၂၀၂၃ ဧပြီလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ ညံ့ဖျင်းမှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက်လက်ပါးစေ မီဒီယာတွေကတဆင့် နည်းမျိုးစုံနှင့်၀ါဒဖြန့်ပြီး လိမ်ညာနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေ သွေးအေးသွားအောင်နှင့် သွေးကွဲသွားအောင် မဟာဗျူဟာ ချ ဆောင်ရွက်တာတွေ ရှိလာမယ်လို့ပြောကြား
📌 ၃။ တော်လှန်သင်္ကြန်၌ တင်ဆက်ဖျော်ဖြေခဲ့သော "အတာစိုးမယ့် တမာမိုး" သံချပ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက ဆုတော်ငွေ ချီးမြှင့်
📌 ၄။ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း (စခန်း-၂၄) ထပ်မံမီးလောင်
📌 ၅။ ကရင်နီပြည်ဒီမော့ဆို တိုက်ပွဲများဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်များအထိနာ အကျအဆုံးများပြား၍ လက်နက်ခဲယမ်းများကို ကာကွယ်ရေးတပ်များသိမ်းဆည်းရရှိ
📌 ၆။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၍ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိဒေသခံ(၃၀၀၀)စစ်ဘေးရှောင်တိမ်းနေရ
📌 ၇။ "ရောင်နီလာပြီ ယောဌာနီ ကျပ်သိန်းသုံးထောင်ကမ်ပိန်းမှာ ဆက်လက်ပါဝင်ရန်တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ ညံ့ဖျင်းမှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက်လက်ပါးစေ မီဒီယာတွေကတဆင့် နည်းမျိုးစုံနှင့်၀ါဒဖြန့်ပြီး လိမ်ညာနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ဧပြီ၁၉ရက်
ဧပြီ၁၈ရက်တွင်ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၅ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်း ပြောကြားပါတယ်။
"စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ သူတို့ရဲ့ ညံ့ဖျင်းမှုတွေကို ဖုံးကွယ်နိုင်ဖို့အတွက် သူတို့ရဲ့ လက်ပါးစေ မီဒီယာတွေကတဆင့် နည်းမျိုးစုံ၀ါဒဖြန့်ပြီး လိမ်ညာလျက်ရှိတာကိုလည်း အားလုံးသတိထားမိကြမယ်ထင်ပါတယ်။ “အမှားကြာ အမှန်ဖြစ်” ဆိုတာဖြစ်တတ်တဲ့ သဘာ၀မို့ အကြမ်းဖက် စစ်ခေါင်းဆောင်ရဲ့ အလိမ်အညာတွေကို ဖြောင့်မတ်မှန်ကန်တဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေက တဆင့် စနစ်တကျ ပြန်လည် တိုက်ဖျက်နိုင်ဖို့ကလည်း အရေးတကြီး လုပ်ဆောင်သင့်ပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာ စစ်တပ်လော်ဘီများဟာ တယ်လီဂရမ်မှတဆင့် မဟုတ်မမှန် ဝါဒဖြန့်မှုများကို လုပ်ဆောင်နေပြီး စစ်အုပ်စုရဲ့အရပ်သားပြည်သူများအပေါ် နေ့စဥ်လေကြောင်းတိုက်ခိုက်မှုနဲ့ နေအိမ်များမီးရှို့ဖျက်ဆီးသတ်ဖြတ်မှုတို့ကို ဖုံးကွယ်ထားလျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေ သွေးအေးသွားအောင်နှင့် သွေးကွဲသွားအောင် မဟာဗျူဟာ ချ ဆောင်ရွက်တာတွေ ရှိလာမယ်လို့ပြောကြား
ဧပြီ၁၉ရက်
စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေ သွေးအေးသွားအောင်နဲ့ သွေးကွဲသွားအောင် မဟာဗျူဟာ ချ ဆောင်ရွက်တာတွေ ရှိလာမယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဧပြီ၁၈ရက်ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီအနေအထားနဲ့ကတော့ ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ကို ပထမဆုံး သွေးအေးသွားအောင်ဆိုပြီး အချိန်တွေကိုဆွဲဆန့်သွားဖို့ ကြိုးစားပါလိမ့်မယ်။ သွေးကြောင်သွားအောင်ဆိုပြီးတော့လည်း ရက်စက်မှုသရဖူ ဆောင်းပြပါလိမ့်မယ်။ နောက်ဆုံးသွေးကွဲအောင်ဆိုတာမျိုးကို မဟာဗျူဟာရည်မှန်းချက်တစ်ခုအနေနဲ့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အဲဒီတော့ သွေးကွဲအောင်ဆိုတဲ့နေရာမှာ နည်းမျိုးစုံနဲ့ သွေးကွဲအောင် ဆောင်ရွက်လာမယ်ဆိုတာကို သိမြင်ကျော်လွှားနိုင်ဖို့ရာ ကျွန်တော်တို့ မဟာဗျူဟာလိုအပ်ချက်တစ်ခုလိုဖြစ်နေပြီ ဆိုတာကို ပြောလို့ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ စကစဟာ လေကြောင်းတိုက်ခိုက်မှုများကို ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ နေရယအနှံ့တိုက်ခိုက်မှုများပြုလုပ်လျက်ရှိပါတယ်။
========================
📌📌 ၃။ တော်လှန်သင်္ကြန်၌ တင်ဆက်ဖျော်ဖြေခဲ့သော "အတာစိုးမယ့် တမာမိုး" သံချပ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက ဆုတော်ငွေ ချီးမြှင့်
ဧပြီ၁၉ရက်
တော်လှန်သင်္ကြန်၌ တင်ဆက်ဖျော်ဖြေခဲ့သော "အတာစိုးမယ့် တမာမိုး" သံချပ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးကဆုတော်ငွေ ချီးမြှင့်ခဲ့တယ်လို့ ဧပြီ၁၉ရက်မှာ တမာမိုး သံချပ်ဖြစ်မြောက်ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။
၁၃၈၅ ခုနှစ် တော်လှန်သင်္ကြန်၌ တင်ဆက်ဖျော်ဖြေခဲ့သော "အတာစိုးမယ့် တမာမိုး" သံချပ်အဖွဲ့အား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းမှ ဆုတော်ငွေ'' ၃၀၀,၀၀၀ '' ကျပ် ချီးမြှင့်သည့်အတွက် ကျွန်ုပ်တို့သံချပ်ဦးဆောင် ကျောင်းသားသမဂ္ဂများမှ ကျေးဇူးတင်ရှိခြင်းကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်လို့ဖော်ပြပါတယ်။
တော်လှန်သင်္ကြန် ကာလအတွင်း စစ်အုပ်စု ကို ဆန့်ကျင်သော သံချပ်များ ဖျော်ဖြေခဲ့မှုတို့ရှိခဲ့ပြီးအများစုမှာ လူငယ်များကဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၄။ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း (စခန်း-၂၄) ထပ်မံမီးလောင်
ဧပြီ၁၉ရက်
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း (စခန်း-၂၄) ထပ်မံမီးလောင်တယ်လို့ ဧပြီ၁၉ရက်မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးကဆိုထားပါတယ်။
"ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း (စခန်း-၂၄) တွင် ဒီနေ့ ည ၁၁ နာရီ မိနစ်၂၀ ခန့်မှာ ထပ်မံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ထိခိုက်ဒဏ်ရာရှိမှု၊ သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများသေးစိတ်ကို အခုအချိန်အထိ မသိရသေးပါ"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုကြောင့် ဘင်္ဂလားဒေ့ရှ်နိူင်ငံတွင် ခိုလှုံနေရသူများအား နေရပ်အတင်းအကြပ်ပြန်မပို့ရေး နိူင်ငံတကာအဖွဲ့အစည်းများကလည်း လတ်တလောမှာတောင်းဆိုထားပါတယ်။
========================
📌📌 ၅။ ကရင်နီပြည်ဒီမော့ဆို တိုက်ပွဲများဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်များအထိနာ အကျအဆုံးများပြား၍ လက်နက်ခဲယမ်းများကို ကာကွယ်ရေးတပ်များသိမ်းဆည်းရရှိ
ဧပြီ၁၉ရက်
ကရင်နီပြည်ဒီမော့ဆို တိုက်ပွဲများဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်များအထိနာ အကျအဆုံးများပြား၍ လက်နက်ခဲယမ်းများကို ကာကွယ်ရေးတပ်များသိမ်းဆည်းရရှိခဲ့တယ်လို့ ဧပြီလ (၁၉)ရက်မှာ စစ်ရေးသတင်းကို The Karenni Information Centre (KnIC)ကအသိပေးဆိုထားပါတယ်။
"ဧပြီလ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့ နှစ်ရက်တာ ဒေါညေးခူ ကျေးရွာ အပေါ်ဖက် တောင်ကြောပေါ်တွင် စစ်ကောင်စီတပ်နှင့် KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့ပူးပေါင်း၍ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ဧပြီလ (၁၆)ရက်နေ့ တိုက်ပွဲအတွင်း စကစ ထံမှ RPG ကျည် (၄) လုံး၊60mm ကျည် (၆) လုံး၊79ကျည် (၂၄) လုံး၊ 5.56ကျည် (၂၂၁ )တောင့်၊7.62ကျည် (၅၂၀ )တောင့်၊ကျည်အိမ် ( ၈ )ခု၊ အီနာဂါ (၆ )လုံး၊ လက်ပစ်ဗုံး (၁၂) လုံး တို့အား သိမ်းဆည်ရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အလားတူဧပြီလ (၁၇)ရက်နေ့ တိုက်ပွဲအတွင်း ၆၀mm ပြောင်း (၁) ပြောင်း / အသီး (၅)လုံး၊ RPG (၁)လက် / အသီး (၉)လုံး ၊ ငါးကြင်းမြီး ( ၁) လက် ၊ MA-1 (၂ )လက် ၊MA-2 (၁) လက် ၊MA-3 (၅) လက် ၊MA-4 79တွဲ ( ၂) လက်၊ 79ကျည် ( ၂၀) လုံး၊ 5.56ကျည် (၃ )ထောင် ၊ 7.62ကျည် (၁) ထောင် ၊ ၁၆မိုင်း (၁ )လုံး၊ ၁၄မိုင်း ( ၁၃) လုံး၊ ကျည်ဘောက် (၃၁) ခု၊ မိုင်းရှာစက် (၁ )ခု ၊စက်ကြီး (၁ )ခု ၊Laptop ( ၁) လုံး ၊ဖုန်း (၅ )လုံး နှင့် ဆက်စပ်ပစ္စည်းများ.သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။ နှစ်ရက်တာ တိုက်ပွဲအတွင်း KA ရဲဘော် (၅)ဦး ၊ KNDF ရဲဘော် (၁၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဧပြီလ ၁၈ ရက်ဒေါညေးခူကျေးရွာ အနီးတောင်ပေါ်မှ ဆုပ်နေသော စစ်ကောင်စီတပ်ဖွဲ့အား မိမိတို့ပူးပေါင်း တပ်များမှ လိုက်လံ ရှင်းလင်းတိုက်ခိုက်ခဲ့ပြီး စကစ စစ်ကြောင်း၏ အဓိက စစ်ကြောင်းမှူးဦးဆောင်သူ ပါဝင်သည့် စစ်ကြောင်း နှင့် အနီးကပ်ထိတွေ့မှု ဖြစ်ခဲ့ပြီး တိုက်ပွဲ အခြေနေ အသေးစိတ်ကို မသိရှိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၍ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိဒေသခံ(၃၀၀၀)စစ်ဘေးရှောင်တိမ်းနေရ
ဧပြီ၁၉ရက်
အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး၍ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိဒေသခံ(၃၀၀၀)စစ်ဘေးရှောင်တိမ်းနေရတယ်လို့ ဧပြီ၁၉ရက်မှာ စစ်ဘေးရှောင်နဲ့ပတ်သက်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်း ရေဦးမြို့နှင့် ၃မိုင်ကွာဝေးသော အင်းပတ်ကွေ့ဈေးတန်းသို့ ရေဦးမြို့တိုင်းရင်းရင်းဆေးရုံမှအကြမ်းဖက်စကစတပ်သား အင်အား၁၀၀ကျော် ယနေ့မနက် ၆နာရီဝန်းကျင်၌ ထပ်မံရောက်ရှိလာခဲ့သောကြောင့် အနီးဝန်းကျင်ရှိ အင်းပတ်ကျေးရွာ/အင်တိုင်လေး(တောင်/မြောက်)ရွာ/သရက်ပင်စု/မြင်းဒေါင်း/မကျီးအုပ် စသည့် ကျေးရွာများမှ ဒေသခံ(၃၀၀၀)ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်"လို့ဆိုပါတယ်။
ယင်းစကစစစ်ကြောင်းသည် ယမန်နေ့ကလည်း ခင်ဦးနယ် ပျဥ်ထောင်ပျူစောထီးရွာမှ ကား၄စီးဖြင့် စပါးများ လာရောက်သယ်ယူခဲ့ရာတွင် ရေဦး-ခင်ဦးလမ်းအတိုင်း ကင်းဝပ်၍ လက်နက်ကြီးငယ်များ ပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ကတည်းက ဒေသခံများဟာ ထွက်ပြေးနေရသောကြောင့် ၂ရက်ဆက်ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး အစားအစာနဲ့ဆေးဝါးများစသဖြင့်လိုအပ်နေလျက်ရှိပါတယ်။
========================
📌📌 ၇။ "ရောင်နီလာပြီ ယောဌာနီ ကျပ်သိန်းသုံးထောင်ကမ်ပိန်းမှာ ဆက်လက်ပါဝင်ရန်တိုက်တွန်း
ဧပြီ၁၉ရက်
"ရောင်နီလာပြီ ယောဌာနီ ကျပ်သိန်းသုံးထောင်ကမ်ပိန်းမှာ ဆက်လက်ပါဝင်ရန်တိုက်တွန်းထားသလို ဧပြီလဒုတိယပတ်ကျော်အထိ "ရောင်နီလာပြီ ယောဌာနီ" ကမ်ပိန်းမှာ ၆၉ရာခိုင်နှုန်းအထိရရှိထားပြီးအများဆုံးပါဝင်မှုမှာ ကိုရီးယား၊ မြန်မာ၊ဂျပန်တို့ဖြစ်ကြပါတယ်။
"ရောင်နီလာပြီ ယောဌာနီ" ကမ်ပိန်းဟာဂန့်ဂေါခရိုင်တပ်ရင်းစုစုပေါင်း ၁၉ ရင်းအတွက် တိုက်ခိုက်ရေးဒရုန်း ၃ စင်းအပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် စစ်ဘေးရှောင်များရဲ့လိုအပ်ချက်များအတွက် ရည်ရွယ်ပြုလုပ်တဲ့ ကျပ်သိန်း သုံးထောင် ကမ်ပိန်း ဖြစ်ပါတယ်။
တတ်အားသမျှပါဝင်လှူဒါန်းနိုင်ပြီး ကာကွယ်ရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင် နဲ့ ပညာရေး တို့အတွက် တပြိုင်တည်းအကျိုးရှိစေမှာဖြစ်ပါတယ်။ လှူဒါန်းမှုတိုင်းအတွက် ကျေးဇူးတင်လွှာများပြန်လည်ပေးပို့နေတယ်လို့လည်းOFP fundraiser ကအသိပေးဆိုထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment