၂၀၂၃ မေလ ၂၄ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူသားချင်းစာနာမှုအကူအညီ အများဆုံးရနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ pro-active engagement ဖြစ်အောင် အားသွန်ကြိုးပမ်းဖို့ ယာယီသမ္မတပြောကြား
📌 ၂။ ပြည်သူတွေမကြိုက်တဲ့ စစ်အာဏာသိမ်းမှုက လုံးဝကျဆုံးသွားမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၄။ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်မှ Droneဖြင့် (၂) ကြိမ် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ လူနေအိမ် (၂) လုံးနှင့် ထင်းတဲ (၁) လုံး ပျက်စီးခဲ့
📌 ၅။ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို အကြမ်းဖက်စစ်အုပ်စုများက ဝင်ရောက်စီးနင်း၍ ဆရာဝန် နှင့် သူနာပြုလေးဦးကိုဖမ်းဆီးခေါ်ဆောင်သွား
📌 ၆။ အင်းတော်မြို့နယ် တိုက်ပွဲဖြစ်ပွားရာနေရာအား မြစ်ကြီးနားမှ ဆင်းလာသော စကစတပ် Jet fighter လေယာဥ်များလာရောက်ပစ်ခတ်
📌 ၇။ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ရှိ ရဲနဲ့စကစတို့၏ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး
📌 ၈။ ရေးမြို့နယ် မြောက်ပိုင်းရှိ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ကျားဖြူစစ်ကြောင်းတိုက်ခိုက်၍ အယောက်သုံးဆယ်ကျော်သေဆုံး
📌 ၉။ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စကစတပ်များ မိုင်း၂ကြိမ်ဆွဲ တိုက်ခိုက်ခံရ၍ အထိနာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူသားချင်းစာနာမှုအကူအညီ အများဆုံးရနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ pro-active engagement ဖြစ်အောင် အားသွန်ကြိုးပမ်းဖို့ ယာယီသမ္မတပြောကြား
မေလ၂၃
မေလ၂၃ရက်မှာ ကျင်းပတဲ့ နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် အစည်းအဝေး၌ လူသားချင်းစာနာမှုအကူအညီ အများဆုံးရနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ pro-active engagement ဖြစ်အောင် အားသွန်ကြိုးပမ်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။
"နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင်အနေနဲ့ လူထုရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှု စာရင်းအင်း အချက်အလက်တွေကို စနစ်တကျပြုစုပြီး ဦးစားပေးဧရိယာတွေကို သတ်မှတ်ဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီ အများဆုံးရနိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ pro-active engagement ဖြစ်အောင် အားသွန်ကြိုးပမ်းဖို့ လိုပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာ လူသားချင်းစာနာမှုအကူအညီအတွက် ရန်ပုံငွေ အမြောက်အမြား ထည့်ဝင်တဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒီလို နိုင်ငံမျိုးတွေနဲ့ G to G (Government to Government) ဆက်ဆံရေးချဲန်နယ် တစ်ခုတည်ဆောက်ပြီး တိုင်းရင်းသားပြည်သူလူထုအတွက် အထောက်အပံ့များများရအောင် ကြိုးစားရမှာတွေ ရှိပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ လူသားချင်းစာနာမှုအထောက်အပံ့တွေ ပုံစံအမျိုးမျိုးနဲ့ လာနိုင်၍ နိုင်ငံတကာအကူအညီ ပေးမှုများ အံဝင်ခွင်ကျဖြစ်စေဖို့ IACC ကော်မရှင်က အဓိကလုပ်ဆောင်ရမှာဖြစ်ကြောင်း ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ ပြည်သူတွေမကြိုက်တဲ့ စစ်အာဏာသိမ်းမှုက လုံးဝကျဆုံးသွားမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မေလ၂၃
ပြည်သူတွေမကြိုက်တဲ့ စစ်အာဏာသိမ်းမှုက လုံးဝကျဆုံးသွားမှာဖြစ်တယ်လို့ မေလ၂၁ရက် ကျင်းပတဲ့ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
"ဒီလို ပြည်သူတွေမကြိုက်တဲ့ စစ်အာဏာသိမ်းမှုက လုံးဝကို ကျဆုံးသွားမှာပဲ။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ပါဝင်ဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် နွေဦးတော်လှန်ရေးသည် ပြည်တွင်းအားကို အဓိကထား အားကိုး၍ လုပ်ကိုင်ဆောင်ရွက်သော်လည်း နိူင်ငံတကာ အားပေးမှုကိုတော့ လစ်လျူရှုလို့မရဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်။
========================
📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
မေ လ ၂၃ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၂၀/၂၀၂၃)ကို မေလ၂၃ရက်မှာ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသော မြို့နယ်ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင်များက မိမိဒေသရှိ အမှုအခင်းများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာန၏ သက်ဆိုင်ရာတပ်ဖွဲ့ /ဦးစီးဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်မှ Droneဖြင့် (၂) ကြိမ် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ လူနေအိမ် (၂) လုံးနှင့် ထင်းတဲ (၁) လုံး ပျက်စီးခဲ့
မေလ၂၃
မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းသို့အကြမ်းဖက်စစ်ကောင်စီတပ်မှ Droneဖြင့် (၂) ကြိမ် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၁) ကျောင်း၊ လူနေအိမ် (၂) လုံးနှင့် ထင်းတဲ (၁) လုံး ပျက်စီးခဲ့တယ်လို့ မေလ၂၂ရက်မှာ ဖြစ်စဥ်ကို KNUဗဟိုက အသိပေးဖော်ပြပါတယ်။
"အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ-၆၀ တပ်ရင်းမှူးနှင့် ဗျူဟာမှူးဟိန်းထက်အောင်မှ ဦးဆောင်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းသို့ ၂၀၂၃ ခုနှစ် မေလ (၂၁) ရက်နေ့၊ နေ့လည် (၀၁း၂၀) မိနစ်တွင် (၁) ကြိမ်၊ (၀၂း၁၅) မိနစ်တွင် (၁) ကြိမ် စုစုပေါင်း (၂) ကြိမ် Droneဖြင့် ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စောကြည်စိုး၏ နေအိမ်တစ်လုံး၊ စောစတူ(ခေါ်)စောကော်လယ်၏ နေအိမ်နှင့် ထင်းတဲနှင့် ကျေးရွာစာသင်ကျောင်း ပျက်စီးခဲ့ရပြီး စောစတူ(ခေါ်)စောကော်လယ်၏ နေအိမ်မှာ မီးလောင်ပြာကျခဲ့ရပါတယ်"လို့ဆိုပါတယ်။
နောင်ကုန်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း (၁၁၇) လုံးရှိပြီး လူဦးရေစုစုပေါင်း (၇၈၂)ဦးရှိကာ ယခုအချိန် အထိ ရွာလုံးကျွတ် အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။
ကေအဲန်ယူ-မူးမြိုနယ် အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာပြည်သူလူထုကို မီးရှို့သတ်ဖြတ်ခဲ့သည့် မေလ (၁၀) ရက်နေ့မှစ၍ ကျေးရွာပေါင်း (၁၈) ရွာမှ ကျေးရွာပြည်သူလူထုစုစုပေါင်း (၂၁၈၈၀) ဦး အထိစစ်ဘေးရှောင်နေရလျက်ရှိပါတယ်။
========================
📌📌 ၅။ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို အကြမ်းဖက်စစ်အုပ်စုများက ဝင်ရောက်စီးနင်း၍ ဆရာဝန် နှင့် သူနာပြုလေးဦးကိုဖမ်းဆီးခေါ်ဆောင်သွား
မေလ၂၃ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို အကြမ်းဖက်စစ်အုပ်စုများက ဝင်ရောက်စီးနင်း၍ ဆရာဝန် နှင့် သူနာပြုလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မေလ၂၃ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPPက အသိပေးဖော်ပြပါတယ်။
"မေလ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ ဆရာဝန် စီစီလျာနှင့် သူနာပြုလေးဦးဖြစ်သော ဟန်နီ၊ ရှမ်းလွန်၊ နှီယာန်းဆုန်နှင့် ဂျေမွှေယ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိတွင် ၎င်းတို့ငါးဦးကို ဟားခါးမြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရှိရတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၆၃၅) ဦးရှိပြီး ထိုအထဲမှ (၁၈၃၁၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၀၃၀) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၆။ အင်းတော်မြို့နယ် တိုက်ပွဲဖြစ်ပွားရာနေရာအား မြစ်ကြီးနားမှ ဆင်းလာသော စကစတပ် Jet fighter လေယာဥ်များလာရောက်ပစ်ခတ်
မေလ၂၃
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် တိုက်ပွဲဖြစ်ပွားရာနေရာအား မြစ်ကြီးနားမှဆင်းလာသော စကစတပ် Jet fighter လေယာဥ်များလာရောက်ပစ်ခတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
မေလ၂၃ရက် မနက်ပိုင်းမှာ စကစတပ်က လေကြောင်းအသုံးပြုပစ်ခတ်ခဲ့တယ်လို့ အင်းတော် IR Teamက အတည်ပြုဆိုထားပါတယ်။
"အင်းတော်မြို့နယ် တိုက်ပွဲဖြစ်ပွားရာနေရာအား မြစ်ကြီးနားမှ ဆင်းလာသော Jet fighterနှစ်စီးဖြင့် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
လတ်တလောမှာ ထိခိုက်ပျက်စီးမှုကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ် ပေါင်း ၅၆ ခုထက်မနည်းမှာ စကစက လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ရှိ ရဲနဲ့စကစတို့၏ စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး
မေလ၂၃ရက်
စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ရှိ ရဲနဲ့စကစ တို့၏စစ်ဆေးရေးဂိတ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ မေလ၂၃ရက်မှာ စစ်ရေးသတင်းကို Phoenix (SGG)ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းမြို့ ကံတလူ တိုးဂိတ်ရှိ ရဲ၊ စကစနဲ့ပျူ၊ မော်တော်ပီကယ်တို့၏ စစ်ဆေးရေးဂိတ်နှင့် ရွှေတောင် ကုမ္ပဏီ တို့အား မေလ၂၁ရက် ညနေ(၄:၀၃)အချိန်တွင် ဒရုန်းဖြင့် အသီး(၄)လုံးချကာ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဖြစ်စဥ်တွင် မော်တော်ပီကယ်၂ဦး သေဆုံးပြီး ထိခိုက်သောစကစများအား ကားဖြင့် လာရောက်တင်ဆောင်သွားတယ်လို့သိရပါတယ်။
စစ်ဆင်ရေးကို အညာညီနောင် တပ်ပေါင်းစု(ABCF)/Phoenix (SGG)/ Unicorn Guerrilla Force/Fight For Federal/Black Cat/Sadaung Revolution Army မဟာမိတ် များမှ ပူးတွဲဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၈။ ရေးမြို့နယ် မြောက်ပိုင်းရှိ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ကျားဖြူစစ်ကြောင်းတိုက်ခိုက်၍ အယောက်သုံးဆယ်ကျော်သေဆုံး
မေလ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်းရှိ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ကျားဖြူစစ်ကြောင်းတိုက်ခိုက်၍ အအယောက်သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ မေလ၂၃ရက်နေ့မှာ စစ်ရေးသတင်းကို ကျားဖြူစစ်ကြောင်းက အသိပေးဆိုပါတယ်။
"မွန်ပြည်နယ် ၊ ရေးမြို့နယ် မြောက်ပိုင်းရှိ ဝါဘသဲကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို ကျားဖြူစစ်ကြောင်း တပ်ခွဲ ( ၁ )၊ တပ်ခွဲ (၆) တပ်ဖွဲ့ဝင်များက မေလ ၁၉ရက်နေ့ ၊ ညနေ ၃နာရီဝန်းကျင်အချိန်တွင် ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွင် တိုက်ပွဲချိန် ၁နာရီခွဲဝန်းကျင်ခန့်ကြာမြင့်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်"လို့ဖော်ပြပါတယ်။
ထိုအပြင် မေလ ၂၀ရက်နေ့ မနက် ၈ နာရီခွဲ ဝန်းကျင်ချိန်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ ဆုတ်ခွါထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များပါဝင်သော စစ်ကြောင်းကို လိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အင်အား အလုံးအရင်းဖြင့် စစ်ကူတပ်များ ရောက်ရှိလာချိန်တွင် နှစ််ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။
ထိုတိုက်ပွဲတွင် တိုက်ပွဲချိန် ၃နာရီခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးခန့်သေဆုံးသည်ဟု သိရှိရ၍ တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီဘက်မှ ၃၀ ကျော်ခန့် သေဆုံးခဲ့ကာ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး တော်လှန်ရေးတပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း တပ်ခွဲ ( ၁ )၊ တပ်ခွဲ (၆) တပ်ဖွဲ့များနှင့် ဒေသနယ်မြေခံ ပူးပေါင်းအဖွဲ့တို့တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စကစတပ်များ မိုင်း၂ကြိမ်ဆွဲ တိုက်ခိုက်ခံရ၍ အထိနာ
မေလ၂၃ရက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စကစတပ်များ မိုင်း၂ကြိမ်ဆွဲ တိုက်ခိုက်ခံရ၍ အထိနာခဲ့တယ်လို့ စစ်ဆင်ရေးအား မေလ၂၃ရက်မှာ ရေဦးပကဖ ကအတည်ပြုဆိုထားပါတယ်။
"ရေဦးမြို့နယ် ပကဖ တပ်ခွဲများ၏ ကြိုဆိုမှုကန်ပေါက်တံတား နှင့် လက်လံတံတားဝန်းကျင်တွေမှာ စကစတပ်များ အတော်ခံစားသွားရတယ်။ သွေးထွက်လွန်ရင် ထိုးရသည့်ဆေးကဒ်ရော သွေးစွန်းဂွမ်းများကျန်ရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
မေလ၂၃ရက်နံနက်ပိုင်း ရေဦးမြို့ မြောက်ဘက် ရွှေပြည်သာဘက်ကနေ မြောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးထွက်လာသော အကြမ်းဖက်စစ်တပ်အား ကံပေါက်တံတားအနီးမှာ ၁ကြိမ် ၊ မွန်းလွဲပိုင်းကံပေါက်ရွာဘက်ကနေ တောင်ဘက်ခြမ်းသို့ မူးချောင်းဘောင်ဘေးလျှောက် စစ်ကြောင်းထိုးလာခဲ့ရာ
လက်လံတံတားအနီးမှာ ၁ကြိမ် ရေဦးမြို့နယ် ပကဖ တပ်ခွဲ နယ်မြေဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်စိပ်များမှ မိုင်း၂ကြိမ်ဆွဲ ဧည့်ခံကြိုဆိုခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment