22nd MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။နွေဦး တော်လှန်ရေး တောင်ငူရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျနိူင်ငံ Perth မြို့အခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

📌 ၃။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဖက်ဒရယ်နိူင်ငံသစ်ကို အတူတူတည်ဆောက်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၄။ စစ်တပ်အောက်မှာ အလုပ်လုပ်နေတဲ့ နိူင်ငံခြားရေးဝန်ကြီးဌာနအောက်နဲ့ မြန်မာသံရုံးက ဝန်ထမ်းများ ပြည်သူ့ဘက်က အမြန်ရပ်တည်ပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား

📌 ၅။ ပုလဲမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် တံတားများကို မြို့နယ်ပအဖနဲ့PDFရဲဘော်များက ထန်းလုံးတံတားများ  အစားထိုးခင်း

📌 ၆။ မိုခါဆိုင်ကလုန်းကြောင့်  ထိခိုက်ခံစားရတဲ့မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းရွေးကောက်ပွဲအနိူင်ရပါတီ ခေါင်းဆောင် Pitaတိုက်တွန်းတောင်းဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။နွေဦး တော်လှန်ရေး တောင်ငူရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


မေလ၂၂


မေလ၂၁ရက်ကျင်းပတဲ့ ၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားလိုက်ပါတယ်။


"ထောင်အစပ်မှာရော၊ထောင်ဘေးမှာရော တော်လှန်ရေးနဲ့ပြည်သူအတူတူရှိနေလို့ အောင်မြင်စွာထောင်ဖောက်နိူင်ခဲ့တယ်။အဲဒါကို နောက်တမျိုးပြောင်းပြောရရင်စကစနဲ့အတူတူရှိနေတဲ့လူဟာ အဲဒီလမ်းမှာ တစ်ယောက်မှမရှိဘူးဖြစ်လိမ့်မယ်။ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့တော်လှန်ရေး တောင်ငူရောက်နေပြီ"လို့ဝန်ကြီးကဆိုပါတယ်။


ပဲခူးတိုင်း တောင်ငူအကျဥ်းထောင်ကနေ မေလ၁၈ရက် တော်လှန်ရေးရဲဘော်များ စုစုပေါင်းကိုးဦးထောင်ဖောက်လွတ်မြောက်ခဲ့ပြီးလက်နက်များပါရရှိလာခဲ့ပါတယ်။ ဖြစ်စဥ်တွင်စကစရဲတစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သြစတြေးလျနိူင်ငံ Perth မြို့အခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ


မေလ၂၂


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် သြစတြေးလျနိုင်ငံ၊ အနောက်ပိုင်းပြည်နယ်မြို့တော့် Perth မြို့သို့ ၂၀၂၃ ခုနှစ်၊ မေလ (၂၀) ရက်နေ့မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့တယ်လို့သတင်းရရှိပါတယ်။


 ပြည်ထောင်စုဝန်ကြီးအား ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေနှင့်အတူ Perth ရှိ မြန်မာတိုင်းရင်းသား မိသားစုများနှင့်အတူ CRPH/NUG Support Group (Western Australia) အဖွဲ့၏ တာဝန်ရှိသူများက လေဆိပ်တွင် လှိက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။


ထို့နောက်မေလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Perth မြို့အခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာ့အရေး အမြင်များကို ဖလှယ်ခဲ့ကြပြီး Perth Town Hall တွင် ပြုလုပ်နေသည့် ရံပုံငွေရှာ ဈေးရောင်းပွဲနှင့် NUG EoD, Bond ရောင်းချပွဲကို တက်ရောက်အားပေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဖက်ဒရယ်နိူင်ငံသစ်ကို အတူတူတည်ဆောက်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


မေလ၂၂ရက်


မေလ၂၁ရက်နေ့တွင်ကျင်းပတဲ့ ၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားမှာကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဖက်ဒရယ်နိူင်ငံသစ်ကိုတည်ဆောက်မည့်အ‌ကြောင်းကို ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလိုပြောကြားထားပါတယ်။


"ကျနော်တို့တွေဟာ အခြေအနေအရပ်ရပ်ကြောင့် နိူင်ငံတကာကိုရောက်နေကြတယ်။တောထဲကိုရောက်နေကြတယ်။ဒီလူတွေ အိမ်ပြန်နိူင်ကြဖို့ အားလုံးရဲ့ လွတ်လပ်မှုကို အသုံးပြုပြီး တိုက်ပွဲဝင်ကြဖို့လိုပါတယ်။အဲဒီလိုပဲ အတူတူလက်တွဲ ပြီးတော့ သီချင်းဆိုနေလို့မရဘူး။တရားမျှတ လွတ်လပ်ခြင်းကို လက်တွေ့ အကောင်အထည်ဖော်ဖို့ လိုတယ်။တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့၊ဖက်ဒရယ်တို့ကိုတည်ဆောက်ဖို့လိုတယ်။ဖက်ဒရယ်နိူင်ငံသစ်ကို အတူတုတည်ဆောက်ကြဖို့ လိုတယ်လို့ပြောချင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ 


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့အတူ စစ်ရေး နိူင်ငံရေးများပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်တပ်အောက်မှာ အလုပ်လုပ်နေတဲ့ နိူင်ငံခြားရေးဝန်ကြီးဌာနအောက်နဲ့ မြန်မာသံရုံးက ဝန်ထမ်းများ ပြည်သူ့ဘက်က အမြန်ရပ်တည်ပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား


မေလ၂၂ရက်


မေလ၂၁ရက်‌နေ့မှာ အမေရိကန်နိူင်ငံတွင် ကျင်းပပြုလုပ်သည့်၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုတိုက်တွန်းပြောကြားခဲ့ပါတယ်။


" စစ်တပ်အောက်မှာ လုပ်နေတဲ့လူတွေ ပြည်တွင်းမှာ နိူင်ငံခြားရေးဝန်ကြီးဌာနမှာ လုပ်နေတဲ့လူတွေ၊မြန်မာသံရုံးမှာ လုပ်နေတဲ့လူတွေအနေနဲ့ ဒီနေရာကနေ ကျနော်ပြောချင်တာ စိတ်သန့်သန့်နဲ့ ပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ပေးဖို့ ထပ်လောင်းတိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ ပြည်သူများကို နှိပ်စက် ညှင်းပန်းသတ်ဖြတ်နေတာဖြစ်ပြီး ၄င်းစစ်တပ်ကိုကူညီခြင်းသည် ပြည်သူကို သတ်ဖြတ်ခြင်းနှင့်အတူတူပင်ဖြစ်ကြောင်းသံအမတ်ကြီးကဆိုပါတယ်။


ပြည်သူ့ဂုဏ်ရည်ဆုမှ ရရှိတဲ့အမေရိကန်ဒေါ်လာတစ်သောင်းကို  NUGအစိုးရမှတဆင့် CDMများကိုသံအမတ်ကြီး ဦးကျော်မိုးထွန်း ပြန်လည်လှူဒါန်းခဲ့ပါတယ်။


"ဒီဆုကျနော့်ကိုပေးအပ်တယ်။ဒါပေမယ့် ကျနော်ခံယူတာက ကျနော်တို့ တော်လှန်ရေးလုပ်နေတဲ့ပြည်သူတွေ၊အထူးသဖြင့် CDM တွေ ဒီတော်လှန်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့လုပ်နေကြတဲ့လူတွေ အဲဒီလိုလူတွေအတွက်ပေးတယ်လို့ ကျနော်ခံယူပါတယ်။ဒါကြောင့် ဒီဆုဟာပြည်သူတွေကိုပေးတဲ့ဆုပါ"လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်။


ဒါ့အပြင် စစ်တပ်ကဖြန့်ချီသော သတင်းတု၊ သတင်းယောင်များကို ပြည်ပရှိ သံရုံးများကတဆင့်ဖြန့်ချီလျက်ရှိပြီး ၄င်းကို အမြန်ဆုံးရပ်တန့်ရန်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


မေလ၂၁ရက်ကျင်းပတဲ့ ၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အထူးဧည့်သည်တော်အဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့နဲ့အတူ ပရိသတ် ၅၀၀ ကျော် ရုံပြည့် ရုံလျှံတက်ရောက်အားပေးခဲ့ကြပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် တံတားများကို မြို့နယ်ပအဖနဲ့PDFရဲဘော်များက ထန်းလုံးတံတားများ  အစားထိုးခင်း


မေ၂၂


မေလ၂၂ရက်မှာ ပုလဲပအဖက တံတားများပြီးစီးကြောင်းကို အခုလိုအသိပေးဆိုထားပါတယ်။

  

ပုလဲမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် တံတားများကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှင့် PDF တပ်ရင်းတပ်ဖွဲ့များက ပြည်သူများအရေးပေါ်သွားလာနိုင်ရန် ထန်းလုံးတံတားများ  အစားထိုးခင်းပြီး  ဆောက်လုပ်‌ပေးနေကြပါတယ်"လို့ ပုလဲ ပအဖမှ ဦးဇော်ထက်ကဆိုထားပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မေလ ၁၉ရက်နေ့အထိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ဒေသများဖြစ်သည့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရ်(ကော့ပဇား-ရိုဟင်ဂျာဒုက္ခသည်စခန်း) စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက်ငွေကျပ်သိန်းပေါင်း (၈၄၀)ကျော်ကို ထောက်ပံ့ပြီးဖြစ်ရာ မကွေးတိုင်း နှင့်စစ်ကိုင်းတိုင်းတို့အတွက်ငွေကျပ် (၃၅)သိန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ မိုခါဆိုင်ကလုန်းကြောင့်  ထိခိုက်ခံစားရတဲ့မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းရွေးကောက်ပွဲအနိူင်ရပါတီ ခေါင်းဆောင် Pitaတိုက်တွန်းတောင်းဆို


မေလ၂၂


မိုခါဆိုင်ကလုန်းကြောင့်  ထိခိုက်ခံစားရတဲ့မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းရွေးကောက်ပွဲအနိူင်ရပါတီ ခေါင်းဆောင် Pitaတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


"မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်။မုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီတွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည်တွေကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။  ဒါဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


မိုခါ ဆိုက်ကလုန်း မုန်တိုင်းကြောင့်   ရိုဟင်ဂျာများအပါအဝင် လူပေါင်း (၄၅၀) ကျော် အသက်ဆုံးရှုံးခဲ့ပြီး၊ နေအိမ်၊ စာသင်ကျောင်း၊ လမ်း၊ တံတားများအပါအဝင် စိုက်ပျိုးဧရိယာများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီးလူပေါင်း () သန်းခန့်မှာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment