၂၀၂၃ ဇွန်လ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးတွင် NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီလို့ပြောကြား
📌 ၂။ စကစအပေါ် အသိအမှတ်မပြုဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုဝန်ကြီး နိူင်သုဝဏ္ဏပြောကြား
📌 ၃။ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့် ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းကို NUG ပညာရေးဝန်ကြီးဌာနအနေနှင့် အပြင်းအထန် ရှုတ်ချတယ်လို့ထုတ်ပြန်
📌 ၄။ စစ်ဘေးရှောင်ပြည်သူများထံသို့ စားနပ်ရိက္ခာနှင့် အမိုးအကာများ NUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိ
📌 ၅။ ဒေသ (၅) နေရာတွင် မှတ်တမ်းတင်ကောက်ယူမှုအရ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု စုစုပေါင်း (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု (၂၃) မှုရှိခဲ့ကြောင်းထုတ်ပြန်
📌 ၆။ မိုးဗြဲမြို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့်MBPDFတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာစကစမှ(၁၀)ဦးထက်မနည်းသေဆုံး
📌 ၇။ တစ်နိူင်ငံလုံးမှာအကြမ်းဖက်စစ်တပ်က ပြည်သူ့ရဲ့အိုးအိမ် ပေါင်း ခုနစ် သောင်းကျော်မီးရှို့ဖျက်ဆီးခဲ့ရာတွင် စစ်ကိုင်းတိုင်းက ငါးသောင်းကျော် ပါဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးတွင် NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီလို့ပြောကြား
ဇွန်လ၁၇ရက်
ဇွန်လ၁၆ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဝန်ကြီးဌာန CDM ဝန်ထမ်းများ တွေ့ဆုံခြင်းအစီအစဥ်မှာ NUGPay လည်ပတ်မှုအခြေအနေနှင့်ပတ်သက်ပြီးအခုလို ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
"တော်လှန်ရေးအတွက် လိုအပ်သည့် ရန်ပုံငွေ ရရှိရေး တရားမဝင်သစ်ဖမ်းဆီးခြင်း/ သယံဇာတ တူးဖော် ခြင်းများအပေါ် ဒဏ်ကြေးကောက်ခံခြင်းမှ တစ်ဖက်တစ်လမ်း ဆောင်ရွက်နေပါကြောင်း၊ တော်လှန်ရေး ရန်ပုံငွေများကို ထိရောက်စွာ သုံးစွဲနိုင်ရေး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက စီမံ လျက်ရှိကြောင်း၊ ယခင်တော်လှန်ရေးများတွင် ကိုယ်ထူကိုယ်ထ ရန်ပုံငွေ ရှာဖွေနိုင်ခြင်းမရှိခဲ့သော်လည်း ယခုတော်လှန်ရေးတွင် NUGPay လည်ပတ်ဆောင်ရွက်နေပြီး ဘဏ်တည်ထောင်နိုင်ရေး စီစဉ်နေပြီ ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရန်ပုံငွေ ထူထောင်နိုင်ပြီဖြစ်ကြောင်း" ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စီမံ ၊ဘဏ္ဍာဝန်ကြီးဌာနက နွေဦးဖွံဖြိုးရေးဘဏ်ကို မကြာမီ ဖွင့်လှစ်သွားမယ်လို့အသိပေးကြေညာထားပါတယ်။
========================
📌📌 ၂။ စကစအပေါ် အသိအမှတ်မပြုဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ဆောင်ပေးဖို့ ပြည်ထောင်စုဝန်ကြီး နိူင်သုဝဏ္ဏပြောကြား
ဇွန်လ၁၇ရက်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ဇွန်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်တဲ့ IUF ရဲ့ ၂၈ ကြိမ်မြောက် ညီလာခံမှာ ပြည်ထောင်စုဝန်ကြီး နိူင်သုဝဏ္ဏက အခုလို ပြောကြားခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုပြီး ထိရောက်သော အကူအညီများပေးဖို့၊ စကစအပေါ် အသိအမှတ်မပြုဖို့နဲ့ စီးပွားရေးပိတ်ဆို့မှုများကို ထိရောက်စွာ ဆောင်ရွက်ဖို့၊ စကစက စီစဉ်မယ့် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့ အရေးကြီးလို့ IUF ဒေသဆိုင်ရာ ခေါင်းဆောင်များ အနေနဲ့ ဒီလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ မိမိတို့ အစိုးရတွေကို ဆက်လက်တွန်းအားပေး စေလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် လက်ရှိတွင် NUG က လွတ်မြောက်နယ်မြေတွေ ဖေါ်ဆောင်ထားနိုင်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးက နိူင်ငံတကာကို အသိပေးဆိုခဲ့ပါတယ်။
========================
📌📌 ၃။ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့် ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းကို NUG ပညာရေးဝန်ကြီးဌာနအနေနှင့် အပြင်းအထန် ရှုတ်ချတယ်လို့ထုတ်ပြန်
ဇွန်လ၁၇ရက်
ဇွန်လ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက အခုလို အသိပေးကြေညာပါတယ်။
၂၀၂၃ ခုနှစ်၊ မေလ (၁၅) ရက်နေ့ ညနေပိုင်းတွင်လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လယ်ရှည်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးငယ်တို့ဖြင့် အကြောင်းမဲ့ ပစ်ခတ်ဝင်ရောက်မှု ကြောင့် အသက် (၁၅) နှစ်အရွယ် Grade 10 ကျောင်းသူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။
မေလ (၁၇) ရက်နေ့တွင်လည်း ကနီမြို့နယ်၊ ချောင်းမကျေးရွာနှင့် မင်းမကျေးရွာတို့ အား အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းအဆောက်အဦးများ ကြေမွပျက်စီး၍ အသက် (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ (၅) ရက်နေ့ နံနက်ပိုင်းတွင်လည်း ကလေးမြို့နယ်မြောက်ပိုင်း၊ ရှုခင်းသာကျေးရွာတွင် ဆရာ့အတတ်ပညာရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မိနစ် (၃၀) ခန့်အကြာတွင် လေကြောင်းအန္တရာယ် သတင်းရသဖြင့် ရှောင်တိမ်းချိန်တွင် Mi 35 ရဟတ်ယာဉ်နှင့် လာရောက် ပစ်ခတ်မှုကြောင့် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် လူမဆန်သည့် ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အနေနှင့် အပြင်းအထန် ရှုတ်ချပါတယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ် မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၄။ စစ်ဘေးရှောင်ပြည်သူများထံသို့ စားနပ်ရိက္ခာနှင့် အမိုးအကာများ NUGက ဆက်လက်ထောက်ပံ့ပေးလျက်ရှိ
ဇွန်လ၁၇
အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိုးတွင်းကာလ ကျရောက်လာပြီ ဖြစ်သောကြောင့် တောတိုက်နေရာများနှင့် စစ်ကြောင်းကင်းလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရသည့် စစ်ဘေးရှောင်ပြည်သူများ၊ မုန်တိုင်းဒဏ်သင့်ခဲ့သည့် ပြည်သူများအတွက် လတ်တလောစားဝတ်နေရေး အဆင်ပြေရန်အတွက် စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်ချက်များအား သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူသားစာနာတာဝန်ခံများကတဆင့် ပူးပေါင်း၍ ထောက်ပံ့ပေးလျက်ရှိပါတယ်လို့ ဇွန်လ၁၆ရက်မှာ အသိပေးဆိုပါတယ်။
ယခုလိုအမှန်တကယ် အမိုးအကာအကူအညီ လိုအပ်နေသည့် စစ်ဘေးရှောင်ပြည်သူများအတွက်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သည့် ယပ်တောင်ကတဆင့် ရန်ပုံငွေရှာဖွေခဲ့သော "အမေ့လက်ဆောင် အမေ့ယပ်တောင်" ကမ်ပိန်းမှ ရရှိသောအလှူငွေများဖြင့် ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ဒေသ (၅) နေရာတွင် မှတ်တမ်းတင်ကောက်ယူမှုအရ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု စုစုပေါင်း (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု (၂၃) မှုရှိခဲ့ကြောင်းထုတ်ပြန်
ဇွန်လ၁၇
မြန်မာ့အမျိုးသမီးသမဂ္ဂမှ ဒေသ (၅) နေရာဖြစ်သည့် ကရင်နီ (ကယား)၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့ကို ဦးတည်၍ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်း စဉ်ကာလ ၂၀၂၁ ခုနှစ်မှ လက်ရှိ ၂၀၂၃ ခုနှစ်အထိ ပဋိပက္ခဒေသများအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဖော်ထုတ်မှတ်တမ်းတင်ပြုစုခဲ့ပါတယ်။မိမိတို့ကောက်ယူရရှိသည့် အချက်အလက်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု စုစုပေါင်း (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု (၂၃) မှုရှိပြီး ခိုင်လုံ သည့် သတင်း မီဒီယာများမှ စုဆောင်းရရှိထားသည့် လိင်ပိုင်းဆိုင်ရာအကြ မ်းဖက်မှု အရေအတွက် စုစုပေါင်း (၅၄) မှုရှိပါတယ်"လို့ဇွန်လ၁၇ရက်မှာ ဖော်ပြပါတယ်။
ကောက်ယူမှတ်တမ်းတင်ထားသည့် အချက်အလက်များကို အခြေခံ၍ မြန်မာ့အမျိုးသမီးသမဂ္ဂ အနေဖြင့်စာတမ်းအတွင်း- စစ်တပ်မှ ကျူးလွန်သော အမှုများ ၊အခြားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သော အမှုများနှင့်အရပ်သားအချင်းချင်းကြား ကျူးလွန်သော အမှုများ ဟူ၍ ကဏ္ဍသုံးခု ခွဲခြားခဲ့တယ်လို့ဆိုပါတယ်။
လာမည့် ဇွန်လ ၁၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပပျောက်ရေးနေ့တစ်နေ့လည်းဖြစ်ပါတယ်။
========================
📌📌 ၆။ မိုးဗြဲမြို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့်MBPDFတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာစကစမှ(၁၀)ဦးထက်မနည်းသေဆုံး
ဇွန်လ၁၇
ဇွန်လ၁၇ရက်မှာ စစ်ရေးသတင်းကို မိုးဗြဲ MBPDFရွှေလင်းယုန်တပ်ခွဲက အခုလိုအသိပေးဆိုပါတယ်။
"ဇွန်လ၁၆ရက်မိုးဗြဲမြို့တွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့်MBPDFပူးပေါင်းတပ်ဖွဲ့တို့အကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာစကစမှ(၁၀)ဦးထက်မနည်းကျဆုံးပြီးMBPDFနှင့်ပူးပေါင်းတပ်ဖွဲ့တို့မှ(၃)ဦးဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲတွင်စကစဘက်မှဖယ်ခုံ၊မိုးဗြဲ၄၂၂တပ်၊လွိုင်ကော်တို့မှလက်နက်ကြီးပစ်ကူမှုများကြောင့်ထိုပစ်ကူမှုများသည်ပြည်သူတို့၏သာသနာအဆောက်အအုံ၊နေအိမ်များထိမှန်ကာပျက်စီးမှုများရှိခဲ့တယ်လို့သိရပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့်ပြည်သူများမိမိတို့၏ကျေးရွာတို့အပေါ်ရှောင်ရှားနေထိုင်ကြရန်နှင့်သွားလာဖြတ်သန်းခြင်းမပြုကြပါရန်အသိပေးနိုးဆော်ထားပါတယ်။
========================
📌📌 ၇။ တစ်နိူင်ငံလုံးမှာအကြမ်းဖက်စစ်တပ်က ပြည်သူ့ရဲ့အိုးအိမ် ပေါင်း ခုနစ် သောင်းကျော်မီးရှို့ဖျက်ဆီးခဲ့ရာတွင် စစ်ကိုင်းတိုင်းက ငါးသောင်းကျော် ပါဝင်
ဇွန်လ၁၇ရက်
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ဖျက်စီးမှုကြောင့် နေအိမ်( ၇၀,၃၀၀ )ကျော် မီးလောင်ခဲ့ပြီးစစ်ကိုင်းတိုင်းက အိမ်အလုံးပေါင်း( ၅၃,၈၁၆) လုံး အများဆုံးမီးရှို့ခံရပြီး မကွေးတိုင်းက အိမ်အလုံးပေါင်း (၁၀,၄၅၁ )လုံး နဲ့ ချင်းပြည်နယ်က၁၆၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data For Myanmar အဖွဲ့က အသိပေးဖော်ပြပါတယ်
စစ်ကောင်စီနှင့် ၎င်း၏နောက်လိုက်နောက်ပါအဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်းအသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများပြန်လည်ဆောက်လုပ်ပေးခြင်းကို လက်ရှိအချိန်အထိ ပြည်သူမှပြည်သူသို့လှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (၂,၂၃၉)လုံး ဆောက်လုပ်ပေးပြီးဖြစ်တယ်လို့လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment