၂၀၂၃ ဧပြီလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မဟာမိတ် တိုင်းရင်းသား အစုအဖွဲ့တွေနဲ့နိုင်ငံရေး၊ စစ်ရေးများ အကြိတ်အနယ်ဆွေးနွေးနေရတယ်လို့ ဝန်ကြီးချုပ်အသိပေး
📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၃။ အညာချယ်ရီအောင်ပွဲဆီကမ်ပိန်း ကို လူထုပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း
📌 ၄။ ကရင်ပြည်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေအား စကစတပ်မှ ဂျက်ဖိုက်တာများပစ်ခတ်၍ ဝေဟင်၊ မြေပြင်ပူးပေါင်း စစ်ကြောင်းထိုးသော်လည်း စကစတပ်များသာရှုံးနိမ့်
📌 ၅။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စကစအကြမ်းဖက်စကစတပ်မှ လေကြောင်းကနေ ထပ်မံပစ်ခတ်တိုက်ခိုက်ပြန်
📌 ၆။ ရေစကြိုမြို့အထွက် စကစတပ်များလိုက်ပါလာတဲ့ကားကို၆လုံးတွဲမိုင်းခွဲ၍တိုက်ခိုက်
📌 ၇။ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်သားကို ပစ်ခတ်ရှင်းလင်းပြီးG3သေနတ်(၁)လက် သိမ်းဆည်းရရှိ
📌 ၈။ ကလစ်နှိပ်သူပိုများလာဖို့ ဝိုင်းဝန်းကူညီရန် Click 2donateတိုက်တွန်း
📌 ၉။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တော်လှန်ရေးရုပ်ရှင် ဇာတ်ကားနှစ်ကားပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မဟာမိတ် တိုင်းရင်းသား အစုအဖွဲ့တွေနဲ့နိုင်ငံရေး၊ စစ်ရေးများ အကြိတ်အနယ်ဆွေးနွေးနေရတယ်လို့ ဝန်ကြီးချုပ်အသိပေး
မဟာမိတ် တိုင်းရင်းသား အစုအဖွဲ့တွေနဲ့ နိုင်ငံရေး၊ စစ်ရေးများ အကြိတ်အနယ် ဆွေးနွေးနေရတယ်လို့ အမျိုးသားညီညွတ်ရေး
အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၅/၂၀၂၃ ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
"ဒီနှစ်ဟာ တော်လှန်ရေးအတွက် အင်မတန် အရေးကြီးတဲ့ နှစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့လည်း One Year Plan ကိုအားသွန်ခွန်စိုက် စီမံဆောင်ရွက်ကြတဲ့ နှစ်ဖြစ်သလို တော်လှန်ရေး အင်အားစုတွေ၊ မဟာမိတ် တိုင်းရင်းသား အစုအဖွဲ့တွေနဲ့လည်း နိုင်ငံရေး၊ စစ်ရေးနဲ့ လူသားစာနာ ရှုထောင့်တွေပေါင်းစုံက အကြိတ်အနယ် ဆွေးနွေးနေကြရချိန်လည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်၊ စီးပွားရေးကျဆင်းမှုဒဏ်တွေ ပေါင်းစုံကို တောင့်ခံပြီး တော်လှန်ရေးကို ရှေ့ဆက်နေကြ ရချိန်လည်း ဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဧပြီ၂၀ရက်မှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး(၁၅/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အညာချယ်ရီအောင်ပွဲဆီကမ်ပိန်း ကို လူထုပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း
အညာချယ်ရီအောင်ပွဲဆီကမ်ပိန်းကို လူထုပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် တိုက်တွန်းဆိုလိုက်ပါတယ်။
ဧပြီ၂၀ရက်မှာ ကမ်ပိန်းနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။
"ဒီ camping ရဲ့ ထူးခြားချက်ကတော့ မိဘပြည်သူတို့ရဲ့ ထောက်ပံ့မှုတစ်ခုစီတိုင်းဟာ အညာဒေသရဲ့ တစ်နေရာမှာ အရိပ်ရ သစ်ပင်အနေနဲ့ လက်တွေ့စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ကြိုးစားပါဝင်ကြရအောင်"လို့ဆိုပါတယ်။
ဒီ Campaign ကတော့ အညာဒေသမှာ လှုပ်ရှားစစ်ကစားနေတဲ့ 'NPRF'ခေါ် 'အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု' အတွက် လက်နက်တပ်ဆင်ရေးကို ၈၀% နဲ့ NPRF အခြေစိုက်ထားတဲ့ အညာဒေသ စိမ်းလန်းစိုပြေရေး၊ အညာပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှူတို့အတွက် ၂၀%အသုံးပြုဖို့ ရည်ရွယ်ပြီး NUGရဲ့ "သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန "MoNREC-NUG ရဲ့ ထောက်ခံအားပေးမှုနဲ့ အတူNPRF မှ စီစဉ်ပြုလုပ်ထားတဲ့ Campaign ဖြစ်ပါတယ်။
ဒီ camping ရဲ့ထူးခြားချက်ကတော့ မိဘပြည်သူတို့ရဲ့ ထောက်ပံ့မှုတစ်ခုစီတိုင်းဟာ အညာဒေသရဲ့ တစ်နေရာမှာ အရိပ်ရသစ်ပင်အနေနဲ့ လက်တွေ့ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
========================
📌📌 ၄။ ကရင်ပြည်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေအား စကစတပ်မှ ဂျက်ဖိုက်တာများပစ်ခတ်၍ ဝေဟင်၊ မြေပြင်ပူးပေါင်း စစ်ကြောင်းထိုးသော်လည်း စကစတပ်များသာရှုံးနိမ့်
ကရင်ပြည်နယ်အတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ စိုးမိုးနယ်မြေအားစကစတပ်မှ ဂျက်ဖိုက်တာများပစ်ခတ်၍ ဝေဟင်၊မြေပြင်ပူးပေါင်း စစ်ကြောင်းထိုးသော်လည်း စကစတပ်များသာရှုံးနိမ့်ခဲ့တယ်လို့ ထိတွေ့မှုများကို ကော်ပရာစစ်ကြောင်းက ဧပြီ၂၀ရက်မှာ အတည်ပြုဆိုပါတယ်။
"ဧပြီ၂၀ရက်တွင် မိမိတို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ စိုးမိုးနယ်မြေအား အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး လေကြောင်းပစ်ကူ (YAK130 Jet Fighter) ၁ စီးဖြင့် (၃)ကြိမ်ထက် မနည်း ပစ်ခတ်ပြီး ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ပါတယ်။ မိမိတို့ တပ်မဟာ(၆) KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူးပေါင်းတပ်ဖွဲ့တို့မှ နယ်မြေရှင်းလင်းရေးပြန်လည် ပြုလုပ်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါထိတွေ့မှုမှာ MA1 (၁)လက်၊ MA2 (၁)လက်၊ MAကျည်ဘောက် (၃)ဘောက်၊ MA2ကျည်ဘောက်အဝိုင်း (၁)ဘောက်၊ 40mmအသီး (၆)လုံး၊ 60mm (၆)လုံး၊ RPG (၁)လုံး၊ နင်းမိုင်း (၄)လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ရန်သူဘက်မှ လက်နက်ကြီး၊ လေကြောင်းတို့ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှာ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စကစအကြမ်းဖက်စကစတပ်မှ လေကြောင်းကနေ ထပ်မံပစ်ခတ်တိုက်ခိုက်ပြန်
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စကစအကြမ်းဖက် စကစတပ်မှ လေကြောင်းကနေ ထပ်မံပစ်ခတ်တိုက်ခိုက်ပြန်ပါတယ်။
ဧပြီ ၂၀ရက်မွန်းလွဲ ၂:၂၆ မိနစ်တွင် လေကြောင်းဖြင့် ဒုတိယအကြိမ် ပစ်ခတ်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကအတည်ပြုဆိုထားပါတယ်။
"ဧပရယ် ၂၀ရက်နေ့ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စကစအကြမ်းဖက်တပ်မှ ၂:၂၆ မိနစ်တွင် လေကြောင်းဖြင့် ဒုတိယအကြိမ် ပစ်ခတ်သွားပါတယ်။ မြေပြင်အခြေအနေ အသေးစိတ်မသိရသေးရပါ"လို့ဆိုပါတယ်။
ဧပြီ ၁၁ရက် မနက်ပိုင်း ကန့်ဘလူပဇီကြီးကျေးရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၆၈ဦး သေဆုံးခဲ့ရပြီးအများစုမှာ ကလေးငယ်များနဲ့ အမျိုးသမီးများဖြစ်ကြပါတယ်။
========================
📌📌 ၆။ ရေစကြိုမြို့အထွက် စကစတပ်များလိုက်ပါလာတဲ့ကားကို၆လုံးတွဲမိုင်းခွဲ၍တိုက်ခိုက်
ဧပြီ၂၀ရက် မနက်၇နာရီ ၃၀အချိန် တပ်ထဲမှ ထွက်လာသော စကစတပ်များ လိုက်ပါလာတဲ့ ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပကဖက အတည်ပြုဆိုပါတယ်။
၄င်းစကစတပ်များ လိုက်ပါသော ကားကို မြို့အထွက် ဘက်စုံကွေ့နားအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ၆လုံးတွဲမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုင်းထိ၍ စကစတပ်ဖွဲ့ဝင် ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကာ ကာကွယ်ရေးတပ်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်သားကို ပစ်ခတ်ရှင်းလင်းပြီးG3သေနတ်(၁)လက် သိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်သားကို ပစ်ခတ်ရှင်းလင်းပြီးG3သေနတ်(၁)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းကို သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ၂၀ရက်မှာ ဆိုပါတယ်။
သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်းကျေးရွာ အုပ်စု၌ တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်သား ဇေယျာအောင်အား ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄ ၊ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြို့ပြပျောက်ကြားအဖွဲ့က ဧပြီလ(၁၉)ရက်နေ့ နေ့လယ်(၂:၃၀)နာရီခန့်၌ ကွင်းကြီးကျေးရွာအနီး တောစပ်တစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဖော်ပြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များက နယ်ထိန်းရဲတပ်သား ဇေယျာအောင်ကို အရှင်ဖမ်းဆီး၍ သဲကုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ဆောင်နေသော လျှို့ဝှက်လုပ်ငန်းများ စစ်ဆေးမေးမြန်းရန် လက်နက်ချခိုင်းသော်လည်း ၎င်းသည် အသင့်ပါလာသော G3 သေနတ်ဖြင့် စတင်၍ ပြန်လည်ခုခံပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုရယူကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
၎င်းပစ်ခတ်မှုတွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင်မှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ၎င်းထံမှ G3သေနတ်(၁)လက်၊ ကျည်ဘောက်(၂) ခု၊ ကျည်(၁၁၉) တောင့်၊ ဖုန်း(၁)လုံး၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်(၁)ခု၊ ဘေးလွယ်အိတ်(၁)လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၈။ ကလစ်နှိပ်သူပိုများလာဖို့ ဝိုင်းဝန်းကူညီရန် Click 2donateတိုက်တွန်း
ကလစ်နှိပ်သူပိုများလာဖို့ ဝိုင်းဝန်းကူညီရန် Click 2donate တိုက်တွန်းလိုက်ပါတယ်။ ဧပြီ၂၀ရက်မှာ Click2donateက အသိပေးဆိုထားပါတယ်။
"မနေ့ကဆိုရင် weclick4pdf က တက်လာနေပါတယ်။ ဒီလူအားနဲ့ပဲ တဆိုက် ၂၀၀ လောက်ဆို ၁၀ ဆိုက်လုပ်လိုက်ရင် ၂၀၀၀ ရမှာပါခင်ဗျာ ။ မဟုတ်လို့ ကလစ်တဲ့သူ၁၀ဆ ပြန်ရရင်လည်း အရင်လိုပြန်ရမှာပါ။ အခု active clickers ၉၀၀ နဲ့ ၁၁၀၀ ကြား ရှိပါတယ်။ ကလစ်တဲ့သူ အရင်လောက်မများရင်တောင် ကလစ်ကာ ၁၀၀၀၀ ဆိုရင်ကို အရင်လို အင်နဲ့အားနဲ့ အလုပ်လုပ်လို့ကောင်းနေပါပြီ။ ကျွန်တော်တို့ အင်နဲ့အားနဲ့ အရင်လို တစ်နေ့ထဲ သိန်းရာချီပြန်ရဖို့ ပြန်တွန်းလိုက်ကြရအောင်လားခင်ဗျာ"လို့ ဆိုထားပါတယ်။
Click2donate ဟာ ပြည်သူများ ကလစ်နှိပ်၍ ရရှိလာသော ဝင်ငွေများအား တော်လှန်ရေးအင်အားစုထံ ပြန်လည်စီးဆင်းစေခြင်းဖြစ်ပါတယ်။
========================
📌📌 ၉။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တော်လှန်ရေးရုပ်ရှင် ဇာတ်ကားနှစ်ကားပြသမယ်
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တော်လှန်ရေးရုပ်ရှင် ဇာတ်ကားနှစ်ကားပြသမယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၂၀ရက်မှာ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဖော်ပြပါတယ်။
"ခု လာမယ့် ဧပြီ ၂၂ ရက် (စနေနေ့)၊ မနက် ၁၁ နာရီ မှာ စတင်ကျင်းပမှာဖြစ်ပြီး ရုပ်ရှင်ပထမပွဲစဥ်ကိုတော့ နေ့လည် ၁၂ နာရီခွဲမှာ ပြသမယ်လို့ သိရပါတယ်"။ ရုပ်ရှင်လက်မှတ်ဝယ်ယူလိုက်တာနဲ့ မုန့်လုံးရေပေါ် စတုဒီသာအပြင် ရန်ပုံငွေစျေးရောင်းပွဲကနေကြိုက်နှစ်သက်ရာ မြန်မာမုန့်တွေကို အားပေးနိုင်မယ့် ၃ ယူရိုတန် ကူပွန် ၃ စောင်ပါ ရရှိမှာပါ"လို့ဆိုပါတယ်။ ပြသမယ့်တော်လှန်ရေးရုပ်ရှင်ဇာတ်ကားမှာ “မပြီးသေးဘူးငါတို့အလှည့်ကျန်သေးတယ်”အပါအဝင် “ရှိခဲ့သည်"ဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment