၂၀၂၃ ဧပြီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မြေလှန်ပြီး နိူင်ငံတကာခုံရုံးအထိ ပို့နိူင်အောင် ကြိုးစားနေတယ်လို့ယာယီသမ္မတဆို
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကျိုးကြောင်းဆီလျော်တဲ့ ဝေဖန် အကြံပြုချက်တွေကို အစဥ်အမြဲ ဂရုစိုက်နားထောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
📌 ၃။ စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိပြု
📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကကျောက်ထု လေတပ်၊ အမြှောက်တပ်၊ ကပစ(၂၃) နှင့် ကျောက်ထုမြို့နယ်ရဲစခန်းတို့ကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
📌 ၅။ အကြမ်းဖက်စစ်အာဏာရှင်များရဲ့ နေ၀င်ချိန်ဟာမနီးမဝေးမှာရှိနေပြီး မြန်မာပြည်သူလူထုရဲ့အောင်ပွဲဟာ ရောက်ခါနီးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၆။ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကလေးတွေအတွက်တရားမျှတမှုပြန်ယူရမယ်လို့အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီဆို
📌 ၇။ မင်းတပ်မြို့နယ်၊ တိုက်နယ်(၁) ပန်းပါကျေးရွာကိုစကစတပ်က (၆) ကြိမ်တိတိလေကြောင်းက ဗုံး(၁၇ )လုံးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ညအချိန်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံ သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မြေလှန်ပြီး နိူင်ငံတကာခုံရုံးအထိ ပို့နိူင်အောင် ကြိုးစားနေတယ်လို့ယာယီသမ္မတဆို
ဧပြီ၁၇ရက်
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မြေလှန်ပြီး နိူင်ငံတကာခုံရုံးအထိ ပို့နိူင်အောင် ကြိုးစားနေတယ်လို့ယာယီသမ္မတ ပြောကြားလိုက်ပါတယ်။
ဧပြီ၁၆ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည့် အစိုးရသက်တမ်း (၂)နှစ်ပြည့်နေ့တွင် နိုင်ငံတော်် ယာယီသမ္မတဒူဝါလရှီးလမှ ပြည်သူလူထုကို ပြောကြားသည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မြေလှန်ပြီး နိူင်ငံတကာခုံရုံးအထိ ပို့နိူင်အောင် ကြိုးစားနေပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလိုအပ်နေတဲ့ လက်နက်နဲ့အထောက်အပံ့တွေကိုအမြန်ဆုံးဖြည့်ဆည်းနိူင်အောင် ကြိုးစားပါမယ်လို့ထပ်လောင်း ကတိပြုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကို အချက်အလက်ပြုစုပြီး သက်ဆိုင်ရာ နိူင်ငံတကာအစိုးရများနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိူင်ငံများသို့လည်း ပေးပို့ထားရှိပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကျိုးကြောင်းဆီလျော်တဲ့ ဝေဖန် အကြံပြုချက်တွေကို အစဥ်အမြဲ ဂရုစိုက်နားထောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
ဧပြီ၁၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရဟာ ကျိုးကြောင်းဆီလျော်တဲ့ ဝေဖန် အကြံပြုချက်တွေကို အစဥ်အမြဲ ဂရုစိုက်နားထောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဧပြီ၁၇ရက်အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုသို့ပို့သသော မြန်မာနှစ်သစ်ကူး ဆုတောင်းစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါတယ်။
"ကျနော်တို့ အစိုးရဟာ ကျိုးကြောင်းဆီလျော်တဲ့ ဝေဖန် အကြံပြုချက်တွေကို အစဥ်အမြဲ ဂရုစိုက်နားထောင်ပြီး လိုအပ်ချက်တွေကိုပြုပြင်လျက် ကျနော်တို့ရဲ့ တော်လှန်ရေးပန်းတိုင်ကိုလည်း မဝေဝါးစေဘဲ ဆက်လက်ချီတက်နေပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီကို စစ်ရေး၊ နိူင်ငံရေး၊ စီးပွားရေးတို့အပြင် သံတမာန်ရေးတို့မှာပါအထိနာ ကျရှုံးစေရန် စဥ်ဆက်မပြတ်လုပ်ဆောင်နေတယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ကတိပြု
ဧပြီ၁၇ရက်
စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ် နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဧပြီလ ၁၇ ရက်မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကူးနေ့ ဆုတောင်းစကားမှာကတိပြုဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်တစ်စုနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့များသည် တိုင်းရင်း သား ပြည်သူများ၏ဘဝများအား နည်းလမ်းအမျိုးမျိုးဖြင့် ဖြိုချဖျက်ဆီးကာ အာဏာရှင်ပီပီ ကိုယ်ကျိုး အတ္တများဖြင့် ပြည်သူလူထုအား ဖိနှိပ်အုပ်ချုပ်ရန် ကြိုးစားလျက်ရှိရာ မိမိတို့ ပြည်သူလူထု အားလုံးသည်လည်း ရပ်တည်ချက်ခိုင်ခိုင်မာမာဖြင့် “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ဟူ၍ စည်းလုံးမှု အင်အားခိုင်မာစွာဖြင့် ခုခံတော်လှန်နေကြဆဲ ဖြစ်ပါတယ်လို့ဆိုပါတယ်။
ပြည်သူတစ်ဦးချင်းစီအနေဖြင့် လူမဆန်သောအာဏာရှင်များ၏ အုပ်ချုပ်မှုကို လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုဖြင့် အမှန်တရားအတွက် တောင်းဆိုခဲ့ရာတွင် လက်နက် အားကိုး၍ ဖိနှိပ်သတ်ဖြတ်ခြင်းများကြုံခဲ့ကြရပြီး ရရာလက်နက်ဆွဲကိုင်၍ အကြမ်းဖက်စစ်အုပ်စုအား လက်နက်ကိုင်လမ်းစဥ်ဖြင့် နိုင်ငံတစ်ဝှမ်းတွင် ခုခံတော်လှန်ခဲ့သည့် ယခုနွေဦးတော်လှန်ရေးသည် (၂) နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
ပြည်သူလူထု၏ တူညီသောသဘောထားဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် မိမိတို့အနေဖြင့် ရရှိထားသည့် အခြေအနေများအပေါ် မူတည်၍ ပြည်တွင်း၌သာမက နိုင်ငံတကာတွင် လွှတ်တော်ကဏ္ဍမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းပါဝင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုများဖြင့် ပူးပေါင်းကာ စစ်အာဏာရှင်များ၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ် နိုင်ရေးနှင့် မြန်မာပြည်သူများအတွက် အေးချမ်းသာယာသော အနာဂတ်ကို ဖန်တီးပုံဖော်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကကျောက်ထု လေတပ်၊ အမြှောက်တပ်၊ ကပစ(၂၃) နှင့် ကျောက်ထုမြို့နယ်ရဲစခန်းတို့ကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့
ဧပြီလ (၁၇) ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကကျောက်ထု လေတပ်၊ အမြှောက်တပ်၊ ကပစ(၂၃) နှင့် ကျောက်ထုမြို့နယ်ရဲစခန်းတို့ကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ ဧပြီ၁၇ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ ည(၇:၅၀)နာရီခန့်မှ ည(၈:၁၀)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (မကွေးခရိုင်) အမှတ်(၁) တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ်(၂) (၄) (၁၀) တပ်ရင်းနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆော) တို့ ပူးပေါင်းကာ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အလားတူမတ်လ(၁၄)ရက်နေ့၊ နေ့လည်(၁၂:၁၅)နာရီမှ (၂:၁၅)နာရီအထိ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုဒေသရှိ ကျောက်ထုလေတပ်ဆွယ်၊ အမှတ် (၃၆၈) အမြှောက်တပ်ရင်း၊ ကျောက်ထု မြို့နယ်ရဲစခန်းတို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင်အမှတ်(၈/၉)တပ်ရင်း ၊ဆော(PDF YRPA)နှင့်(DRONE. Revolutionary Rebel Force)က ရှော့တိုက်ဒုံး၊ Rocketများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ် (၃၆၈) အမြှောက်တပ်ရင်းအတွင်းရှိ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပါတယ်။
တိုက်ခိုက်မှုများအတွင်း ရန်သူ့ဘက်မှ ထိခိုက်သေဆုံးအခြေအနေများကို စိစစ်စုံစမ်းနေဆဲဖြစ်ပြီး မိမိတို့ဘက်မှ အထိအခိုက်လုံးဝမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်) ကာကွယ်ရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အာဏာရှင်များရဲ့ နေ၀င်ချိန်ဟာမနီးမဝေးမှာရှိနေပြီး မြန်မာပြည်သူလူထုရဲ့အောင်ပွဲဟာ ရောက်ခါနီးနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
ဧပြီ၁၇ရက်
ဧပြီလအတွင်းUSA Minnesota ပြည်နယ်တွင် ကျင်းပသော မြန်မာ့နှစ်သစ် ၁၃၈၅ ကူးပြောင်းခြင်း တော်လှန်အတာသင်္ကြန်ပွဲတော်သို့ပေးပို့တဲ့မိန့်ခွန်းမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အခုလိုဆိုပါတယ်။
"အကြမ်းဖက်စစ်အာဏာရှင်များသည် ရေသောက်မြစ်ပျက်စီးနေသော အပင်များကဲ့သို့ဖြစ်နေပြီး မြန်မာပြည်သူလူထုများသည် နေ့စဥ်နေ့တိုင်း ရေသောက်မြစ်အသစ်တွယ်လျက်ရှိသော အပင်များကဲ့သို့ ရှိနေပါတယ်။ အကြမ်းဖက်စစ်အာဏာရှင်များ၏ နေ၀င်ချိန်သည် မနီးမဝေးမှာရှိနေပြီး မြန်မာပြည်သူလူထု၏အောင်ပွဲသည်လည်း ရောက်ခါနီးနေပြီဖြစ်ပါတယ်။ အကောင်းနှင့် အဆိုးသည် တူညီမှု လုံး၀မရှိသလို အကြမ်းဖက်စစ်အုပ်စုများနှင့် မြန်မာပြည်သူလူထုများအကြား တူညီမှု လုံး၀မရှိပါ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကိုရေးဆွဲ အကောင်အထည်ဖော်ဆောင်နေပြီး စစ်ရေးအရှိန်များကို မြှင့်တင်လျက်ရှိပါတယ်။
========================
📌📌 ၆။ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကလေးတွေအတွက်တရားမျှတမှုပြန်ယူရမယ်လို့အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီဆို
ဧပြီ၁၇ရက်
ကန့်ဘလူမြို့နယ် ပဇီကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ကလေးတွေအတွက်တရားမျှတမှုပြန်ယူရမယ်လို့အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီက ဧပြီ၁၆ရက်မှာ သုံးသပ်ပြောကြားခဲ့ပါတယ်။
"တနိုင်ငံလုံးက ကလေးတွေအတွက် အင်မတန်ယူကြုံးမရ ဖြစ်မိတယ်။ ဒီကလေးတွေအတွက် ကျနော်တို့ လက်စားပြန်ချေရမှာ မဟုတ်ပါဘူး။ တရားမျှတမှုပြန်ယူရမှာပါ။ တော်လှန်ရေးကြီးပြီးရင် ကျန်ခဲ့မယ့်မိဘမဲ့တွေအတွက် လည်း မကြာခဏ စဉ်းစားနေမိတယ်။ တော်လှန်ရေးမတိုင်ခင်ကတည်းက ရည်ရွယ်ထားတဲ့ မိဘမဲ့နဲ့ ဘိုးဘွားရိပ်သာ ထူထောင်ဖို့ဆိုတာ ပိုပြီး ပြတ်သားခိုင်မာလာတယ်။ပြည်သူတွေရဲ့ NUG အပေါ် ယုံကြည်မှုနဲ့ အားကိုးမှုတွေတွေ့ရလို့လည်း နှင်တံနဲ့အတို့ခံရသလို တွန်းအားဖြစ်မိတယ်"လို့ဆိုပါတယ်။
ဧပြီ၁၁ရက်နေ့ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုတွင် ၁၆၈ဦးသေဆုံးခဲ့ရပြီးအများစုမှာ ကလေးသူငယ်နဲ့အမျိုးသမီးများဖြစ်ကြပါတယ်။
========================
📌📌 ၇။ မင်းတပ်မြို့နယ်၊ တိုက်နယ်(၁) ပန်းပါကျေးရွာကိုစကစတပ်က (၆) ကြိမ်တိတိလေကြောင်းက ဗုံး(၁၇ )လုံးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ညအချိန်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံ သေဆုံး
ဧပြီ၁၇ရက်
ဧပြီ၁၆ရက်နေ့ ညနေ ၃:၀၀ မှ၄:၀၀ နာရီအချိန်မင်းတပ်မြို့နယ်၊ တိုက်နယ်(၁) ပန်းပါကျေးရွာကို စကစတပ်က ဂျက်ဖိုက်တာလေယာဥ်နဲ့ဗုံးကြဲခဲ့တယ်လို့ မင်းတပ်CDFကဆိုပါတယ်။
မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) ပန်းပါကျေးရွာတွင် (၆) ကြိမ် ၊ဗုံး(၁၇ )လုံးဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှု့ကြောင့် အသက် (၇၀) အရွယ်အမျိုးသမီး (၁)ဦး၊ အသက် (၄) နှစ်အရွယ် ကလေး (၁) ဦး သေဆုံးသွားကာ၊အမျိုးသား (၂)ဦး၊ အမျိုးသမီး (၅) ဦး ၊စုစုပေါင်း (၇) ဦးထိခိုက်ဒဏ်ရာရရှိပြီး ၊လူနေအိမ် (၂)လုံး မီးလောင်ပျက်စီး ၊ စုစုပေါင်း လူနေအိမ် (၉)လုံးပျက်စီးသွားခဲ့ပါတယ်။ညအချိန်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံ သေဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။
မင်းတပ်မြို့ ခလရ (၂၇၄) ရှိ အကြမ်းဖက်စစ်ကောင်စီ များမှလည်း လက်နက် ကြီးများကို ကျေးရွာဖက်များသို့ ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment