21st MAR 2023 - Evening Daily News by Radio NUG



၂၀၂၃ မတ်လ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချဖို့အတွက် လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြား

📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြရန် ဖိတ်ခေါ်

📌 ၃။ အကြမ်းစစ်တပ်ရဲ့ကျူးလွန်မှုနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သတင်း ပေါင်း ၆၀၀၀၀ နီးပါး ရရှိထားပြီးပြီလို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၄။ ကျားသစ်နက်စစ်ကြောင်း ကျဆုံးရဲဘော်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးညွတ်သဝဏ်လွှာပေးပို့

📌 ၅။ အာဏာရှင်အဖွဲ့အစည်း၏အရာရှိများနှင့်လုံခြုံရေးအဖွဲ့ဝင်များသည် ၄င်းတို့၏ ညှဉ်းပန်းနှိပ်စက်မှုများအတွက် ပြစ်ဒဏ်ခံရခြင်းမှ အကြွင်းမဲ့ကင်းလွတ်နေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ၂၀၂၂ ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်

📌 ၆။ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD မှတပ်ဖွဲ့ဝင်အသစ်ခေါ်ယူ

📌 ၇။ မြို့ပြပြောက်ကျားနဲ့ စစ်ကိုင်းက PDFများအတွက် ရောင်နီပရော့ဂျက်ကို ပြည်သူများပါဝင်ထောက်ပို့နိူင်

📌 ၈။ ပြည်သူ့နွေဦး ကမ်ပိန်းများမှာ စိတ်ကြိုက် ကမ်ပိန်းများကိုပါဝင်ထောက်ပို့နိူင်ပြီ ဖြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချဖို့အတွက် လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြား


မတ်လ၂၁ရက်


မတ်လ၂၁ရက်တွင် ကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်း ပြောကြားခဲ့ပါတယ်။


"ကျနော်တို့အားလုံးရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့ အတွက် တခုတည်းသောနည်းလမ်းကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ ကာကွယ်ရေးတပ်များရဲ့ စုပေါင်းအားနဲ့ တိုက်ထုတ်ဖို့သာဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု တွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။ဒီအချိန်ဟာ ကျနော်တို့ အားလုံးကြားမှာ အခုထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ အကြမ်းဖက်စစ်အုပ်စု ကို ဖြုတ်ချဖို့အတွက် လုပ်ဆောင်ရမယ့် အချိန်ဖြစ်တဲ့အတွက် ပိုမိုစည်းလုံးကြပါစို့လို့လည်း တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် နေပြည်တော်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေဟာ ရှမ်းပြည်နယ်နဲ့၊ ကရင်နီပြည် နယ်မှာ ပူးပေါင်းစစ်ဆင်ရေးတွေကို ဆင်နွှဲနေကြပြီးပူပေါင်းစစ်ဆင်ရေးတွေကတဆင့်  အောင်ပွဲဟာ လက်တကမ်းကို ရောက်လာမှာ မလွဲဘူးလို့ ယာယီသမ္မတကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြရန် ဖိတ်ခေါ်


မတ်လ ၂၁ ရက်


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လွတ်လပ် ပွင့်လင်း စုံလင်မှုဖြင့် မျှဝေ၊ သုံးသပ်၊ ဆွေးနွေးပေးကြရန် ဖိတ်ခေါ်လိုက်ကြောင်း မတ်လ၂၁ရက်မှာ NUCCနဲ့ NUGက အသိပေးဖော်ပြခဲ့ပါတယ်။


၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ထုတ်ပြန်ကြေညာခဲ့သည့် () နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ CDM ဦးဆောင်သူများ၊ အထွေထွေသပိတ်အင်အားစုများ၊ အမျိုးသမီးနှင့် လူငယ်အင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် သဘောတူအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင်  ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပသော ပထမအကြိမ်၊ပြည်သူ့ညီလာခံတွင် အတည်ပြုနိုင်ခဲ့ပါတယ်။ ပြည်သူ့ညီလာခံမှ အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် အများပြည်သူထံ ထုတ်ပြန်နိုင်ခဲ့ပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အစိတ်အပိုင်း () “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းနှင့် အစိတ်အပိုင်း () “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံဟူသည့် အစိတ်အပိုင်းနှစ်ရပ်ဖြင့် ဖွဲ့စည်းထားပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် တော်လှန်ရေးအင်အားစုများအကြား ဆွေးနွေးညှိနှိုင်းရရှိခဲ့သော နိုင်ငံရေးသဘောတူညီချက်တစ်ရပ်ဖြစ်သကဲ့သို့၊ ဖွဲ့စည်းပုံအခြေခံဥပဒဆိုင်ရာ စာရွက်စာတမ်းတစ်ခုလည်းဖြစ်သည်။ ထို့အတူ ပြည်ထောင်စု၏ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို ဆန့်ကျင်သော အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်။


 () နှစ်တာကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် ပတ်သက်၍ အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အစုအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါတယ်။


ပဋိညာဉ်နှစ်ပတ်လည်ကာလအတွင်း အချက်အလက် မျှဝေမှုများ၊ ပို့ချမှုများ၊ ဝေဖန်သုံးသပ်ဆွေးနွေးမှုများ၊ လေ့လာဆန်းစစ်မှုများကို လွတ်လပ်၊ ပွင့်လင်း၊ စုံလင်စွာ ဆက်လက်ဆောင်ရွက်ပေးကြပါရန် အမျိုးသားညီညွတ်ရေး အတိုင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က လေးစားစွာ ကြိုဆိုဖိတ်ခေါ်အပ်ပါတယ်လို့အသိပေးကြေညာထားပါတယ်။


========================


📌📌 ၃။ အကြမ်းစစ်တပ်ရဲ့ကျူးလွန်မှုနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သတင်း ပေါင်း ၆၀၀၀၀ နီးပါး ရရှိထားပြီးပြီလို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို


မတ်လ၂၁ရက်


အကြမ်းစစ်တပ်ရဲ့ကျူးလွန်မှုနဲ့ပတ်သက်လို့ ခိုင်လုံတဲ့ သတင်း ပေါင်း ၆၀၀၀၀ နီးပါး ရရှိထားပြီးပြီလို့ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက မတ်လအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောကြားခဲ့ပါတယ်။


"ကိုယ့်အိမ်မှာ မီးရှို့ခံထိတာတွေ အားလုံးရှိနေပေမယ့် ပြည်သူတွေက နာကြည်းမှုတွေ၊ အမှန်တရားအတွက် ရပ်တည် လိုမှုတွေ၊ ဖော်ဆောင်လိုမှုတွေနဲ့ ကျနော်တို့ကို သတင်းပေးပို့ပါတယ်။ အများကြီးပါ။ ကျနော်တို့ ခိုင်လုံတဲ့ သတင်း ပေါင်း ၆၀၀၀၀ နီးပါး ရရှိပါတယ်။ ဒါက အွန်လိုင်းပေါ်က အချက်တွေတင်မကဘဲ တကယ့်ကို ခိုင်လုံအောင် လုပ် ဆောင်ထားတာတွေ ဖြစ်တယ်။ ဒါတွေက စုဆောင်းထားပြီးသား ဖြစ်ပါတယ်။ ဒါတွေကို တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးလမ်းကြောင်းကို အသုံးပြုပြီးတော့ နိုင်ငံတကာက အကြမ်းဖက်စစ်တပ်ကို အရေးယူဖို့ အတွက် လုပ်ဆောင်မှုတွေ ကျနော်တို့ ကြိုးပမ်းနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၄။ ကျားသစ်နက်စစ်ကြောင်း ကျဆုံးရဲဘော်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးညွတ်သဝဏ်လွှာပေးပို့


မတ်လ၂၁


မတ်လ၂၁ ရက်မှာ ကျားသစ်နက်စစ်ကြောင်းကအခုလိုအသိပေးဖော်ပြပါတယ်။


"ကျားသစ်နက်စစ်ကြောင်း ကျဆုံးရဲဘော်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သော ဦးညွှတ်သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်"လို့ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကျဆုံးရဲဘော်များအတွက် ဦးညွှတ်သ၀ဏ်လွှာအပြင် ကျန်ရစ်သူမိသားစုများကို ထောက်ပံ့မှုများပေးအပ်ခြင်းကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ အာဏာရှင်အဖွဲ့အစည်း၏အရာရှိများနှင့်လုံခြုံရေးအဖွဲ့ဝင်များသည် ၄င်းတို့၏ ညှဉ်းပန်းနှိပ်စက်မှုများအတွက် ပြစ်ဒဏ်ခံရခြင်းမှ အကြွင်းမဲ့ကင်းလွတ်နေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ၂၀၂၂ ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်


မတ်လ ၂၁ ရက်


မြန်မာနိုင်ငံအတွက် ၂၀၂၂ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်ချက်ကို မတ်လ၂၁ရက်မှာ အမေရိကန်သံရုံးရန်ကုန်က အခုလို ဖော်ပြအသိပေးပါတယ်။


"အာဏာရှင်အဖွဲ့အစည်း၏အရာရှိများနှင့်လုံခြုံရေးအဖွဲ့ဝင်များသည် ၄င်းတို့၏ ညှဉ်းပန်းနှိပ်စက်မှုများအတွက် ပြစ်ဒဏ်ခံရခြင်းမှ အကြွင်းမဲ့ကင်းလွတ်နေခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခြင်းများနှင့် အကျင့်ပျက်မှုများအတွက် တာဝန်ရှိသူများကို အာဏာရှင်အဖွဲ့အစည်းမှ အရေးယူခြင်း သို့မဟုတ် အပြစ်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း ခိုင်လုံသောသတင်းအချက်အလက်မရှိပါ"လို့ဆိုထားပါတယ်။


ဒါ့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည့် အရပ်သားခေါင်းဆောင်များသည် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် စစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုများကို ဖြေရှင်းနိုင်မည့် ပြောင်းလဲမှုများ ဖော်ဆောင်နိုင်ရေးတို့ကို ဆက်လက် အားထုတ်ကြိုးပမ်းခဲ့ကြတယ်လို့အစီရင်ခံစာကဆိုပါတယ်။


========================


📌📌 ၆။ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD မှတပ်ဖွဲ့ဝင်အသစ်ခေါ်ယူ


မတ်လ ၂၁ ရက်


ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KDမှတပ်ဖွဲ့ဝင်အသစ်ခေါ်ယူနေပြီလို့ မတ်လ၂၁ရက်မှာ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD မှအသိပေးဆိုပါတယ်။


"ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD သည် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC နိုင်ငံရေးဦးဆောင်လမ်းညွှန်မှုအောက်တွင်တည်ရှိသော တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD တပ်နယ် () သုဝဏ္ဏဘူမိသထုံဒေသ နှင့် တပ်နယ် () ဘားအံဒေသ တို့တွင် တပ်ဖွဲ့အသစ်များကို စတင်လက်ခံခေါ်ယူနေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD ဒရုန်းယူနစ်နှင့် တိုက်ခိုက်ရေးတပ်ခွဲများအတွက် တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူခြင်းဖြစ်ပြီးပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD သို့ တပ်ဖွဲ့ဝင်အသစ်အဖြစ်ဝင်ရောက်လိုသူများအနေနှင့် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD Facebook Page စာမျက်နှာမှ တဆင့် ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၇။ မြို့ပြပြောက်ကျားနဲ့ စစ်ကိုင်းက PDFများအတွက် ရောင်နီပရော့ဂျက်ကို ပြည်သူများပါဝင်ထောက်ပို့နိူင်


မတ်လ၂၁ ရက်


မြို့ပြပြောက်ကျားနဲ့ စစ်ကိုင်းက PDFများအတွက် ရောင်နီပရော့ဂျက်ကို ပြည်သူများပါဝင်ထောက်ပို့နိူင်ပြီလို့ မတ်လအတွင်းမှာ "Project ရောင်နီ "ကိုစတင်မိတ်ဆက်အသိပေးဆိုပါတယ်။


"မန္တလေးတိုင်းရဲ့ နာမည်ကြီး UG စစ်ဆင်ရေးတွေဖြစ်တဲ့ မြနန္ဒာစစ်ဆင်ရေးနှင့် အောင်စည်တော်စစ်ဆင်ရေး စစ်ကိုင်းခရိုင် PDF တပ်ရင်းတခုဖြစ်တဲ့ Myaung Revolution Army (MRA) ရဲ့ ဒရုန်း Mission  မန္တလေးUG ရဲဘော်တွေ ဖွဲ့စည်းထားတဲ့ NDA (National Defense Army)တပ်ရင်းရဲ့ UG Mission တို့ဆီ တိုက်ရိုက်စီးဆင်းမယ့် "Project ရောင်နီ " ဖြစ်ပါတယ်"လို့ဆိုပါတယ်။


Project ရောင်နီမှာ ပါဝင်သူတိုင်းအတွက် ဂုဏ်ပြုလက်မှတ်ကိုလည်း ပေးပို့ပေးသွားမှာဖြစ်ပြီး ၁၀၀၀/၂၀၀၀ မှစလို့ မိမိစိတ်ကြိုက်ပါဝင်အားဖြည့်နိုင်ပါတယ်။ Project ရောင်နီမှာ ပါဝင်နိုင်ဖို့အတွက် International Fundraiser များထံမှ တဆင့်ပါဝင်နိုင်ကြပြီး သက်ဆိုင်ရာ နိုင်ငံအလိုက် ငွေကြေးစနစ်များနဲ့ အလွယ်တကူ ပါဝင်နိုင်စေရန်လည်း စီစဉ်ပေးထားပါတယ်။


========================


📌📌 ၈။ ပြည်သူ့နွေဦး ကမ်ပိန်းများမှာ စိတ်ကြိုက် ကမ်ပိန်းများကိုပါဝင်ထောက်ပို့နိူင်ပြီ ဖြစ်


မတ်လ၂၁


ပြည်သူ့နွေဦးကမ်ပိန်းများမှာ မိမိတို့ကြိုက်နှစ်သက်ရာ ကဏ္ဍာအလိုက်ပါဝင်နိူင်ကြောင်းကို အခုလိုဖော်ပြအသိပေးထားပါတယ်။


Campaign များအတွက် ပါဝင်ကူညီ   ထောက်ပံ့ ဝယ်ယူ လှူဒါန်းနိုင်ပြီး ကမ်ပိန်းများမှာအညာချယ်ရီ အောင်ပွဲဆီ၊Project Spring ဟန်နီနွေဦး၊စည်းရိုး၊တော်လှန်တပ်သား မိုမိုလေးများ ရောင်နီ ပရော့ဂျက်၊ တနင်္သာရီအောင်ပွဲ၊ PRF၊နွေဦးသူရဲကောင်းများအတွက်       ငွေတိုက်စာချုပ်၊ Bond , ၊နွေဦးစံရိပ်မွန် အိမ်ယာများစသည်တို့ပါဝင်ပါတယ်။


အသေးစိတ်အချက်အလက်များသိရှိလိုသူများအနေနဲ့TMPS- ပြည်သူ့နွေဦး လူမှုကွန်ရက်စာမျက်နှာမှာ ကမ်ပိန်းနဲ့ပတ်သက်လို့ဖော်ပြအသိပေးဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment