၂၀၂၃ မေလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးခရီး နေပြည်တော်ကို သွားဖို့ပဲ ကျန်တော့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
📌 ၂။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသူ ဒေသခံအိမ်ထောင်စုများကို အမိုးအကာအတွက် ရန်ပုံငွေNUGကထောက်ပံ့
📌 ၃။ တော်လှန်ရေးကာလ အလုပ်လုပ်ရတဲ့အခါ အရေးအကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး currency ကတော့ စိတ်ရဲ့တွန်းအား motivation ပဲဖြစ်တယ်လို့ဆို
📌 ၄။ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မုန်တိုင်းသင့်မြို့နယ်တွေမှာ သန့်ရှင်းတဲ့သောက်ရေရရှိဖို့ အခက်အခဲနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ကူးစက်ရောဂါဖြစ်ပွားနိူင်ခြေမြင့်မား
📌 ၅။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲ ပြည်သူ့စစ်၊ ပျူစောထီးများ လက်နက်အမျိုးအစားအပေါ်မူတည်၍ ကျပ်သိန်းတစ်ရာမှ သိန်းတစ်ထောင်အထိ ပေးမယ်လို့ Bamauk Revolutionကအသိပေးကြေညာ
📌 ၆။ မြိုင်နယ် လင်းကတောရဲစခန်းမှာ စကစတပ်များဝေဟင်မှ ဗုံးသီးချတိုက်ခိုက်ခံရ
📌 ၇။ စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့၊ မြို့မရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရ၍ စကစဘက်က ၁၂ဦးသေဆုံး
📌 ၈။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း စုန်/ဆန် သွားလာနေသော ကုန်စည်တင် သင်္ဘောများကို ကာကွယ်ရေးတပ်များ စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်ပစ္စည်းတွေ့ရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးခရီး နေပြည်တော်ကို သွားဖို့ပဲ ကျန်တော့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်
မေလ၂၂
တော်လှန်ရေးခရီး နေပြည်တော်ကို သွားဖို့ပဲ ကျန်တော့တယ်လို့ မေလ၂၁ရက် ကျင်းပတဲ့၂၀၂၃ ခု၊ ၁၄ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောကြားလိုက်ပါတယ်။
"ဒါ့အပြင် သူတို့စခန်းထဲမှာဘဲ သူတို့နေနေရတဲ့အခြေအနေဖြစ်နေပြီ။ အပြင်မှာ ကျနော်တို့ကျောင်းတွေက ခေါင်းလောင်းထိုး ကျောင်းတက်နေတယ်။ အခုက နေပြည်တော်ကို သွားဖို့ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ကျနော်တို့ တစ်ဦးတစ်ဦးချင်း၊ တစ်ယောက်ချင်း တစ်ဖွဲ့ချင်းရဲ့ ရုန်းကန်မှုတွေနဲ့ စွန့်လွှတ် စွန့်စားပါဝင်မှုတွေပဲ လိုအပ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို တနိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ခန့် အတည်ပြုစုဖွဲ့နိုင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း (၂၅၀) ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ စုပေါင်းစွမ်းဆောင်ရည်ဖြင့် နှစ်နှစ်အတွင်း အနည်းဆုံး ရန်သူ့အင်အား (၃)သောင်း ခန့်ကို သုတ်သင်နိုင်ခဲ့ပြီး (၁)သောင်းကျော်ကို ထိခိုက်ဒဏ်ရာရရှိစေခဲ့ပါတယ်။
========================
📌📌 ၂။ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသူ ဒေသခံအိမ်ထောင်စုများကို အမိုးအကာအတွက် ရန်ပုံငွေNUGကထောက်ပံ့
မေလ၂၂
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသူ ဒေသခံအိမ်ထောင်စုများကို အမိုးအကာအတွက် ရန်ပုံငွေNUGက ထောက်ပံ့ပေးလျက်ရှိတယ်လို့ မေလ၂၂ရက်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ရန်ပုံငွေထောက်ပံ့ပေးမှု သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၉) မြို့နယ်၌ လတ်တလောအရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်းသိရှိရပါတယ်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုအများဆုံးခံရသည့် ရခိုင်ပြည်နယ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ငွေကျပ်သိန်း (၁၀၀၀) အရေးပေါ်ထောက်ပံ့မှုအပြင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှလည်း ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီများကို Arankan Heritage Foundation (AHF) နှင့် ချိတ်ဆက်၍လည်းကောင်း၊ မြေပြင်မှအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်းကောင်း ပံ့ပိုးထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA) ကြောင့် ထိခိုက်ခံစားနေရသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်ချက်များကို သက်ဆိုင်ရာ အတိုင်ပင်ခံကောင်စီနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသို့ ထောက်ပံ့ပေးလျက်ရှိကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးကာလ အလုပ်လုပ်ရတဲ့အခါ အရေးအကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး currency ကတော့ စိတ်ရဲ့တွန်းအား motivation ပဲဖြစ်တယ်လို့ဆို
မေလ၂၂ရက်
"တော်လှန်ရေးကာလ အလုပ်လုပ်ရတဲ့အခါ အရေးအကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး currency ကတော့ စိတ်ရဲ့တွန်းအား motivation ပဲဖြစ်တယ်လို့ မေလ၂၂ရက်မှာ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က သုံးသပ်ပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးကာလ အလုပ်လုပ်ရတဲ့အခါ အရေးအကြီးဆုံး တန်ဖိုးအကြီးဆုံး currency ကတော့ စိတ်ရဲ့တွန်းအား motivation ပဲဖြစ်ပါတယ်။ ဘာမှ personal gain အတွက် မမျှော်လင့်ပဲ၊ စွန့်လွတ်အနစ်နာခံပြီး တော်လှန်ရေးအောင်မြင်ဖို့ ဝိုင်းတွန်းကြိုးစားကြသူတွေ အားလုံးလဲ နေ့စဉ်ဘဝတွန်းအားအတွက် ဒီလိုမိုတီလိုကြမှာပဲ။ ပြောချင်တာက ကျမတို့ တော်လှန်ရေးဘက်တော်သားတွေကိုယ်တွေအချင်းချင်းပဲ မိုတီပေးကြ ယူကြရတာဖြစ်ပါတယ်။ အဲဒိလိုပဲ မိုတီပျက်အောင် လုပ်ဖို့ကလဲ ကိုယ်တွေထဲကပဲဖြစ်နိုင်တာ ဖြစ်တဲ့အတွက် သတိထားရမှာလည်းဖြစ်ပါတယ်။ အချင်းချင်း မိုတီတွေပျက်အောင် negative vibe တွေမလွှမ်းမိုးအောင် မလုပ်ကြဖို့အရေးကြီးပါတယ်။ လိုအပ်တဲ့ငွေတွေ၊ လက်နက်တွေမရှိတာထက် မိုတီမရှိတာကပိုဆိုးပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။
လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ နှစ်နှစ်တာကာလအတွင်း Mind Healer စိတ်ခွန်အားပေးသူများ Facebook စာမျက်နှာမှ အကူအညီလိုအပ်သူများအား နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းကိုလည်း ပြုလုပ်ပေးလျက်ရှိရာ စုစုပေါင်းပြည်သူ (၈၂၃) ဦး နှင့် CDM ဝန်ထမ်း (၄၂၂)ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မုန်တိုင်းသင့်မြို့နယ်တွေမှာ သန့်ရှင်းတဲ့သောက်ရေရရှိဖို့ အခက်အခဲနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ကူးစက်ရောဂါဖြစ်ပွားနိူင်ခြေမြင့်မား
မေလ၂၂ရက်
ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် မုန်တိုင်းသင့်မြို့နယ်တွေမှာ သန့်ရှင်းတဲ့သောက်ရေရရှိဖို့ အခက်အခဲနဲ့ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ ကူးစက်ရောဂါဖြစ်ပွားနိူင်ခြေမြင့်မားနေတယ်လို့ မေလအတွင်းမှာ UN OCHA Myanmarက အသိပေးဖော်ပြပါတယ်။
"ရခိုင်ပြည်နယ်မှာ စစ်တွေနဲ့ရသေ့တောင်ဟာ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးသင့်တဲ့ မြို့နယ်တွေဖြစ်ပါတယ်။ သန့်ရှင်းတဲ့သောက်ရေရရှိဖို့ အခက်အခဲရှိတာတွေကြောင့် ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ ကူးစက်ရောဂါဖြစ်ပွားနိင်ခြေတွေလည်း မြင့်မားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အစားအစာနဲ့ အဓိကမရှိမဖြစ် လူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးကူညီနေပါတယ်"လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုန်တိုင်းဖြတ်ကျော်သွားတဲ့လမ်းကြောင်းမှာ နေထိုင်သူ လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက် မုန်တိုင်းဒဏ်သင့်တယ်လို့ ခန့်မှန်းရပါတယ်။
အများဆိုင်ရာအဆောက်အအုံတွေ ဆိုးဆိုးဝါးဝါး ထိခိုက် ပျက်စီးခဲ့ပါတယ်။ မကွေးနဲ့စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရပါတယ်။
========================
📌📌 ၅။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲ ပြည်သူ့စစ်၊ ပျူစောထီးများ လက်နက်အမျိုးအစားအပေါ်မူတည်၍ ကျပ်သိန်းတစ်ရာမှ သိန်းတစ်ထောင်အထိ ပေးမယ်လို့ Bamauk Revolutionကအသိပေးကြေညာ
မေလ၂၂ရက်
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား၊ ရဲ ပြည်သူ့စစ်၊ ပျူစောထီးများ လက်နက်အမျိုးအစားအပေါ်မူတည်၍ ကျပ်သိန်းတစ်ရာမှ သိန်းတစ်ထောင်အထိ ပေးမယ်လို့ Bamauk Revolutionကအသိပေးကြေညာလိုက်ပါတယ်။
မေလ၂၂ရက်မှာ ဆုကြေးနဲ့ပတ်သက်လို့ Bamauk Revolutionကဆိုပါတယ်။
"လက်နက်နှင့်တကွ ပြည်သူ့ ဘက်တော်သားအဖြစ် ရပ်တည်ပြီး အလင်း၀င်လာသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များ နှင့်အတူ မြန်မာပြည်သူလူထု နှင့် PDF တပ်ဖွဲ့ ၀င်များမှ နွေးထွေးစွာ ကြိုဆိုပါတယ်။ အလင်း၀င်ရောက်လာသူများ၏ အသက်အန္တရာယ်ကို အပြည့်အ၀ အာမခံပြီး မိမိတို့၏ စိတ်ဆန္ဒရှိသဘော အတိုင်းနေ ထိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဆုကြေးအနေနဲ့ တပ်သားမှ တပ်ကြပ်အထိ သိန်း ၂၀၀ကျပ်၊ တပ်ကြပ်ကြီးမှ ဒုဗိုလ်သိန်း ၁၅၀ကျပ်၊ ဗိုလ်မှ ဗိုလ်ကြီးထိ သိန်း ၁၀၀ကျပ်၊ ဒုတပ်ရင်းမှူး ၊တပ်ရင်းမှုး သိန်း ၅၀ကျပ်၊ ဗျူဟာမှူး သိန်း ၃၀ကျပ်၊ တပ်မမှူး ၅သိန်းကျပ်ဖြစ်ပြီးလက်နက်ပါလာက MA.1 (ကျ ပ်သိန်း ၁၀၀) ၊MA.2 (ကျ ပ်သိန်း ၁၅၀)၊ 120mm(ကျပ်သိန်း ၁၀၀၀) စသဖြင့်စစ်သုံးလက်နက် ၊ ပစ္စည်း ၊ ကျ ည်ဆံများကိုလည်း အရေအတွက် ၊ တန်ဖိုးများအလိုက်ဂုဏ်ပြု ချီးမြှင့်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ မြိုင်နယ် လင်းကတောရဲစခန်းမှာ စကစတပ်များဝေဟင်မှ ဗုံးသီးချတိုက်ခိုက်ခံရ
မေလ၂၂
မကွေးတိုင်း၊ မြိုင်နယ် လင်းကတောရဲစခန်းမှာ စကစတပ်များဝေဟင်မှ ဗုံးသီးချတိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။
မေလ၂၁ရက် မွန်းတည့်၁၂နာရီအချိန် မှာတိုက်ခိုက်ခဲ့တာလို့ Salingyi Special Task Force - SSTFက အတည်ပြုဆိုပါတယ်။
"မေလ (၂၁)ရက်အင်အား၉၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်အုပ်သည် ယနေ့မနက်အစောပိုင်းတွင် လင်းကတော ရဲစခန်းအတွင်းသို့ ဝင်ရောက်၍ ဝပ်နေစဉ် နေ့လယ် ၁၂ အချိန်တွင် ညီနောင်မဟာမိတ်များဖြစ်သည့် ဆားလင်းကြီး၊ ရေစကြို၊ မြိုင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့များမှ စုပေါင်းကာ Shar Htoo Waw Drone နည်းပညာ( မောင်းသူမဲ့လေယာဉ်)များအပြင် Multirotor Drone များဖြင့်လည်း ဗုံးသီးများစွာကို target တိကျမှန်ကန်စွာ စနှစ်တကျ ကျဲချခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိခိုက်မှုများ များစွာရရှိနိုင်သော်လည်း သတင်းသတိအကျကိုတော့ စစ်ကြောင်းဖြစ်နေသည့်အတွက် အတည်ပြုမရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့၊ မြို့မရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရ၍ စကစဘက်က ၁၂ဦးသေဆုံး
မေလ၂၂ရက်
စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့၊ မြို့မရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရ၍ စကစဘက်က ၁၂ဦးသေဆုံးခဲ့ပါတယ်။
မေလ၂၂ရက်မှာ စစ်ရေးသတင်းကို ZEROပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း(၇)မြင်းခြံခရိုင်က အသိပေးဆိုပါတယ်။
"မေလ၂၁ရက်ညနေပိုင်းတွင် စစ်ကိုင်းခရိုင်၊ ဆားတောင်မြို့၊ မြို့မရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းတွင်းရှိ စကစနှင့်ရဲ (၁၂)ဦးသေဆုံးပြီး၊ ဒါဏ်ရာရရှိသူများလည်းရှိပြီး အရာရှိတစ်ဦးပါသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။
တိုပ်ပွဲပြင်းထန်ပြီး တိုက်ပွဲချိန်(၂း၃၀)ကြာမြင့်ခဲ့ပြီး၊ စခန်းသိမ်းနိုင်ရန် အချိန်အနည်းငယ်အလိုတိုက်လေယာဉ်(၂)စီး အဆက်မပြတ်ဝဲပျံနေမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ZEROပြောက်ကျားတပ်ဖွဲ့၊တပ်ရင်း(၇)မြင်းခြံခရိုင်က အသိပေးဆိုပါတယ်။
၎င်းတိုက်ခိုက်မူကို ZEROပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း(၇)မြင်းခြံခရိုင်နှင့် နဂါးနီကျောက်ဆည်၊တပ်ရင်း(၁)ကျောက်ဆည်ခရိုင်တပ်ရင်း(၄)၊ မြင်းခြံခရိုင်နှင့် ဆားတောင်မိုးကြိုးနှင့် မဟာမိတ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
========================
📌📌 ၈။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း စုန်/ဆန် သွားလာနေသော ကုန်စည်တင် သင်္ဘောများကို ကာကွယ်ရေးတပ်များ စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်ပစ္စည်းတွေ့ရှိခဲ့
မေလ၂၂ရက်
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း စုန်/ဆန် သွားလာနေသော ကုန်စည်တင် သင်္ဘောများကိုကာကွယ်ရေးတပ်များ စစ်ဆေးရာ အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်ပစ္စည်းတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ၂၂ရက်မှာ Bright Star Group Local PDF အထူးပြောက်ကျားတပ်ဖွဲ့ - ရေစကြိုက အသိပေးဆိုပါတယ်။
"ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း စုန်/ဆန် သွားလာနေသော ကုန်စည်တင် သင်္ဘောများကို မိမိတို့ BSGအဖွဲ့မှ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ရာတွင်
အာဏာရှင်စနစ် သက်ဆိုးရှည်ရန် (အားပေးကူညီမှု)ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်ပစ္စည်းဖြစ်သော (ဘိလပ်မြေ ကြံ့နှစ်ကောင်တံဆိပ်)ကို စစ်ဆေးတွေ့ရှိရတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးယန္တယား လည်ပတ်နိုင်ရန်အလို့ငှာ (အားပေးကူညီမှု)လုပ်နေတဲ့ (မင်းသူအောင်-၁/နှင့် ရေဘုရင်ကြီး၅)သင်္ဘောများက တင်ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီရဲ့ စီပွားရေးထောက်တိုင်ပစ္စည်း (ဘိလပ်မြေ ကြံ့နှစ်ကောင်တံဆိပ် အိတ်အရေတွက် 32000နှင့်22656) များကို BSGအဖွဲ့မှ သတိပေးပြီး ရေဘုရင်ကြီး၅နှင့် မင်းသူအောင်-၁) သင်္ဘောများတွင် လိုက်ပါလာသော ကိုယ်စားလှယ်များကို နောက်နောင် အကြမ်းဖက်စစ်ကောင်စီရဲ့စီပွားရေးထောက်တိုင်ပစ္စည်းများကို မတင်ဆောင်ဖို့ အသိပညာပေး မေတ္တာရပ်ခံခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment