19th JUN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇွန်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံတော်အသစ်တည်ဆောက်ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အကြီးစားခွဲစိတ်မှုပေါင်း ၁၉၀၀ ကျော်ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက မြေပြင် ကျောင်းပေါင်း (၃၅၀)ကိုကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု

📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၅။ နွေဦးတော်လှန်ရေး စစ်ရေးပြင်ဆင်မှုတွင် လူအင်အား သာလွန်ကြီးမားစွာရှိနေပြီလို့ဆို

📌 ၆။ ယူကေနိုင်ငံ၊ Norwich မြို့တွင် ကျင်းပသော Competition Policy: Frontiers in competition and Regulation Conference သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါ်ခင်မမမျိုးတက်ရောက်

📌 ၇။ အမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်များ၏ လူထုတွေ့ဆုံပွဲနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနား "ဝါရှင်တန်ဒီစီ ဧရိယာတွင် ကျင်းပ

📌 ၈။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့နဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ကျင်းပရာ လူဦးရေရာနဲ့ချီတက်ရောက်အားပေး

📌 ၉။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်းရှိစစ်ရှောင်ပြည်သူများ မြွေဆိုးကိုက်ခံရမှု ဇွန်လ အတွင်း လူနာခုနစ်ဦးအထိရှိလာ

📌 ၁၀။ KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းစစ်ကြောင်းမှ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတစ်လျှောက် မော်တော်ယာဉ်များအား စစ်ဆေးခဲ့ရာ အရပ်ဝတ်စစ်ကောင်စီတပ်သား () ဦးကို တွေ့ရှိခဲ့၍ ထိန်းသိမ်းထား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံတော်အသစ်တည်ဆောက်ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ သတင်းစကားပါး


ဇွန်လ၁၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံတော်အသစ် တည်ဆောက်ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇွန်လ ၁၈ရက်မှာ ပြည်သူများထံသို့ သတင်းစကားပါးဆိုလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တိုင်းရင်းသားလက်နက်ကိုင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု ခေါင်းဆောင်များ၊ Generation -Z စတဲ့ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ မြန်မာနိုင်ငံတော်အသစ်တည်ဆောက်ရေးလုပ်ငန်းကို ကြိုးစားဆောင်ရွက်နေပါတယ်လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် နှစ်တစ်နှစ် အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးကြေညာထားပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အကြီးစားခွဲစိတ်မှုပေါင်း ၁၉၀၀ ကျော်ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့


ဇွန်လ၁၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက အကြီးစားခွဲစိတ်မှုပေါင်း( ၁၉၀၀ )ကျော်ကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဇွန်လ ၁၈ရက်မှာ တရားဝင်ထုတ်ပြန်ဖော်ပြပါတယ်။


အဆိုပါဖော်ပြချက်ချက်အရ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားသည့် ကျန်းမာရေးဝန်ထမ်းများက စစ်ကိုင်းတိုင်းတစ်ခုတည်းမှာပင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါလအထိ လူနာပေါင်း( ၁၉၂၀၈၆ )ဦးကို ကုသမှုပေးနိုင်ခဲ့ပြီး အကြီးစားခွဲစိတ်မှုပေါင်း( ၁၉၆၄ )ခုနဲ့ အသေးစားခွဲစိတ်မှုပေါင်း ( ၈၀၃၉ )ခု ဆောင်ရွက်နိုင်ခဲ့ပါတယ်။


ဒါ့အပြင် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဆေးရုံပေါင်း ၆၆ ခု၊ ရှေ့တန်းဆေးခန်းပေါင်း ၁၅၉ ခုနှင့် ရွေ့လျားဆေးခန်း ၂၅၀ ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေတယ်လို့လည်း ဆိုထားပါတယ်။


လက်ရှိမှာ မြို့နယ်ပေါင်း ၁၉၈မြို့နယ်တွင် မြို့နယ်ကျန်းမာရေးတာဝန်ခံများထားရှိ၍ တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီလို့ NUGကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက မြေပြင် ကျောင်းပေါင်း (၃၅၀)ကိုကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု


ဇွန်လ၁၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနက မြေပြင် ကျောင်းပေါင်း (၃၅၀)ကို "ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာချက်"ကို ဇွန်လ၁၈ရက်မှာ  ထုတ်ပြန်ပါတယ်။


 "ကြားကာလတွင် ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကျောင်းသားများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ဆက်သွယ်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ထိုကျောင်းများအနက် ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလျှောက်လွှာ တင်ထားသည့် ကျောင်းများကို စိစစ်ပြီး၊ အသိအမှတ်ပြုရေးမူဝါဒကို လိုက်နာမည်ဟု ဝန်ခံကတိပြုသည့် မြေပြင် ကျောင်းပေါင်း (၃၅၀) ကျောင်းကိုကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြုလိုက်တယ်"လို့ဖော်ပြပါတယ်။


စိစစ်ဆဲ Online ကျောင်းများနှင့် မြေပြင်ပြည်သူ့ပညာရေးကျောင်းများကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဆိုပါတယ်။


========================


📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဇွန်   ၁၈  ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၄/၂၀၂၃)ကို ဇွန်လ၁၈ရက်မှာ ကျင်းပခဲ့ပြီး အစည်းအဝေး၌ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ နွေဦးတော်လှန်ရေး စစ်ရေးပြင်ဆင်မှုတွင် လူအင်အား သာလွန်ကြီးမားစွာရှိနေပြီလို့ဆို


ဇွန်လ၁၈ရက်

ဇွန်လ ၁၇ရက်မှာ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အခုလို ပြောပါတယ်။


"စစ်ရေးပြင်ဆင်မှုမှာ Mသုံးလုံးကိုပဲ ကျနော်ပြောပါမယ်။ လူသားအရင်းအမြစ်မှာ ကျနော်တို့မှာ PDF တွေရှိတယ်။CDM တွေရှိတယ်။ လူအင်အားအများကြီးရှိပါတယ်။ ကျနော်တို့ အစိုးရယန္တရားတစ်ခုလုံး လည်ပတ်ဖို့ရှိသလို လက်နက်တွေရလိုက်လို့ရှိရင် တိုက်မယ့်သိန်းပေါင်းများစွာသော PDF တွေအပါအဝင် လူထုတွေရှိတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော်ရှိကာ စစ်ရေးမွမ်းမံသင်တန်းများကို ပြန်လည်ပေးအပ်ကာ လက်နက်တပ်ဆင်မှုများကို ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိနေပါတယ်။


========================


📌📌 ၆။ ယူကေနိုင်ငံ၊ Norwich မြို့တွင် ကျင်းပသော Competition Policy: Frontiers in competition and Regulation Conference သို့ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးဒေါ်ခင်မမမျိုးတက်ရောက်


ဇွန်လ၁၈ရက်

ယူကေနိုင်ငံ၊ Norwich မြို့တွင်  ဇွန်လ (၁၅)မှ (၁၆) ရက်နေ့အထိ “Frontiers in competition and Regulation "ခေါင်းစဉ်ဖြင့် ကျင်းပသည့် Competition Policy Conference သို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ခင်မမမျိုးမှ တက်ရောက်ခဲ့ပါတယ်။


ကွန်ဖရင့်သို့ နိုင်ငံပေါင်းများစွာမှ အစိုးရများ၊ ပညာရှင်များနှင့် Competition and Market authorities များ တက်ရောက်ခဲ့ပြီး Competition, Freedom to Operate, Measuring Innovation, Digital Platforms နှင့် အခြားအကြောင်းအရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။

 

ပြည်ထောင်စု၀န်ကြီးမှ မြန်မာနိုင်ငံ၏ လက်ရှိ စစ်အာဏာရှင်နှင့် အပေါင်းအပါများ၏ စီးပွားရေး လက်ဝါးကြီးအုပ်မှုအခြေအနေ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ယှဉ်ပြိုင်မှု အားကောင်းစေရန် ဆောင်ရွက်သင့်သော စီးပွားရေး၀န်းကျင် အခင်းအကျင်း၊ လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ဆန့်ကျင်နိုင်သော ဥပဒေနှင့် မူဝါဒများ ချမှတ်နိုင်ရေး၊ Competition Commission, Market abuse control bodies များ၏ ဆောင်ရွက်ချက်များ ထိရောက်မှုရှိစေရေးဆိုင်ရာ အကြံပြုချက်များကို တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၇။ အမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်များ၏ လူထုတွေ့ဆုံပွဲနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ ဆုတောင်းပွဲ အခမ်းအနား "ဝါရှင်တန်ဒီစီ ဧရိယာတွင် ကျင်းပ


ဇွန်လ၁၈

အမျိုးသားညီညွတ်ရေး အစိုးရပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်များ၏ လူထုတွေ့ဆုံပွဲနှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ အခမ်းအနား" ကို ဇွန်လ ၁၇ ရက်မှာ ဝါရှင်တန်ဒီစီဧရိယာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့သိရပါတယ်။


အခမ်းအနားသို့ DMV Pennsylvania Delaware နှင့် Buffalo မှ မြန်မာမိသားစုများမှ တက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးများကို သိလိုသည်များအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းခဲ့ကြပါတယ်။


အဝေးရောက်မြန်မာမိသားစုများမှ Town Hall meeting ဖြစ်မြောက်ဖို့ ကျန်းမာရေး ပညာရေးဝန်ကြီးဌာန   ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လိုအပ်ချက်များအတွက် လှုဒါန်းကြရာ အမေရိကန် ဒေါ်လာ ၁သောင်းကျော် ရရှိပါတယ်။


မြန်မာပြည်အတွက် အဘက်ဘက်မှ ကူညီကြသော ပြည်သူများ တိုင်းရင်းသား ညီအစ်ကိုများ လုပ်အားပေးညီအစ်ကို မောင်နှမများ အားလုံးကို ကျေးဇူး အထူးတင်ရှိကြောင်း အသိပေးဆိုထားပါတယ်။


========================


📌📌 ၈။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့နဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ကျင်းပရာ လူဦးရေရာနဲ့ချီတက်ရောက်အားပေး


ဇွန်လ၁၈

ဇွန်လ၁၈ရက်နေ့ မွန်းလွဲအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား) ဦးဆောင်ကျင်းပခဲ့ရာ ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် လူဦးရေ ၅၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။


အဆိုပါပွဲမှာ စစ်တပ်ရဲ့ ကြမ်းတမ်းရက်စက်မှုများကို သရုပ်ဖော်ပြသခဲ့ပြီး ကဗျာရွတ်ဖတ်ခြင်းနဲ့ သီချင်းများဖြင့် ဖျော်ဖြေမှုတို့လည်း ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်းရှိစစ်ရှောင်ပြည်သူများ မြွေဆိုးကိုက်ခံရမှု ဇွန်လ အတွင်း လူနာခုနစ်ဦးအထိရှိလာ


ဇွန်လ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်အတွင်းရှိစစ်ရှောင်ပြည်သူများ မြွေဆိုးကိုက်ခံရမှု ဇွန် ၁ရက်နေ့မှ ၁၈ရက်အတွင်း လူနာခုနစ်ဦးအထိ ရှိလာတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က ဇွန်လ ၁၈ရက်မှာ အသိပေးဆိုပါတယ်။


"ဇွန်လ(၁၇)ရက်နေ့မနက် ၅နာရီ ၁၅မိနစ်အချိန်ခန့်တွင် ကန့်ဘလူခရိုင် ချပ်သင်းတိုက်နယ်အတွင်းရှိအသက်(၄၇)နှစ်ဝန်းကျင် စစ်ရှောင်အမျိုးသမီးတစ်ဦး မြွေဆိုးကိုက်ခံရပါတယ်။ အဆိုပါအမျိုးသမီးသည် လယ်ယာလုပ်ကိုင်ရင်း မြွေဆိုးကိုက်ခံရခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


မြွေဆိုးကိုက်လူနာအား BPI မြွေဆိပ်ဖြေဆေး လေးလုံးထိုးနှံပေးခဲ့ပြီး အခြေအနေစောင့်ကြည့်နေတယ်လို့ ဒေသခံ စစ်ရှောင်ကူညီရေးအဖွဲ့များမှတဆင့် သိရပါတယ်။


========================


📌📌 ၁၀။ KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းစစ်ကြောင်းမှ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတစ်လျှောက် မော်တော်ယာဉ်များအား စစ်ဆေးခဲ့ရာ အရပ်ဝတ်စစ်ကောင်စီတပ်သား () ဦးကို တွေ့ရှိခဲ့၍ ထိန်းသိမ်းထား


ဇွန်လ (၁၈) ရက်

KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းစစ်ကြောင်းမှ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမတစ်လျှောက် မော်တော်ယာဉ်များအား စစ်ဆေးခဲ့ရာ အရပ်ဝတ်စစ်ကောင်စီတပ်သား () ဦးကို တွေ့ရှိခဲ့၍ ထိန်းသိမ်းထားတယ်လို့ သတင်းနှင့်ပြန်ကြားရေးဌာန_စစ်ဒေသခွဲအမှတ်၃က ဇွန်လ၁၈ရက်မှာ အသိပေးဆိုပါတယ်။


"မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမ၊ အမှတ် () လမ်းမကြီးပေါ်တွင် ဇွန်လ ၁၈ရက် နံနက်ပိုင်း၌ KNLA တပ်ရင်း ၂၇ နှင့် PDF ပူးပေါင်းစစ်ကြောင်းများမှ လမ်းမကြီးတစ်လျှောက်လုံခြုံရေးရယူခဲ့ကြပြီး မော်တော်ယာဉ်များအား စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးစဉ် ခရီးသည်အသွင်ဖြင့် ယာဥ်ပေါ်တွင် လိုက်ပါလာသော အရပ်ဝတ်အကြမ်းဖက်စစ်ကောင်စီတပ်သား () ဦးကို တွေ့ရှိခဲ့သောကြောင့် ထိန်းသိမ်းခဲ့ပြီးနောက် လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်"လို့ဆိုပါတယ်။


ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင် KNLA တပ်ရင်း ၂၇ မှ မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် လမ်းပိုင်းသွားလာကြမည့် ကားများအနေဖြင့် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနှင့်ပစ္စည်းများ သယ်ဆောင်လာလျှင် စစ်ဆေးတွေ့ရှိမှုပေါ် မူတည်ပြီး အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment