၂၀၂၃ ဧပြီလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရေးနှင့်အုပ်ချုပ်ရေးကို ယှဉ်တွဲကာ မူဝါဒများချမှတ်ရာတွင် မြေပြင်နှင့်ကိုက်ညီပြီး အများသဘောဆန္ဒဖြစ်ဖို့ ဝန်ကြီးချုပ်တိုက်တွန်း
📌 ၂။ NUG ရဲ့ အဓိက ဒေါက်တိုင်တွေဟာ တော်လှန်ရေး အင်အားစု Gen Z တွေ ဖြစ်တယ်လို့ပြောကြား
📌 ၃။ အကြမ်းဖက် စစ်တပ်က ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာရှိ လယ်ကြားကျေးရွာ ဒေသခံကျေးရွာသားများအား လက်နောက်ပြန်ကြိုးချီ၍ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့
📌 ၄။ ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ရဲ(၁)ဦးသေဆုံး
📌 ၅။ ဘုတလင်မြို့မှ ထွက်ခွာလာသော စကစတပ် စစ်ကြောင်းအား ညောင်ပင်ကန် ရွာဦးအနီး ပကဖနဲ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စကစဘက်က ဆယ်ဦးထိခိုက်သေဆုံးနိူင်
📌 ၆။ ကနီမြို့နယ် အလယ်ကျွန်းပျူရွာမှ သရက်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစနှင့် ပျူများတိုက်မိုင်းမိ၍ တစ်ဦးသေ၊သုံးဦးထိခိုက်ဒဏ်ရာရ
📌 ၇။ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကင်မွန်းစခန်းနယ်မြေရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးကြဲချ၍ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အဦများ မီးလောင်ပျက်စီးခဲ့
📌 ၈။ နွေဦးအင်းလျား ကွန်ဒိုဝယ်ယူသူတိုင်း တော်လှန်ရေးကာလအတွင်းကျသင့်တန်ဖိုး ၄၀ ရာခိုင်နှုန်းသာ ပေးချေရမည်ဖြစ်ပြီးကျန်၆၀ရါခိုင်နှုန်းကို တော်လှန်ရေးလွန် ကာလမှသာပေးချေနိူင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရေးနှင့်အုပ်ချုပ်ရေးကို ယှဉ်တွဲကာ မူဝါဒများချမှတ်ရာတွင် မြေပြင်နှင့်ကိုက်ညီပြီး အများသဘောဆန္ဒဖြစ်ဖို့ ဝန်ကြီးချုပ်တိုက်တွန်း
ဧပြီ၂၈ရက်
ဧပြီ၂၇ရက်တွင် ကျင်းပသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၇/၂၀၂၃)နွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ရေးနှင့်အုပ်ချုပ်ရေးကို ယှဉ်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ပြီး မူဝါဒများချမှတ်ရာတွင် မြေပြင်နှင့်ကိုက်ညီပြီးအများသဘောဆန္ဒဖြစ်ဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားခဲ့ပါတယ်။
"နယ်မြေသိမ်းပိုက်နိုင်သည့်ဒေသများတွင် အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်၍ ဆက်လက်ပုခုံးပြောင်း တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိုကြောင့် အဆင့်ဆင့် လုပ်ငန်းတွေကို မလစ်ဟင်းစေရေးအတွက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီးအုပ်ချုပ်ရေး ကိစ္စတွေ ကြိုတင်စီမံအုတ်မြစ်ချနေခြင်းဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေး၌ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ရေးနှင့်အုပ်ချုပ်ရေးကို ယှဉ်တွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မူဝဒများချမှတ်ရာတွင် မြေပြင်နှင့်ကိုက်ညီရန် အများသဘောဆန္ဒဖြစ်ရန် အလေးပြုဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကြားကာလမှာရေးဆွဲထုတ်ပြန်ထားသည့် လုပ်ငန်း လက်စွဲများသည် တည်ဆဲဥပဒေကဲ့သို့ အားကောင်းခိုင်မာအောင် အတတ်နိုင်ဆုံးကြိုစားဆောင်ရွက်ပေးစေလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီအတူဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များ၏ လုပ်ငန်းစဉ်တွေကို ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ရန်အတွက်လည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၂။ NUG ရဲ့ အဓိက ဒေါက်တိုင်တွေဟာ တော်လှန်ရေး အင်အားစု Gen Z တွေ ဖြစ်တယ်လို့ပြောကြား
ဧပြီ၂၈
NUG ရဲ့ အဓိက ဒေါက်တိုင်တွေဟာ တော်လှန်ရေး အင်အားစု Gen Z တွေ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကသုံးသပ်ပြောကြားခဲပါတယ်။
"GenZ တွေလား။NUG ရဲ့ အဓိက ဒေါက်တိုင်တွေပါ။ သူတို့မရှိပဲ တော်လှန်ရေး အင်အားစု ဆိုတာ မရှိနိုင်ဘူး။ ပြန့်ကျဲနေတဲ့ GenZ အင်အားကို စုစည်းပေးနိုင်ဖို့ NUG ဆိုတာ ပေါ်လာရတာ၊ GenZ တွေရဲ့ တော်လှန်ရေးကြောင့် NUG ရှိလာရတာပါ၊ NUG က လိုက် မြှောက်ပေးလို့ GenZ တွေရှိလာတာမဟုတ်ဘူး။
ဒီတော်လှန်ရေးမှာ ပါဝင်လာတဲ့ လူတိုင်းက အနည်းနဲ့အများ ပေးဆပ်ရတာချည်းပဲ၊ မိသားစု၊ နေအိမ်၊ ပတ်ဝန်းကျင်အပြောင်းအလဲ၊ ဘဝအပြောင်းအလဲ၊ ခက်ခဲမှု ပေါင်းစုံ ကျော်ဖြတ်ခဲ့ကြတာ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၆၀ ကျော်ရှိပြီ ဖြစ်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် စစ်တပ်က ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာရှိ လယ်ကြားကျေးရွာ ဒေသခံကျေးရွာသားများအား လက်နောက်ပြန်ကြိုးချီ၍ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့
ဧပြီ၂၈ရက်
"ဧပြီ၂၅ရက်တွင် အကြမ်းဖက် စစ်တပ်က ပင်လောင်းမြို့နယ်၊လုံးပျဥ်ကျေးရွာရှိ လယ်ကြားကျေးရွာ ဒေသခံကျေးရွာသားများအား လက်နောက်ပြန်ကြိုးချီ၍ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်းကို ဧပြီ၂၈ရက်မှာ KNDF/Pekhon Zoneက တရားဝင်အသိပေးဆိုပါတယ်။
လူသားဒိုင်းအဖြစ် အသုံးပြုဖမ်းဆီးခံရသော ကျေးရွာသား တစ်ဦး ကိုယ်လက်၊မျက်စီနဲ့ အခြား ခန္ဓာကိုယ် နှိပ်စက်ထားခံရသော ရုပ်အလောင်း တစ်ခုအား မိမိတို့ တော်လှန်းရေးအင်အားစုမှ တွေ့ရှိခဲ့ပြီး ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နန်းနိမ်၊လုံးပြင်၊တောင်မဲသင်း၊မြောက်စလုံး စသော တိုက်ပွဲကာလတစ်လျောက်တွင် ထိုကျေးရွာများမှ ဒေသခံကျေးရွာသူ/သားများ၊ သံဃာတော်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအသုံးပြုခြင်းများ စစ်ရာဇာဝတ်မှုမြောက်သည့် လုပ်ဆောင်ချက်များ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၄။ ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ရဲ(၁)ဦးသေဆုံး
ဧပြီ ၂၈ ရက်
ဧပြီ၂၈ရက်မှာ စစ်ရေးသတင်းကို ဝေါမြို့နယ် ပကဖက အခုလိုအသိပေးဆိုပါတယ်။
"ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်းအား ဧပြီလ၂၇ ရက်နေ့ ည(၇:၀၀)နာရီခန့်တွင် ဝေါမြို့နယ်(ပကဖ)နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်(၁)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ည(၇:၀၀)နာရီ တန်းစီချိန်၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်း၏ ကင်းသမားမှာ နေရာ၌ပင်သေဆုံးခဲ့ပါတယ်။
ထိုသို့ပစ်ခတ်နေစဉ် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက လင့်စင်နှင့် ကတုတ်ကျင်းများထဲမှ ပြန်လည်ပစ်ခတ်သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှာ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
========================
📌📌 ၅။ ဘုတလင်မြို့မှ ထွက်ခွာလာသော စကစတပ် စစ်ကြောင်းအား ညောင်ပင်ကန် ရွာဦးအနီး ပကဖနဲ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စကစဘက်က ဆယ်ဦးထိခိုက်သေဆုံးနိူင်
ဧပြီ၂၈ရက်
စစ်ကိုင်းတိုင်း၊ဘုတလင်မြို့မှထွက်ခွာလာသော စကစတပ် စစ်ကြောင်းအား ညောင်ပင်ကန် ရွာဦးအနီး ပကဖနဲ့ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာစကစဘက်ကဆယ်ဦးထိခိုက်သေဆုံးနိူင်တယ်လို့သတင်းရရှိပါတယ်။
ဧပြီ၂၈ရက် နံနက်၇နာရီအချိန်တွင် ဘုတလင်မြို့မှထွက်ခွာလာသော စကစတပ် စစ်ကြောင်းအား တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၃)တပ်ရင်း (အောင်ဆန်းမျိုးဆက်)ကအတည်ပြုဆိုပါတယ်။
၎င်းစစ်ကြောင်းပါစကစတပ်က၁၀ဦးခန့်သေဆုံးမှုရှိနိုင်ပြီးအောင်ဆန်းမျိုးဆက်ရဲဘော်များနှင့် ပူးပေါင်းကာကွယ်ရေးရဲဘော်များမှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။
========================
📌📌 ၆။ ကနီမြို့နယ် အလယ်ကျွန်းပျူရွာမှ သရက်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစနှင့် ပျူများတိုက်မိုင်းမိ၍ တစ်ဦးသေ၊သုံးဦးထိခိုက်ဒဏ်ရာရ
ဧပြီ၂၈ရက်
ဧပြီ၂၇ရက်ညနေ ၆နာရီ အချိန်ကနီမြို့နယ် အလယ်ကျွန်းပျူရွာမှ သရက်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစနှင့် ပျူများကို တိုက်မိုင်းနဲ့တိုက်ခိုက်နိူင်ခဲ့တယ်လို့ KLG PDFကအသိပေးဖော်ပြပါတယ်။
"ဧပြီ၂၇ရက် ညနေ ၆နာရီ အချိန်ခန့်တွင် ကနီမြို့နယ် အလယ်ကျွန်းပျူရွာမှ သရက်တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစနှင့် ပျူဆယ်ဦးခန့်သည် သရက်တော ကျေးရွာသို့ မရောက်ခင်အချိန်တွင် KLG PDF ကျောက်လုံးကြီးအဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတလုံးမိကာနောက်ကြောင်းပြန်ဆုတ်သွားခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်မိုင်းထိ၍အလယ်ကျွန်းပျူရွာမှ စကစ နှင့်ပျူ တစ်ဦးသေပြီး သုံးဦး ထိခိုက်ဒါဏ်ရာရရှိကြောင်းသိရပါတယ်။
========================
📌📌 ၇။ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကင်မွန်းစခန်းနယ်မြေရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးကြဲချ၍ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အဦများ မီးလောင်ပျက်စီးခဲ့
ဧပြီ၂၈ရက်
ဧပြီ၂၈ရက်မှာ စစ်ရေးသတင်းကို သထုံ TPDFကအခုလိုအတည်ပြုဆိုထားပါတယ်။
"ဧပြီ၂၇ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ်ကျိုက်ထိုမြို့နယ် အတွင်းရှိ ကင်မွန်းစခန်းနယ်မြေရဲစခန်းကို စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ KNLA + PDF + PPDF-KD + KRF + TPDF ၊ ဘီးလင်းပကဖ နှင့် ကျိုက်ထို ပကဖ တို့ ပူးပေါင်းကာ ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့တယ်"လို့ အသိပေးပါတယ်။
ဒရုန်းမှ ခွင်းဗုံးသီးများအားလုံး ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စခန်းအတွင်းရှိ အဆောက်အဦများ မီးလောင်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါမီးစွဲလောင်မှုကို မီးသတ်ကား ၂ စီးဖြင့် လာရောက်ငြိမ်းသတ်နေစဉ် ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ပြီး ဗုံးသီးအားလုံး ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ပြီးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ နွေဦးအင်းလျား ကွန်ဒိုဝယ်ယူသူတိုင်း တော်လှန်ရေးကာလအတွင်းကျသင့်တန်ဖိုး ၄၀ ရာခိုင်နှုန်းသာ ပေးချေရမည်ဖြစ်ပြီးကျန်၆၀ရါခိုင်နှုန်းကို တော်လှန်ရေးလွန် ကာလမှသာပေးချေနိူင်
ဧပြီ၂၈ရက်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှာ နွေဦးအင်းလျားကွန်ဒိုများကို စတင်ရောင်းချပေးမှာဖြစ်ပါတယ်။
"တော်လှန်ရေးကာလ အတွင်း ပေးချေရမည့် ၄၀% ကို ၁ ကြိမ်တည်း ပေးသွင်းနိုင်သလို၊ အရောင်းစတင်ရက်မှ ၆ လ အတွင်း ၆ ကြိမ်ထိ အရစ်ကျ ငွေပေးချေ နိုင်ပါတယ်။ နောက်ဆုံးပေးသွင်းရမည့် ရက်မှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် ဖြစ်ပြီးတော့ကျန် ၆၀% ကို တော်လှန်ရေးလွန် ကာလတွင် ပြည်တွင်း ပြည်ပဘဏ်များနှင့် ချိတ်ဆက်ပြီး ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်ဖြင့် အတိုးနှုန်း သက်သာစွာ အရစ်ကျ ပေးသွင်းနိုင်ရန် စီစဉ်ပေးမယ်"လို့ဖော်ပြပါတယ်။
နွေဦးအင်းလျားကွန်ဒိုကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် မြေအား ဥပဒေနဲ့ အညီသိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာကို ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ကာ အခန်းပေါင်း ၇၅၀ ရောင်းချပေးမှာဖြစ်ပါတယ်။
ငွေတခါ ပေးချေတိုင်း ငွေရပြေစာ ရရှိမည် ဖြစ်ပြီး၊ ၄၀% အကျေ ချေပြီးပါက ငွေပေးချေပြီးကြောင်း မှတ်တမ်းနှင့် ကနဦးပိုင်ဆိုင်မှု အထောက်အထား အဖြစ် “အာမခံ စာချုပ်” ရရှိမှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment