၂၀၂၃ ဇွန်လ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အစ္စလာမ်ဘာသာဝင်များ နေ့ထူးနေ့မြတ်တွင် ကျန်းမာခြင်းနှင့် ပြည့်စုံပျော်ရွှင်ကြပါစေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း
📌 ၂။ အမေရိကန်နှင့် အိန္ဒိယအစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထုတ်ပြန်
📌 ၃။ ဘီးလင်းမြို့အနီး ရွှေရောင်ပြအလွန် ကျုံအိတ်တံတား ပျက်ဆီးမှုကို လာရောက်စစ်ဆေးသည့် စကစလက်အောက်ခံအဖွဲ့သားများ ထပ်မံအပစ်ခံရ
📌 ၄။ ဝက်လက်မြို့နှင့် ခေါတော ၊လိန်ပင်၊ မြင်တော် ကြားနေရာများကို စကစမှ ဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်
📌 ၅။ ကောလင်း၊ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်များအတွင်း စစ်အာဏာရှင်ကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန်နေသည့် လူငယ်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ မဟာမိတ်များအဖြစ် ဖွဲ့စည်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အစ္စလာမ်ဘာသာဝင်များ နေ့ထူးနေ့မြတ်တွင် ကျန်းမာခြင်းနှင့် ပြည့်စုံပျော်ရွှင်ကြပါစေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း
ဇွန်လ၂၉ရက်
ဇွန်လ၂၉ရက်နေ့ ဒီကနေ့ဟာ အစ္စလာမ်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သော ကုရ်ဘာနီအီးဒ်နေ့ ဖြစ်ပါတယ်။အစ္စလာမ်ဘာသာဝင်များ နေ့ထူးနေ့မြတ်တွင် ကျန်းမာခြင်းနှင့် ပြည့်စုံပျော်ရွှင်ကြပါစေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က မန်းဝင်းခိုင်သန်းကဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
"ယနေ့ကျရောက်သော နေ့ထူးနေ့မြတ်တွင်
အစ္စလာမ်ဘာသာဝင် မိဘပြည်သူညီအကိုမောင်နှမအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပျော်ရွှင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်းဆုတောင်းမေတ္တာ ပို့သ၍သဝဏ်လွှာပေးပို့ရာတွင် အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ "အီဒုလ်အသွဟာ" ကုရ်ဘာနီစွန့်လွှတ်လှူဒါန်းမှု အိးဒ်ပွဲတော်နေ့အခါသမယမှာ မြန်မာနိုင်ငံသူ၊နိုင်ငံသား အစ္စလာမ်ဘာသာဝင်အပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေလို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာမှာ ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
အကျဉ်းချုပ်ဖေါ်ရလျှင် ဆက်လက်ပြီး စစ်အာဏာ ရှင်စနစ် အပြီးတိုင်ဖျက် သိမ်းရေးနဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ခွင့်တူညီမျှတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ပြည်သူတစ်ရပ်လုံး နဲ့အတူလက်တွဲကာ အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့ အသိပေးဖော်ပြထားပါတယ်။
========================
📌📌 ၂။ အမေရိကန်နှင့် အိန္ဒိယအစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထုတ်ပြန်
ဇွန်လ (၂၉) ရက်
အမေရိကန်နှင့် အိန္ဒိယအစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ကြေညာချက်အပေါ် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ကကြိုဆိုကြောင်းကို ဇွန်လ၂၉ရက်မှာ အသိပေးဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) သည် အမေရိကန်ပြည်ထောင်စုနိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့၏ ၂၁ ရာစုကို မျှော်လင့်ချက်၊ ရည်မှန်းချက်နှင့် ယုံကြည်ချက် တစုံတရာပြည့်ဝစွာဖြင့် မျှော်ကြည့်၍ ဒီမိုကရေစီနိုင်ငံများ၏ ပူးတွဲ ဆောင်ရွက်မှုအဖြစ် အတည်ပြုထုတ်ပြန်ခဲ့သည့်ကြေညာချက်အပေါ် အထူးပင်ဂုဏ်ပြုကြိုဆို ပါတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် အမေရိကန် သမ္မတဘိုင်ဒန်နှင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မိုဒီတို့ နှစ်ဦးစလုံးတို့အား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို မြန်မာပြည်သူများ၏ အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုဆက်ဆံရန်၊ မြန်မာနိုင်ငံအား စစ်အာဏာရှင် စနစ်ဆိုးထမ်းပိုးကြီးမှ လွတ်မြောက်စေမည့် လွတ်လပ်ပွင့်လင်း၍ ပါဝင်မှုပြည့်ဝသော ကြံ့ခိုင်သန်စွမ်းမှုရှိသည့် အင်ဒိုပစိဖိတ်ဒေသဆီသို့ ရည်မျှော်၍ ပံ့ပိုးကူညီခြင်း တို့ကို နိုင်ငံပေါင်းစုံနှင့် ဒေသပေါင်းစုံပါဝင်သည့် ပူးတွဲဆောင်ရွက်မှုများ မှတဆင့် ကမ္ဘာလုံးဆိုင်ရာ ကောင်းကျိုးဖြစ်စေမည့် ပူးပေါင်းပါဝင်မှုများ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုအပ်ပါတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖယ်ရှားရေးနှင့် ဒီမိုကရေစီပြန်လည် ရရှိရေး တို့အတွက် အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယသမ္မတနိုင်ငံတို့၏ အစိုးရများနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)တို့အကြား လက်တွေ့ကျပြီး ပိုမိုထိရောက် အားကောင်းသည့် ပူးပေါင်း ဆောင်ရွက်မှုများကို ပြုလုပ်နိုင်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အနေဖြင့် အခိုင်အမာရပ်တည်ထောက်ခံသွားမယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ ဘီးလင်းမြို့အနီး ရွှေရောင်ပြအလွန် ကျုံအိတ်တံတား ပျက်ဆီးမှုကို လာရောက်စစ်ဆေးသည့် စကစလက်အောက်ခံအဖွဲ့သားများ ထပ်မံအပစ်ခံရ
ဇွန်လ၂၉ရက်
ဘီးလင်းမြို့အနီး ရွှေရောင်ပြအလွန် ကျုံအိတ်တံတား ပျက်ဆီးမှုကို လာရောက်စစ်ဆေးသည့် စကစလက်အောက်ခံအဖွဲ့သားများ ထပ်မံအပစ်ခံရတယ်လို့ ဇွန်လ၂၉ရက် နံနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုအချို့ထံက သိရပါတယ်။
"ယနေ့နံနက်တွင် သထုံမြို့နယ်နှင့်ဘီးလင်းမြို့နယ်အကြား ဘီးလင်းမြို့အနီး ရွှေရောင်ပြအလွန် ကျုံအိတ်တံတား ပျက်ဆီးမှုကို လာရောက်စစ်ဆေးသည့် စကစလက်အောက်ခံအဖွဲ့သားများ ထပ်မံအပစ်ခံရ၍ အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာသူများစွာရှိတယ်"လို့ဆိုပါတယ်။
ထိခိုက်သေဆုံးသူအရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။
========================
📌📌 ၄။ ဝက်လက်မြို့နှင့် ခေါတော ၊လိန်ပင်၊ မြင်တော် ကြားနေရာများကို စကစမှ ဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်
ဇွန်လ၂၉
စကစမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၂၉ရက်မှာ ဝက်လက်တော်လှန်ရေးအင်အားစုအချို့ထံမှ အခုလိုသိရပါတယ်။
"ဇွန်လ၂၉ရက် ၉နာရီ၅၀အချိန်- ဝက်လက်မြို့နှင့် ခေါတော ၊လိန်ပင်၊ မြင်တော် ကြားနေရာများကို စကစမှ ဂျက်ဖိုက်တာဖြင့် ၆ ချက်ပစ်သွားပါတယ်"လို့ဆိုပါတယ်။လတ်တလောမှာ ထိခိုက်ပျက်စီးမှုအခြေအနေကိုအတည်ပြုစုံစမ်းလျက်ရှိပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၂) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၁၀) ဦးဖြင့် သေဆုံးမှု အများဆုံးဖြစ်တယ်လို့ AAPPကဖော်ပြပါတယ်။
========================
📌📌 ၅။ ကောလင်း၊ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်များအတွင်း စစ်အာဏာရှင်ကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန်နေသည့် လူငယ်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ မဟာမိတ်များအဖြစ် ဖွဲ့စည်း
ဇွန်လ၂၉ရက်
ဇွန်လ၂၈ရက်နေ့မှာ လူငယ်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ မဟာမိတ်များအဖြစ် ဖွဲ့စည်းလိုက်ကြောင်း လင်းယုန်နီကန့်ဘလူက အသိပေးခဲ့ပါတယ်။
ကောလင်း၊ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်များအတွင်း စစ်အာဏာရှင်ကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်တော်လှန်နေသည့် လူငယ်တော်လှန်ရေးအဖွဲ့ ၅ ဖွဲ့ ယနေ့မှစ၍ မဟာမိတ်များဖြစ်ကြောင်း အများပြည်သူသို့ အသိပေးအပ်ပါတယ်လို့ဆိုပါတယ်။
မဟာမိတ်အဖွဲ့များမှာ The Secret Warrior Kawlin ၊ ပြည်သူမှပြည်သူသို့ ကောလင်း ၊ Supporters For 5/ ၊ လင်းယုန်နီ ကန့်ဘလူ နှင့် Infinity Group တို့ဖြစ်ကြောင်း သိရပါတယ်။
မဟာမိတ်များသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များအတွက် ရန်ပုံငွေရှာဖွေခြင်းဆိုင်ရာ လုပ်ငန်းများ ၊ မြေပြင်သတင်းအချက်အလက်စုဆောင်းမျှဝေခြင်းဆိုင်ရာ ကိစ္စရပ်များ ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအား အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment