်ဖြတ်နေကြောင်း ၊ ကျန်းမာရေး စောင့်ရှောက်ကုသပေးမှုကို အထူးဂရုပြုနေရတယ်လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၅။ တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် အားလုံးစုစုစည်းစည်းဖြင့် ပါဝင်သွားရန် ပြည်ထဲရေးဒုဝန်ကြီးတိုက်တွန်း
တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် အားလုံးစုစုစည်းစည်းဖြင့်ပါဝင်သွားရန် ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးကဆိုပါတယ်။ ဖေဖော်ဝါရီ ၅ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဒုဝန်ကြီးက ဆိုပါတယ်။
"တော်လှန်ရေးကာလတွင် ပေးဆပ်၍ တာဝန်ယူနေကြသူများအားလုံးကို ဂုဏ်ယူပါကြောင်း၊ လက်ရှိနိုင်ငံရေးအခြေအနေအရ အခက်အခဲများကြားမှ ပါဝင်လျက်ရှိသူများအားလုံးကို ထဲထဲဝင်ဝင်မှတ်တမ်း တင်ထားရမည်ဖြစ်ကြောင်း၊ ရှေ့ဆက်ပြီး တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် အားလုံးစုစုစည်းစည်းဖြင့် ပါဝင်သွားရန်ဖြစ်ကြောင်း၊ မြေပြင်မှာဆောင်ရွက်နေကြသည့် အခြေအနေ အခက်အခဲများကို ဆွေးနွေးကြပြီး ကောင်းသောအကြံဉာဏ်၊ ကောင်းသော အတွေးအခေါ်များပေးကြရန် ဖြစ်ကြောင်း “ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနှင့်ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ပါမောက္ခ ဒေါ်မီမီဝင်းဘတ် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နဲ့ တွေ့ဆုံ
ပါမောက္ခ ဒေါ်မီမီဝင်းဘတ် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်နဲ့တွေ့ဆုံခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ - ကိုရီးယားက အသိပေးဆိုပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက် တနင်္ဂနွေနေ့ ကိုရီးယားဒေသ စံတော်ချိန် နံနက် (၁၁)အချိန်တွင် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ လာရောက်၍ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် လာရောက်တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ ထိုသို့တွေ့ဆုံစဉ် လက်ရှိမြန်မာနိုင်ငံရေး အခြေနေနှင့် စပ်လျှဉ်း၍ ဆွေးနွေးကြပါတယ်။
ထို့နောက်ပါမောက္ခ ဒေါ်မီမီဝင်းဘတ်နှင့် ကိုရီးယားနိုင်ငံရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ ခန်းမဆောင်တွင် နေ့လည် (၁)နာရီအချိန်၌ ပြုလုပ်၍ မြန်မာနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၇။ မြန်မာနိုင်ငံရှိ ၅ နှစ်အောက် ကလေးငယ် ၁၀ ယောက်မှာ ၃ ယောက်က သင့်တော်တဲ့ အာဟာရ မရရှိဘဲကြီးထွားနှုန်းတန့်ပြီး သေးကွေးနေ
မြန်မာနိုင်ငံရှိ ၅ နှစ်အောက် ကလေးငယ် ၁၀ ယောက်မှာ ၃ ယောက်က သင့်တော်တဲ့ အာဟာရမရရှိဘူးလို့ ယူနီဆတ်မြန်မာက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ယူနီဆတ် မြန်မာက အသိပေးဖော်ပြပါတယ်။
"မြန်မာနိုင်ငံရှိ ၅ နှစ်အောက် ကလေးငယ် ၁၀ ယောက်မှာ ၃ ယောက်က သင့်တော်တဲ့ အာဟာရ မရရှိကြတဲ့အတွက် ကြီးထွားနှုန်းတန့်ပြီး သေးကွေးနေကြပါတယ်။ ဒါဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုကိုသာမကဘဲ သူတို့ရဲ့ ကျန်းမာရေးနဲ့ အနာဂတ်ကိုပါ ထိခိုက်စေနိုင်ပါတယ်"လို့ဖော်ပြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိူင်ငံရှိ ကလေးငယ်များဟာ လုံလောက်တဲ့ ပြုစုစောင့်ရှောက်မှုကို မိဘများထံကမရရှိခဲ့ကြဘူးဖြစ်ပါတယ်။
========================
📌📌 ၈။ ‘နွေဦးအောင်လံလွှင့်တင်ဖို့ Federal drone တွေ ဝဲပျံစို့' Campaign မှ စုစုပေါင်း အမေရိကန် ဒေါ်လာတစ်သိန်းကျော်ရရှိခဲ့
'နွေဦးအောင်လံလွှင့်တင်ဖို့ Federal drone တွေ ဝဲပျံစို့' Campaign မှ စုစုပေါင်း အမေရိကန် ဒေါ်လာတစ်သိန်းကျော် ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ နွေဦးအောင်လံက အသိပေးဆိုပါတယ်။
"နွေဦးအောင်လံလွှင့်တင်ဖို့ Federal drone တွေ ဝဲပျံစို့' Campaign မှ စုစုပေါင်း အမေရိကန် ဒေါ်လာ 102998 ( တသိန်းနှစ်ထောင်ကိုးရာကိုးဆယ့်ရှစ် USD) ရရှိခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်ကနေ Federal အောင်ပွဲအတွက် စကစတွေကို အိပ်မက်ဆိုးပေးဖို့ Federal Wings ရဲ့ drone project မှာ အားတက်သရော ကူညီပေးကြတဲ့ မိဘပြည်သူ အလှူရှင်များ အားလုံးနှင့်တကွ Fundraiser Wings များ Social Influcers များ မြေပြင် ရဲဘော်များ ၊Media များအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။
'နွေဦးအောင်လံ' Campaignဟာ နိုင်ငံ တဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို Federal Wings မှ 'Drone' နည်းပညာအရ ထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်တဲ့ 'Fundraising Campaign' ဖြစ်ပါတယ်။
========================
📌📌 ၉။ စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်တွင် စကစနှင့်ပေါင်းပြီး ဂျင်ဝိုင်းလက်ခံနေတဲ့သတင်းပေးကို ဝင်ရောက်ပစ်ခတ်ရာ ဒုဗိုလ်အပါအ၀င် ၆ ဦးသေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရမိ
စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်တွင် စကစနှင့်ပေါင်းပြီး ဂျင်၀ိုင်းလက်ခံနေတဲ့သတင်းပေးကို ဝင်ရောက်ပစ်ခတ်ရာ ဒုဗိုလ်၂ ပွင့်ဗိုလ်အပါအ၀င် ၆ ဦးသေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက် မွန်းတည့် ၁၂ နာရီအချိန် စစ်ဆင်ရေး ဆောင်ရွက်ခဲ့တယ်လို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့က အသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်တွင် စကစနှင့်ပေါင်းပြီး ဂျင်ဝိုင်းလက်ခံနေသည့် ဒလန်လင်မယား ဦးစိန်ထွန်း ၊ ဒေါ်သိန်းကြည် တို့၏နေအတွင်း၌ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ဖေဖော်ဝါရီ ၅ ရက် ၁၂ နာရီ ခန့်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာ ကားတွင်း၌ ထိုင်နေသော ဒု ၂ ပွင့်ဗိုလ် မျိုးထွန်းသိန်း နှင့် ဂျင်ဝိုင်းနေရာတွင် ၀င်ရောက် ပစ်ခတ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ပစ်ခတ်မှုကြောင့်ဒလန်လင်မယား ဦးစိန်ထွန်း၊ဒေါ်သိန်းကြည်နှင့် စကစ တပ်သား ၃ဦး ကျဆုံး၍ စုစုပေါင်း ကျဆုံးသူ ဒု၂ပွင့်ဗိုလ်အပါအ၀င် ၆ဦး ကျဆုံးပြီး ဒု၂ပွင့်ဆီမှ ၆လုံးဗျူး အတို တစ်လက် သိမ်းဆည်းရရှိမိခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၁၀။ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်း ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အင်းဝဘဏ်ရဲကင်း ဗုံးပစ်ခံရ
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်း ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အင်းဝဘဏ်ရဲကင်း ဗုံးပစ်ခံရပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ "အောင်စည်တော်စစ်ဆင်ရေး"ကို (AST-MDY) ကအသိပေးဖော်ပြပါတယ်။
"ဖေဖော်ဝါရီ ၅ ရက် မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၆ လမ်း ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အင်းဝဘဏ် ရဲကင်းတွင် ကျွန်ုပ်တို့"အောင်စည်တော်စစ်ဆင်ရေး" (AST-MDY) က ဗုံးသွင်းတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ လတ်တလော စကစတပ်များ ထိခိုက်မှုရှိ၊ မရှိအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၁၁။ တနင်္သာရီမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း စက်တပ်လှေဖြင့် တင်ဆောင်လာသော ဘိန်းစာမှုန့် (၃၅၁၀၀)အား ဖမ်းဆီးရမိ၍ မြစ်ထဲမှာဖျက်ဆီး
တနင်္သာရီမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိတနင်္သာရီမြစ်ကြောင်းအတွင်း စက်တပ်လှေဖြင့် တင်ဆောင်လာသော ဘိန်းစာမှုန့်(၃၅၁၀၀)အား ဖမ်းဆီးရမိ၍ မြစ်ထဲမှာဖျက်ဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးဖော်ပြပါတယ်။
"တနင်္သာရီမြို့နယ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေအတွင်းရှိ တနင်္သာရီမြစ်ကြောင်းအတွင်း စက်တပ်လှေဖြင့်တင်ဆောင်လာသော ဘိန်းစာမှုန့်(၃၅၁၀၀)ထုပ်အား ဇန်နဝါရီ ၃၀ ရက်နေ့ (၁၉း၄၅) နာရီအချိန်၌ ဖမ်းဆီးရမိခဲ့ပါတယ်"လို့ဆိုပါတယ်။
ဖမ်းဆီးရမိသော ၎င်းဘိန်းစာမှုန့် (၃၅၁၀၀)ထုပ်အားဖေဖော်ဝါရီ ၄ရက်နေ့၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ မှ မြစ်ချောင်းထဲဖောက်ချ ဖျက်ဆီးခဲ့တယ်လို့ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment