၂၀၂၃ ဧပြီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လေကြောင်းရန် ကာကွယ်ရေးပညာပေးလုပ်ငန်းများကို အောက်ခြေတွင် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
📌 ၂။ နွေဦးတော်လှန်ရေး ပြတ်ပြတ်သားသား အနိုင်ရခြေရှိလာပါက ကမ္ဘာကြီးက တော်လှန်ရေးဘက်ကို ပါလာမယ်လို့ဆို
📌 ၃။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရသည့် ပြည်သူ များအတွက် NUGက ထောက်ပံ့ကူညီပေးနေ
📌 ၄။ နွေဦးတော်လှန်ရေးနဲ့အတူ ပါဝင်ခဲ့ပြီး လူသတ်သမား ဖက်ဆစ်တပ်နဲ့ အတူမရှိနေတာကိုပဲ အတိုင်းမသိကျေနပ် ဝမ်းသာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါင်တာဇော်ဝေစိုးဆို
📌 ၅။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၆။ ချက်သမ္မတနိုင်ငံ ပရာဟာမြို့တော်တွင် တော်လှန် သင်္ကြန်ကျင်းပခဲ့
📌 ၇။ ကန့်ဘလူ ပဇီကြီးရွာတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံက ထုတ်တဲ့ A5 တိုက်လေယာဥ်ကို အကြမ်းဖက်စစ်တပ်ကအသုံးပြုခဲ့
📌 ၈။ မင်းတပ်မြို့နယ် ပန်းပါရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံး
📌 ၉။ စကစတပ်များနဲ့ ထိတွေ့တိုက်ပွဲ ၁၀ရက်တာကာလအတွင်း စကစဘက်က (၇၅) ဦးခန့်ကျဆုံး၍ ထိခိုက် ဒဏ်ရာ ရရှိသူ (၆၀) ဦးခန့် ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအတည်ပြုဆို
📌 ၁၀။ အကြမ်းဖက်စစ်တပ်က ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာ လုပ်ကြံသတ်ဖြတ်မှုအားကိုရီးယားနိူင်ငံ ဆိုးလ်မြို့ စစ်သံရုံးနှင့် အရပ်ဘက်သံရုံးရှေ့တို့မှာ လူ၃၀၀နီးပါး ကန့်ကွက်ရှုတ်ချ
📌 ၁၁။ Spring Yangon Phase III ရဲ့ ဒုတိယမြောက် အစီအစဉ်အဖြစ် Spring Inya Condominium (နွေဦးအင်းလျား ကွန်ဒို) ကို ရောင်းချပေးတော့မယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လေကြောင်းရန် ကာကွယ်ရေးပညာပေးလုပ်ငန်းများကို အောက်ခြေတွင် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်
လေကြောင်းရန် ကာကွယ်ရေးပညာပေးလုပ်ငန်းများကို အောက်ခြေတွင် တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဧပြီ ၁၆ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည့် အစိုးရသက်တမ်း (၂)နှစ်ပြည့်နေ့တွင် နိုင်ငံတော် ယာယီသမ္မတမှ ပြည်သူလူထုကို ပြောကြားသည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာပြောပါတယ်။
"အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းရန်ကို ထိထိရောက်ရောက် မကာကွယ်နိုင်သေးခင်မှာ အပြစ်မဲ့ပြည်သူများ ယခုလို ထပ်မံမသေဆုံးအောင် လေကြောင်းရန် ကာကွယ်ရေးပညာပေးလုပ်ငန်းများကို အောက်ခြေတွင် တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်းစစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိ
ပြီး တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
"တစ်ဆက်တည်းမှာ နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ထိထိရောကိရောက် တားဆီးနိုင်ရန် စစ်လက်နက် ရောင်းချသူများအား အမြန်ဆုံးဒဏ်ခတ်အရေးယူပေးပါရန်နဲ့ မိမိတို့အစိုးရကို လေကြောင်းရန် ကာကွယ်ရေးလက်နက်များ အမြန်ဆုံးကူညီထောက်ပံ့ပေးဖို့အလေးအနက်တောင်းဆိုလိုပါတယ်"လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေး ပြတ်ပြတ်သားသား အနိုင်ရခြေရှိလာပါက ကမ္ဘာကြီးက တော်လှန်ရေးဘက်ကို ပါလာမယ်လို့ဆို
နွေဦးတော်လှန်ရေး ပြတ်ပြတ်သားသား အနိုင်ရခြေရှိလာပါက ကမ္ဘာကြီးက တော်လှန်ရေးဘက်ကို ပါလာမယ်လို့ စီမံဘဏ္ဍဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။
ဧပြီ ၁၅ရက် သမ္မတကြီး ဒူဝါလရှီးလ၏ ODC (One Day Challenge) မင်ဘာများနှင့် နှစ်သစ်ကူးဂုဏ်ပြုတွေ့ဆုံပွဲမှာ စီမံ၊ ဘဏ္ဍဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
"မဟာဗျူဟာမြောက်လက်နက်ရရှိဖို့လည်း ကျနော်တို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်အလှမ်းဝေးနေပါသေးတယ်။ အလှမ်းဝေးလို့မရနိူင်ဘူးလားဆိုတော့ ကြိုးပမ်းနေပါတယ်။ တော်လှန်ရေးအရွေ့က ကျနော်တို့သာ ပြတ်ပြတ်သားသားနိုင်နိုင်ပြီလို့ မြင်လာရင် ကမ္ဘာကြီးကလည်း ကျနော်တို့ဘက်ကို ပါလာပါလိမ့်မယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ နိုင်ငံခြားဝင်ငွေနဲ့ ရရှိနေတဲ့ ဘဏ္ဍာရန်ပုံငွေ ဖြတ်တောက်ရေးလုပ်ငန်းတွေကို အဓိကလုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရသည့် ပြည်သူ များအတွက် NUGက ထောက်ပံ့ကူညီပေးနေ
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရသည့် ပြည်သူ များအတွက် NUGက ထောက်ပံ့ကူညီပေးနေတယ်လို့ ဧပြီ၁၆ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထောက်ပံ့မှုသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာသို့ လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် သေဆုံးသူများ၊ ထိခိုက် ဒဏ်ရာရသူများနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားကြရသည့် ပြည်သူ များအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီးဌာနများ၏ ကြီးကြပ်ကွပ်ကဲမှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တာဝန်ခံအသီးသီး၏ စီမံခန့်ခွဲမှုဖြင့် ပြည်ထောင်စု အဆင့်နှင့် မြို့နယ်အဆင့်တို့တွင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
ကန့်ဘလူမြို့နယ် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများ၏ အရေးပေါ်လိုအပ် ချက်များကိုဆန်းစစ်၍ အခြေခံစားသောက်ကုန်နှင့် လူ့အသုံးအဆောင်ပစ္စည်းများကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်စဥ်ကို ကိုယ်တွေ့ကြုံတွေခဲ့ရသည့် ကလေးသူငယ်များ အပါအဝင် ထိခိုက်ခံစားရသူများသည် ယခုအခါစိတ်ပိုင်းဆိုင် ရာထိခိုက်မှု အပြင်းအထန် ခံစားနေရသည့်အတွက်လည်း ဝန်ကြီးဌာနအနေဖြင့် ချိတ်ဆက်ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
========================
📌📌 ၄။ နွေဦးတော်လှန်ရေးနဲ့အတူ ပါဝင်ခဲ့ပြီး လူသတ်သမား ဖက်ဆစ်တပ်နဲ့ အတူမရှိနေတာကိုပဲ အတိုင်းမသိကျေနပ် ဝမ်းသာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါင်တာဇော်ဝေစိုးဆို
နွေဦးတော်လှန်ရေးနဲ့အတူ ပါဝင်ခဲ့ပြီး လူသတ်သမား ဖက်ဆစ်တပ်နဲ့ အတူမရှိနေတာကိုပဲအတိုင်းမသိကျေနပ်ဝမ်းသာတယ်လို့ ဧပြီ ၁၆ရက်နေ့မှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"သေရခြင်းကပိုမြတ်တယ် "ကျွန်တော့်ဘဝမှာ တွေးမိတိုင်း၊ တွေးမိတိုင်း စိတ်အကျေနပ်ရဆုံး အပျော်ရွှင်ရဆုံး အကြည်နူးရဆုံးကတော့ အမှန်တရားဘက် ၊ ပြည်သူ့ဘက်မှာ ရပ်တည်ခဲ့မိတာကိုပါပဲ။ နွေဦးတော်လှန်ရေးနဲ့အတူ ပါဝင်ခဲ့မိတာကိုပါပဲ။ စစ်ရာဇဝတ်ကောင် လူသတ်သမား ဖက်ဆစ်တပ်နဲ့ အတူမရှိနေတာကိုပဲ အတိုင်းမသိကျေနပ်ဝမ်းသာ နေမိပါတယ်။ လူသတ်သမား စစ်ရာဇဝတ်ကောင်ဖက်ဆစ် စစ်တပ်နဲ့အတူနေရခြင်းထက် သေရခြင်းကို ပိုကျေနပ်နေမိတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို လုယူခဲ့ပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို CDMဝန်ထမ်းအများစုပါဝင်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဧပြီ ၁၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၅/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ချက်သမ္မတနိုင်ငံ ပရာဟာမြို့တော်တွင် တော်လှန် သင်္ကြန်ကျင်းပခဲ့
ဧပြီလ ၁၅ ရက်နေ့မှာ ချက်သမ္မတနိုင်ငံ ပရာဟာမြို့တော်တွင် တော်လှန် သင်္ကြန် အခမ်းအနားတစ်ခုကို ကျင်းပခဲ့တယ်လို့ NUG ချက်နိုင်ငံ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် ခေတ်အဆက်အဆက် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေးတို့အတွက် အသက်ဆုံးရှုံးသွားခဲ့ရသူများအတွက် ၁ မိနစ် ငြိမ်သက်ပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားကြသူ ပြည်သူအပေါင်းတို့အတွက် ဆုတောင်းမေတ္တာပို့သပြီး ဝမ်းနည်းခြင်း ၁ မိနစ် ငြိမ်သက်ခြင်းနှင့် စတင်ခဲ့ပါတယ်။
ထို့နောက် အမျိုးသားညီညွတ်ရေး အစိုးရ၏ ချက်သမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး World Press Award Winner ဓာတ်ပုံဆရာ မောက်ခမ်းဝါ၏ ဆုရဓာတ်ပုံနှင့်တကွ အခြားဓာတ်ပုံများကိုလည်း ပြသခဲ့ပါတယ်။
ထို့အပြင် ခေတ်အဆက်ဆက်က သင်္ကြန်ပွဲများနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများနှင့် အတူ သင်္ကြန်အကြောင်း၊ ယခု ၂ နှစ်တာကလအတွင် မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အာဏာရှင်ကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ အနှစ်သာရ ကင်းမဲ့နေရပုံတို့လည်း တင်ပြခဲ့ပါတယ်။
ထို့နောက် Revolution, Resistance, and Regionalism - Vision for new federal union and assessment of international response regarding the issue of Burma အမည်ဖြင့် ဆွေးနွေးပွဲတွင် ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်၊ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ မစ္စတာ Igor Blazevic နှင့် ချက်နိုင်ငံအခြေစိုက် ဘယ်လာရုစ် ဒီမိုကရေစီ အင်အားစုများ၏ ချဲန်ဆဲလ်လား မစ္စ Kryšcina Šyjanok တို့က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌 ၇။ ကန့်ဘလူ ပဇီကြီးရွာတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံက ထုတ်တဲ့ A5 တိုက်လေယာဥ်ကို အကြမ်းဖက်စစ်တပ်ကအသုံးပြုခဲ့
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာတိုက်ခိုက်မှုမှာ တရုတ်နိုင်ငံက ထုတ်တဲ့ A5 တိုက်လေယာဥ်ကို အကြမ်းဖက်စစ်တပ်ကအသုံးပြုခဲ့တယ်လို့ ဧပြီ၁၆ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ လက်နက်ခဲယမ်းကျွမ်းကျင်သူ ကိုမင်းမင်းကအတည်ပြုပြောပါတယ်။
"အသုံးပြုသွားတဲ့ လေယာဉ်ထဲက A5 ဖြစ်တယ်လို့ မြေပြင်သတင်းအချက်အလက်အရ သိရှိရတယ်။ A5ကတော့ တရုတ်နိုင်ငံက ထုတ်တဲ့ အမျိုးအစားဖြစ်တယ်။ သူ့ကတပ်ဆင်အသုံးပြုလေ့ရှိတဲ့ လက်နက်တွေကတော့ ၂၃ မီလီမီတာ စက်အမြောက်နဲ့ ၁၃၀ မီလီမီတာ Rocket တပ်ဆင်အသုံးပြုလေ့ရှိတယ်။ မြေပြင်တွေ့ရှိချက်များအရတော့ ၂၃ မီလီမီတာ စက်အမြောက်အသုံးပြုသွားတာကိုတော့ အတည်ပြုလို့ရတယ်"လို့ဆိုပါတယ်။
ဧပြီ ၁၁ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူထဲတွင် ကလေး၃၀ ကျော်ပါဝင်ပြီး ကျား၁၀၀ ကျော် မ ၅၀ဦး ပါဝင်ခဲ့ပါတယ်။ လတ်တလောမှာ အကြမ်းဖက်စစ်တပ်အား လက်နက်ရောင်းချတင်ပို့ခြင်းကို ကနေဒါအပါအဝင် နိူင်ငံအများစုမှလည်း ချက်ခြင်း ရပ်တန့်ရန် တောင်းဆိုထားပါတယ်။
========================
📌📌 ၈။ မင်းတပ်မြို့နယ် ပန်းပါရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံး
ဧပြီ၁၆ရက်မှာ ဖြစ်စဥ်ကို ချင်းအမျိုးသားအတိုက်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကပြောပါတယ်။
"ဧပြီ ၁၆ရက် ညနေ ၅:၁၀ နာရီခန့်တွင် မင်းတပ်မြို့နယ်၊ ပန်းပါရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ကနဦးသတင်းရရှိပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၁၀ရက်နေ့တွင် ချင်းပြည်နယ် ဝေဘူလမြို့သစ်ကိုလည်းကောင်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဧပြီ၁၁ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၉။ စကစတပ်များနဲ့ ထိတွေ့တိုက်ပွဲ ၁၀ရက်တာကာလအတွင်း စကစဘက်က (၇၅) ဦးခန့်ကျဆုံး၍ ထိခိုက် ဒဏ်ရာ ရရှိသူ (၆၀) ဦးခန့် ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအတည်ပြုဆို
စကစတပ်များနဲ့ ထိတွေ့တိုက်ပွဲ ၁၀ရက်တာကာလအတွင်း စကစဘက်က (၇၅) ဦးခန့်ကျဆုံး၍ ထိခိုက် ဒဏ်ရာ ရရှိသူ (၆၀) ဦးခန့် ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဧပြီ၁၅ရက်မှာ စစ်ရေးသတင်းကို အသိပေးဖော်ပြပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ သပြေညို စစ်ဆင်ရေးအား နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့ ထိစပ်လျှက်ရှိသော နေရာဒေသများတွင် ဆင်နွှဲ လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလ (၅)ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များနှင့် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကြား အဆက်မပြတ် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းများသည် (၅)ရက်ဆက်တိုက် MDY_PDF နေရာယူ ထားသော စစ်ကြောင်းများအား လက်နက်ကြီးမျိုးစုံဖြင့် ပစ်ခတ်ခြင်း၊ အင်အားထုဖြင့် ထိုးစစ်ဆင် ခြင်းများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိဘဲ အကျအဆုံးများစွာဖြင့် ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။
၁၀ ရက်တာ တိုက်ပွဲကာလအတွင်း ကာကွယ်ရေးဘက်မှ ရဲဘော် (၇) ဦး မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၅) ဦးရှိခဲ့ပါတယ်။
တိုက်ပွဲကာလ တွင် ရန်သူ့ဘက်မှ ခန့်မှန်း အင်အား (၉၀၀)ခန့်ကို အသုံးပြုလျက်ရှိပြီး ခလရ(၁၄၇) ၊ခလရ (၂၅၃) ၊ခလရ (၂၅၈) ၊ခမရ (၅၀၈)၊ အမတ (၂၀၆)၊ ခမရ(၄၁၉)၊ ခမရ(၁၄) နှင့် နောင်ချိုပြည်သူ့စစ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ (၇၅) ဦးခန့်ကျဆုံး၍ ထိခိုက် ဒဏ်ရာ ရရှိသူ (၆၀) ဦးခန့် ရှိခဲ့ပါတယ်။
========================
📌📌 ၁၀။ အကြမ်းဖက်စစ်တပ်က ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာ လုပ်ကြံသတ်ဖြတ်မှုအားကိုရီးယားနိူင်ငံ ဆိုးလ်မြို့ စစ်သံရုံးနှင့် အရပ်ဘက်သံရုံးရှေ့တို့မှာ လူ၃၀၀နီးပါး ကန့်ကွက်ရှုတ်ချ
အကြမ်းဖက်စစ်တပ်က ကန့်ဘလူခရိုင် ပဇီကြီးကျေးရွာ လုပ်ကြံသတ်ဖြတ်မှုအားကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စစ်သံရုံးနှင့် အရပ်ဘက်သံရုံးရှေ့တို့မှာ လူ၃၀၀နီးပါး ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဧပြီ၁၆ရက်နေ့ မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က စီစဉ်ကျင်းပခဲ့ပါတယ်။
ဆန္ဒပြပွဲသို့ ကိုရီးယားအခြေစိုက် တော်လှန်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသားများ၊ ကိုရီးယား အဖွဲ့အစည်းများ၊ စုစုပေါင်း ၃ဝဝ ခန့် ပါဝင် ဆန္ဒပြခဲ့ပြီး ဆန္ဒပြပွဲနှင့်အတူ သတင်းစာရှင်းလင်းပွဲကို ကိုရီးယား မြန်မာ နှစ်ဘာသာဖြင့် စစ်သံရုံးရှေ့တွင် ကျင်းပခဲ့ပါတယ်။
ဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး ကန့်ဘလူမြို့နယ် ပဇီကြီးလုပ်ကြံမှူ အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက် သတ်ဖြတ်ခြင်းများအတွက် အကြမ်းဖက်စစ်တပ်ကို အရေးယူရေး NUG ၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ပဇီကြီး လုပ်ကြံမှုတွင် အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးများ အပါအဝင် လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် ထိတ်လန့်ခြောက်ခြားဖွယ် ဆိုးရွားလွန်းလှကြောင်း၊ အကြမ်းဖက်စစ်တပ်သည် စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်းနေသဖြင့် နိုင်ငံတကာမှ ထိရောက်စွာ အရေးယူနိုင်ရေး၊ ယင်းသို့ အရေးယူရာတွင် ကိုရီးယားအစိုးရလည်း ပါဝင်ရေး တောင်းဆိုခဲ့ကြပါတယ်။
========================
📌📌 ၁၁။ Spring Yangon Phase III ရဲ့ ဒုတိယမြောက် အစီအစဉ်အဖြစ် Spring Inya Condominium (နွေဦးအင်းလျား ကွန်ဒို) ကို ရောင်းချပေးတော့မယ်
Spring Yangon Phase III ရဲ့ ဒုတိယမြောက် အစီအစဉ်အဖြစ် Spring Inya Condominium (နွေဦးအင်းလျား ကွန်ဒို) ကို ရောင်းချပေးတော့မယ်လို့ ဧပြီ၁၆ရက်မှာ EODက အသိပေးဖော်ပြပါတယ်။
“အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်” အတွက် EOD ဟာ စီမံကိန်း တခုပြီးတခု ဖော်ဆောင်ပြီး တော်လှန်ရေးအတွက် အရေးအပါဆုံး ကိစ္စရပ်များကို ထောက်ပို့နေပါတယ်။ Spring Yangon Phase III ရဲ့ ဒုတိယမြောက် အစီအစဉ်အဖြစ် Spring Inya Condominium (နွေဦးအင်းလျား ကွန်ဒို) ကို ရောင်းချပေးပါတော့မယ်"လို့ဆိုပါတယ်။
Spring Inya Condo ကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။ မြေတန်ဖိုးမြင့်မားသည့် အင်းလျားကန်စောင်းတွင် ရှားပါးမြေနေရာကျယ် ဖြစ်ပြီးအင်းလျားကန်ရှုခင်းကို ဖြတ်သန်းပြီး ရွှေတိဂုံကို တိုက်ရိုက်ဖူးမြင်နိုင်မည့် ရန်ကုန်မြင်ကွင်းကျယ်ကို ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။
တော်လှန်ပြည်သူများအတွက် နွေဦးအလွန်ကာလတွင် ဖေါ်ဆောင်ပေးမည့် “Innya Walk” နှင့် နီးကပ်စွာ တည်ရှိနေသော နေရာဖြစ်ကာ ကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment