၂၀၂၃ မတ်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့လူငယ်တွေကို ကိုယ့်ရဲ့ရင်သွေးကဲ့သို့ တန်ဖိုးထားကြဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
📌 ၂။ ပြည်သူမှယုံကြည်စွာအပ်နှင်းထားသော အစိုးရဖြစ်သောကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
📌 ၃။ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သိစေရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သတိပေးပြောကြား
📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
📌 ၆။ စစ်ကိုင်းတိုင်း ကောလင်းက ပြည်သူ ၁၇ဦးနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ ၁၅ဦးကို စစ်ကောင်စီတပ်များ သတ်ဖြတ်ခဲ့၍ အစုလိုက်အပြုံလိုက်သေဆုံးသူ ၃၂ ဦးအထိရှိလာ
📌 ၇။ မဏိပူရ်ပြည်နယ်တွင် ယာယီနေထိုင်ခွင့် စစ်ဘေးရှောင်ကဒ်များ ထုတ်ပေး၍ သွားလာနေထိုင်ခွင့်ပြုရန် ပြည်တွင်းအခြေစိုက်နှင့် အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း (၉၄) ဖွဲ့က မြန်မာအတွက်တောင်းဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့လူငယ်တွေကို ကိုယ့်ရဲ့ရင်သွေးကဲ့သို့ တန်ဖိုးထားကြဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့လူငယ်တွေကို ကိုယ့်ရဲ့ရင်သွေးကဲ့သို့ တန်ဖိုးထားကြဖို့ ယာယီသမ္မတဒူဝါလရှီးလကဆိုပါတယ်။ မတ်လ (၂) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားမှာ ဆိုထားပါတယ်။
"ပျက်စီးသွားတဲ့ စည်းစိမ်ဥစ္စာတွေကို ပြန်ရှာဖွေလို့ရတယ်ဆိုပေမယ့် လူထုကသွေးနဲ့ ချွေးနဲ့ရင်းထားတဲ့ တစ်ကျပ်တစ်ပြားကအစ အင်မတန် တန်ဖိုးရှိပါတယ်။ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို ကိုယ့်ရဲ့ ရင်သွေးကဲ့သို့ တန်ဖိုးထားကြပါလို့ တိုက်တွန်းချင်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖအဖွဲ့ပေါင်း ၂၆၀ခန့်ရှိပြီး ဖြစ်ကာ ရဲဘော်အများစုမှာ လူငယ်များဖြစ်ကြပါတယ်။
========================
📌📌 ၂။ ပြည်သူမှယုံကြည်စွာအပ်နှင်းထားသော အစိုးရဖြစ်သောကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဆို
ပြည်သူမှယုံကြည်စွာအပ်နှင်းထားသော အစိုးရဖြစ်သောကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဆိုလိုက်ပါတယ်။ မတ်လ ၂ ရက် ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်က ဆိုပါတယ်။
"စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံရသော ပြည်သူများ၏ လူမှုဘဝမလုံခြုံမှု ပိုမို ခံစားလာနေရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ မတရားမီးရှို့သတ်ဖြတ်တာတွေအပြင် မသမာသူများ၏ မတရား လုယက်သတ်ဖြတ်မှုများ နေရာတိုင်းတွင်ရှိနေကြောင်း၊ မိမိတို့ အစိုးရသည် ပြည်သူမှယုံကြည်စွာ အပ်နှင်းထားသော အစိုးရဖြစ်သောကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်ရန် လိုကြောင်း၊ ရပ်ရွာလုံခြုံရေးအတွက် တာဝန်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့များ အားကောင်းရန် နှင့်လိုအပ်သော ပြည်သူအခြေပြု ရဲလုပ်ငန်းစနစ်များ ဆောင်ရွက်နိုင်ရန် လိုအပ်သော သင်တန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် စီမံပေးရန်လိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၈/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေး ခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သိစေရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သတိပေးပြောကြား
အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သိစေရမယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သတိပေးပြောကြားလိုက်ပါတယ်။ မတ်လ ၂ ရက် PDF ရဲဘော်များသို့ - NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ပြောကြားချက်မှာ ထည့်သွင်းဆိုထားပါတယ်။
"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတော့ PDF တပ်မတော်အတွက် ဂုဏ်ယူစရာ လတစ်လ ဖြစ်ခဲ့တယ်။ ဒီလ အတွင်း စစ်တိုင်းနဲ့ စစ်ဒေသ (၃) ခုလုံးက PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် (၇၀) တိတိ ဖော်ဆောင်နိုင်ခဲ့ကြတယ်။ တိုက်ပွဲဖော်ဆောင်ရာ ဒေသတွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ နေပြည်တော်တို့ ဖြစ်တယ်။ ပြည်သူကို ဆန့်ကျင်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သူတို့ သိစေရမယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၇၀) အနက် (၆၅)ပွဲ ကိုတော့ (၂၄)နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်ပြီးတော့ စစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း(၂)ခုနဲ့ ရဟတ်ယာဥ်ကွင်း (၁)ခု၊ ကပစစက်ရုံ (၃)ခု၊ တိုင်းစစ်ဌာနချုပ် (၁)ခုနဲ့ တပ်မဌာနချုပ် (၁)ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း (၂၆)ခု၊ ရဲစခန်း (၉)ခု၊ ရန်သူ့စစ်ကြောင်း (၂)ခု၊ ပျုစောထီးစခန်း (၁၅)ခုတို့ ပါဝင်ပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (၉/၂၀၂၃)ကို မတ်လ၂ရက်နေ့ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်မှ အမှာစကားပြောကြားခဲ့ပြီး၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူမှ ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့၏ ရုံးလုပ်ငန်းဆိုင်ရာ လမ်းညွှန်အား ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် ကိစ္စ ရပ်များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
CRPH အလုပ်သမားရေးရာကော်မတီနှင့် NUG စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စစ်ဘေးရှောင်ပြည်သူများနှင့် CDM များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အလုပ်သမားများ စွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စများနှင့် စပ်လျဥ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတွင် ဖွဲ့စည်းထားသော အလုပ်သမားရေးရာကော်မတီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဗီဒီယိုကွန်ဖရင့် မှတစ်ဆင့်မတ်လ ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာမင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက နှုတ်ခွန်းဆက်စကားပြောကြားကာ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။ ထို့နောက် ဝန်ကြီးဌာနမှ တာဝန်ရှိ သူများက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လုပ်ငန်း အလိုက် အသေးစိတ် ရှင်းလင်းပြောကြား၍ ကျေးလက်ဒေသစီးပွားရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် အလုပ်သမားအခွင့်အရေးများ ကာကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ International Labour Standard ဆိုင်ရာသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများနှင့် Forced labour တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး၊ SME လုပ်ငန်းများအတွက် ချေးငွေချပေးခြင်း ကိစ္စများအား ပွင့်လင်းမြင်သာမှုရှိစွာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအတွက် ဆက်လက်ချိတ်ဆက် လုပ်ဆောင်နိုင်ရန် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်း ကောလင်းက ပြည်သူ ၁၇ဦးနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ ၁၅ဦးကို စစ်ကောင်စီတပ်များ သတ်ဖြတ်ခဲ့၍ အစုလိုက်အပြုံလိုက်သေဆုံးသူ ၃၂ ဦးအထိရှိလာ
စစ်ကိုင်းတိုင်း ကောလင်းက ပြည်သူ ၁၇ ဦးနဲ့ စစ်ကိုင်းမြို့နယ်က ပြည်သူ ၁၅ ဦးကို စစ်ကောင်စီတပ်များ သတ်ဖြတ်ခဲ့၍ အစုလိုက်အပြုံလိုက်သေဆုံးသူ ၃၂ ဦးအထိ ရှိလာတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်ညနေပိုင်းမှာ ကသစ်ကုန်းရွာသို့ဝင်၍ ရွာကိုဝိုက်ကာ ကသစ်ကုန်းရွာသား (၁၇) ဦးအားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သတ်ဖြတ်ခဲ့တာလို့ သတင်းရရှိပါတယ်။
"ဖမ်းဆီးခံရတဲ့ ပြည်သူတွေကိုသတ်ဖြတ်လိုက်တယ်ဆိုတာ ကျနော်တို့လည်း အဲဒီလိုပဲသိထားပါတယ်"လို့ ကောလင်းတော်လှန်ရေးအင်အားစု KR Teamကပြောပါတယ်။
ဖမ်းဆီးခံရသောပြည်သူများမှာ ကသစ်ကုန်ရွာသားများဖြစ်ကြသည့် မြင့်ဇော်ဦး၊ ဝင်းဇော်၊ ဖိုးမဲ၊ အောင်သက်နိုင်၊ မျိုးထက်နိုင်၊ ဇင်ကိုမင်း၊ ကျော်တင့်၊ နိုင်ထွေး၊ သောင်းရွှေ၊ ထွန်းဌေး၊ တာတီး၊ ရန်အောင်၊ မောင်ခိုင်၊ နန်းကိုဦး၊ ချဲကို၊ သန်းရွှေ၊ အောင်မျိုးတို့ ဖြစ်တယ်လို့သိရှိရပါတယ်။ အလားတူ မတ်လ ၁ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာထဲ စကစတပ်များ စစ်ကြောင်းထိုး ဝင်ရောက်၍ အရပ်သားပြည်သူ ၁၅ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ လမ်းတစ်နေရာမှာ သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
"စစ်ကြောင်းကဖြတ်တဲ့အခါ ကာကွယ်ရေးတပ်တွေ ဖြတ်မတိုက်ရဲအောင် ဓားစာခံခေါ်တဲ့သဘောပါ။ မလိုတော့တဲ့အခါ ညှင်းပန်းနှိပ်စက်သတ်ဖြတ်လိုက်တာပါ။ အင်မတန်လူမတန်တဲ့လုပ်ရပ်ပါ"လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက အတည်ပြုဆိုပါတယ်။
========================
📌📌 ၇။ မဏိပူရ်ပြည်နယ်တွင် ယာယီနေထိုင်ခွင့် စစ်ဘေးရှောင်ကဒ်များ ထုတ်ပေး၍ သွားလာနေထိုင်ခွင့်ပြုရန် ပြည်တွင်းအခြေစိုက်နှင့် အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း (၉၄) ဖွဲ့က မြန်မာအတွက်တောင်းဆို
မဏိပူရ်ပြည်နယ်တွင် ယာယီနေထိုင်ခွင့် စစ်ဘေးရှောင်ကဒ်များ ထုတ်ပေး၍ သွားလာနေထိုင်ခွင့်ပြုရန် ပြည်တွင်းအခြေစိုက်နှင့် အိန္ဒိယအခြေစိုက်အဖွဲ့အစည်းပေါင်း (၉၄) ဖွဲ့က မြန်မာအတွက်တောင်းဆိုခဲ့ပါတယ်။ မတ်လ ၂ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ ပြည်နယ် အတွင်းဖြစ်ပွားနေသည့် စိုးရိမ်ဖွယ်အခြေအနေများနှင့် စပ်လျဥ်း၍ မြန်မာပြည်တော်လှန်ရေးအစုအဖွဲ့များ ၏ ပူးတွဲထုတ်ပြန်တောင်းဆိုချက်ကို India For Myanmarက အသိပေးဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ၏ အိမ်နီးချင်းနိုင်ငံများနှင့်ဆက်စပ်သည့် နိုင်ငံခြားရေးမူဝါဒ အား ပြုပြင်ပြောင်းလဲကာ မြန်မာစစ်တပ်၏ စစ်အာဏာသိမ်းကြိုးပမ်းမှုများအား ရှုတ်ချ ကန့်ကွက်၍ မြန်မာပြည်သူများ နှင့်အတူ ဒီမိုကရေစီအရေးရပ်တည်ရန် တောင်းဆိုတယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် စစ်ပဋိပက္ခများကြောင့် တရားမ၀င်နယ်စပ်ဖြတ်ကျော်ခဲ့ရသည့် စစ်ဘေးရှောင် ပြည်သူများ အား ဖမ်းဆီးထောင်ချ အရေးယူမှုများကို ရပ်တန့်၍ အကျဥ်းထောင်များက ချက်ခြင်း ပြန်လွှတ်ပေးရန်နှင့် မြန်မာပြည်သူများ၏ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသည့် လက်တွေ့အခက်အခဲများအား လူသားချင်းလေးစား စာနာသောအားဖြင့် မဏိပူရ်ပြည်နယ်တွင် ယာယီနေထိုင်ခွင့် စစ်ဘေးရှောင်ကဒ်များ ထုတ်ပေး၍ သွားလာနေထိုင်ခွင့်ပြုရန်တို့စတဲ့အချက်များကို တောင်းဆိုခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment