23rd APR 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းမယ့်တော်လှန်ရေးခရီး အတိုင်းအတာတခုအထိ ခရီးပေါက်နေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနိူင်ပြီလို့ ကာကွယ်ရေးဝန်ကြီးပြောကြား

📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ NUGအစိုးရဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များ၊ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြ

📌 ၄။ အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း‌ () ခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း () လုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KNUဗဟိုအသိပေးဆို

📌 ၅။ လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးကို ဝမ်းနည်းကြောင်းProfile အမည်းပြောင်းပြီး ထုတ်ဖော်ပြသလို့ ပုဒ်မ (၅၀၅-က)ဖြင့် ပြန်လည်ဖမ်းဆီး

📌 ၆။ ပုသိမ်မြို့က ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းစနစ်နဲ့နှစ်ကြိမ်တိုင်တိုင် ဗုံးခွဲတိုက်ခိုက်

📌 ၇။ Spring Inya Condo“အရောင်းဖွင့်ရန် အချိန်၆ရက်သာလိုတော့ပြီး ကြိုတင်အမှာဝယ်လိုသူများစာရင်းလက်ခံနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းမယ့်တော်လှန်ရေးခရီး အတိုင်းအတာတခုအထိ ခရီးပေါက်နေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


ဧပြီ၂၃ရက်


ဧပြီလအတွင်းကျင်းပတဲ့အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၅ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။


"အခုဆိုရင် စစ်တပ်က အတင်းအကျပ် အာဏာရယူထားတာဟာ နှစ်ကျော်ကာလာကို ရောက်လာပါပြီ။ စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းမယ့် ကျနော်တို့ရဲ့ တော်လှန်ရေးခရီးကလည်း အတိုင်းအတာ တခုအထိခရီးပေါက်နေပြီဖြစ်ပါတယ်။  တနိုင်ငံလုံး အတိုင်းအတာနဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ အဘက်ဘက်က ကျဆုံးနေတာဖြစ်လို့ လူထုနဲ့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စိတ်အားမလျော့ကြဖို့ တိုက်တွန်းလိုပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်တယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာ မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနိူင်ပြီလို့ ကာကွယ်ရေးဝန်ကြီးပြောကြား


ဧပြီ၂၃ရက်


ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာမြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနိူင်ပြီလို့ ကာကွယ်ရေးဝန်ကြီးပြောကြားလိုက်ပါတယ်။


ဧပြီလအတွင်း PDF  တပ်မတော်သို့ ပေးပို့သည့် ပြည်ထောင်စုဝန်ကြီး၏ တော်လှန်နှစ်သစ် သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကအခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။


" ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာလည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနေတာဖြစ်တယ်။ သေချာတာကတော့ အကြမ်းဖက် စစ်အုပ်စုဟာ ငါတို့ပြည်သူ့တော်လှန်ရေးကို အနိုင်ယူ၊ ဖြိုဖျက်နိုင်ဖို့ဆိုတာ ရုပ်ဝတ္ထုအင်အားအရကော စိတ်ဓာတ်အင်အားအရ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာပဲ"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၂ ခုနှစ် စက်တင်ဘာ၂၄ရက်နေ့ရန်ကုန်မြို့မှာ အငြိမ်းစား ဗိုလ်မှူးချုပ်အုန်းသွင်ဟာ စကစကို အကြံပေးခဲ့မှုများကြောင့်မြို့ပြပြောက်ကျားအဖွဲ့က ပစ်ခတ်ရာ သေဆုံးခဲ့ရပြီးသေဆုံးသူများထဲမှာ ရာထူးအမြင့်ဆုံးသူတစ်ဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ NUGအစိုးရဝန်ကြီးဌာန၏ လုပ်ငန်းစဥ်များ၊ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြ


ဧပြီ၂၃ရက်


ဧပြီ၂၁ရက်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည့်အစီအစဥ်တစ်ရပ်ကျင်းပခဲ့ပါတယ်။


ရှင်းလင်းတင်ပြမှုတွင် ဝန်ကြီးဌာန၏ ရည်ရွယ်ချက် ()ရပ်ဖြစ်သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များ၏ အခွင့်အရေးများအား ကာကွယ်ပေးရန် (Protect) ဖြည့်ဆည်းပေးရန်   (Provide) နှင့် ၎င်းတို့၏ ဖက်ဒရယ်တည်ဆောက်ရေးပါဝင်မှုကို မြှင့်တင်ပေးရန် (Promote) တို့ကို အဓိကထားလုပ်ဆောင်နေကြောင်း၊ ဌာနကြီး ()ခု ဖွဲ့စည်းထားရှိကာ မြေပြင်ကွန်ရက် ဖော်ဆောင်ထားရှိ၍ ချိတ်ဆက်မှုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ စာရင်းအင်းဆိုင်ရာ  မှတ်တမ်းများနှင့် ကိန်းဂဏန်းအချက်အလက်များ ပြုစုထားရှိမှုနှင့် ၂၀၂၃ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များအား ဖော်ပြခဲ့ပါတယ်။


 ထို့နောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းအကြံပြုချက်များအပေါ် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်း‌ () ခုကိုတစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း () လုံးအား ချေမှုန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KNUဗဟိုအသိပေးဆို


ဧပြီ၂၃


ဧပြီ၂၃ရက်မှာ  ကေအဲန်ယူဗဟိုက စစ်ရေးသတင်းကို အခုလိုတရားဝင်အသိပေးဖော်ပြပါတယ်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ() တပ်ပေါင်းစုမှ ဧပြီလ(၂၂)ရက်နေ့ နံနက် (၄း၃၀) မှ (၅း၃၀)အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ တပ်စခန်း‌() ခုကို တစ်ပြိုင်  နက်တည်းတိုက်ခိုက်ခဲ့ပြီး စခန်း () လုံးအား တိုက်ခိုက် ချေမှုန်းဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်ချေမှုန်း ဖျက်ဆီးခံရသည့် တပ်စခန်း()ခုမှာ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနှင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ဖြစ်တယ်လို့သိရပါတယ်။


ထို့အပြင် လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့်ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိသော်လည်း ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။


ထိုစခန်းနှစ်ခုကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးနိုင်ခြင်းမရှိသည့် အကြောင်းရင်းမှာ ရန်သူများက စခန်းတွင်မနေပဲ အပြင်ဘက်သို့ ပုန်းရှောင်နေခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။


ထိုသို့ ရန်သူ့စခန်းများကို တိုက်ခိုက်ချေမှုန်းဖျက်ဆီးရာတွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်မှ (၁၆)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  သေဆုံးသူများထဲတွင် ဒုတပ်ရင်းမှူးတစ်ဦးပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးကို ဝမ်းနည်းကြောင်းProfile အမည်းပြောင်းပြီး ထုတ်ဖော်ပြသလို့ ပုဒ်မ (၅၀၅-က)ဖြင့် ပြန်လည်ဖမ်းဆီး


ဧပြီ၂၃ရက်


ကန့်ဘလူ၊ ပဇီကြီးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမူအပေါ် ဝမ်းနည်းကြောင်းProfile အမည်းပြောင်းပြီး ထုတ်ဖော်ပြသလို့ လွတ်ငြိမ်းခွင့်နဲ့ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးကိုပါ 

ပုဒ်မ (၅၀၅-က)တပ်၍ ပြန်ဖမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီလ ၂၁ရက်နေ့မှာ မွန်ပြည်နယ် သံဖြူဇရပ်မြို့က မနိုးနိုးကိုစကစတပ်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံသတင်းအရင်းအမြစ်တွေကတဆင့်သိရပါတယ်။


မနိုးနိုးဟာ ဧပြီ၁၁ရက်နေ့က ပဇီကြီးဖြစ်စဥ်ပေါ်  ဝမ်းနည်းကြောင်း မိမိရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Profile အမည်းပြောင်ပြီး ထုတ်ဖော်ပြသလို့ နေအိမ်မှာ စကစတပ်များကလာရောက်ရှာဖွေဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။


မနိုးနိုးဟာ နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း ၂၀၂၁ခုနှစ် ဇွန်လမှာ ပထမအကြိမ် ဖမ်းဆီးခံခဲ့ရပြီး  ၂၀၂၂ခုနှစ်ထဲမှာ လွတ်ငြိမ်းသက်သာခွင့်အမိန့် ၄၀၁နဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စကစတပ်များက လေကြောင်းတိုက်ခိုက်မှုတွင် လူဦးရေ၁၆၈ဦးသေဆုံးခဲ့ရပြီး အများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများပါဝင်ပါတယ်။


========================


📌📌 ၆။ ပုသိမ်မြို့က ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းစနစ်နဲ့နှစ်ကြိမ်တိုင်တိုင် ဗုံးခွဲတိုက်ခိုက်


ဧပြီ၂၃ရက်


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၅ရပ်ကွက် ထောင်ကုန်းလမ်း နှင့်သစ္စာလမ်း ထောင့်က ဒုတိုင်းရဲတပ်ဖွဲ့မှူးနေအိမ် ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧပြီ၂၂ရက် ည၈နာရီ၅၀အချိန်နဲ့၉နာရီအချိန်တို့မှာအဝေးထိန်းစနစ်နဲ့နှစ်ကြိမ်တိုင်တိုင် ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့  ပုသိမ်မြို့ပြပြောက်ကျားတပ်ကဆိုထားပါတယ်။


"ပုသိမ်မြို့ အမှတ် ၅ရပ်ကွက် ထောင်ကုန်းလမ်း နှင့်သစ္စာလမ်း ထောင့် ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေအိမ် ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် PSTF မှ အဝေးထိန်းစနစ် ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးပဲ ထိုက်မြတ်စံ hotel ထိပ်မှ ထောင်ကုန်းလမ်းထိ ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရပါတယ်"လို့ဆိုပါတယ်။


ဧရာဝတီတိုင်းအတွင်း စကစအနေဖြင့်နေရာစုံတွင် လုံခြုံမှူမရှိတော့ကြောင်းနှင့်တော်လှန်ရေးအင်အားစုများမှ ဟန်ချက်ညီညီ mission များချိတ်ဆက် ဖော်ဆောင် နေပြီဖြစ်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားတပ်ကဆိုထားပါတယ်။


========================


📌📌 ၇။ Spring Inya Condo“အရောင်းဖွင့်ရန် အချိန်၆ရက်သာလိုတော့ပြီး ကြိုတင်အမှာဝယ်လိုသူများစာရင်းလက်ခံနေ


ဧပြီ၂၃ရက်


ဧပြီ၂၃ရက်မှာ endofdictatorshipက Spring Inya Condoနဲ့ပတ်သက်လို့ အခုလိုအသိပေးကြေညာထားပါတယ်။


"Spring Inya Condo စတင်ရောင်းချမည့်ရက်ကို ဧပြီလ ၂၉ ရက်လို့ သတ်မှတ်ထားတာကြောင့် ရက်သာလိုပါတော့တယ်။ရဲရင့်နွေဦး ကွန်ဒိုတုန်းက မရလိုက်လို့ ဒီတစ်ခါတော့ အပီဆွဲမယ်ဆိုပြီး ကိုယ်စားလှယ်ကြီးများထံ ကြိုတင်ငွေပို့ပြီးနေကြသူတွေ ရှိနေပြီ။အိမ်သူအိမ်သား တော်လှန်ရေး ဘက်တော်သားကို ထမင်းဟင်းလေး ကောင်းကောင်းချက်ကျွေးပြီး ကွန်ဒိုစည်းရုံးရေး အောင်မြင်သွားသူတို့ အကြောင်း ကြားနေရပြီ။အရင် EOD Projects တွေလိုမဟုတ်ပဲ၆လအတွင်း ၆ကြိမ်ခွဲသွင်းလို့ရတဲ့ အခွင့်အလမ်းကလဲ လက်လှမ်းမှီအောင် ကြိုးစားချင်စရာပေပဲ"လို့ဆိုထားပါတယ်။


Spring Inya Condo ကိုပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်တယ်လို့သိရပါတယ်။


မြေတန်ဖိုးမြင့်မားသည့် အင်းလျားကန်စောင်းတွင် ရှားပါးမြေနေရာကျယ် ဖြစ်ပြီးအင်းလျားကန်ရှုခင်းကို ဖြတ်သန်းပြီး ရွှေတိဂုံကို တိုက်ရိုက်ဖူးမြင်နိုင်မည့် ရန်ကုန်မြင်ကွင်းကျယ်ကို ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။


တော်လှန်ပြည်သူများအတွက် နွေဦးအလွန်ကာလတွင် ဖေါ်ဆောင်ပေးမည့် “Innya Walk” နှင့် နီးကပ်စွာ တည်ရှိနေသော နေရာဖြစ်ကာ ကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment