၂၀၂၃ ဇွန်လ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အထွေထွေလည်ပတ်မှုတွေမှာ စိတ်အား၊ လူအားတွေနဲ့ အသိဉာဏ်ပညာအားတွေလည်း ပါဝင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီများ တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်
📌 ၄။ အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်မှာ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုမှုများရှိနေ
📌 ၅။ ပုလဲမြို့နယ်ရဲစခန်း သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
📌 ၆။ အရာတော်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀) တပ် (စခတ ၁၀) တပ်အား (၁၀၇) မမ ဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၇။ ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့စကစတပ်ကားတန်းမိုင်း၃ကြိမ်ခွဲခံရ
📌 ၈။ ကောလင်းနယ် ခံသာတိုက်နယ်အတွင်း အရပ်သားရှစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၍ ရွှေနဲ့ငွေများယူဆောင်
📌 ၉။ ရန်ကုန်တွင် ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီး ဧရာဝတီတိုင်းဒေသတွင် ငလျင်လှုတ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးရဲ့ အထွေထွေလည်ပတ်မှုတွေမှာ စိတ်အား၊ လူအားတွေနဲ့ အသိဉာဏ်ပညာအားတွေလည်း ပါဝင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော
ဇွန်လ၇
ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး အမှတ်စဉ် (၃ / ၂၀၂၃) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက “နွေဦးတော်လှန်ရေးရဲ့ အထွေထွေလည်ပတ်မှုတွေမှာ စိတ်အား၊ လူအားတွေနဲ့ အသိဉာဏ်ပညာ အားတွေလည်း ပါဝင်နေတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ နောက်ကွယ်က ဘဏ္ဍာရေးဒေါက်တိုင်အဖြစ် ကြိုးပမ်းပေးကြတဲ့ အဓိက ဝန်ကြီးဌာနတွေ ရှိပါတယ်။ အဲသည့်ထဲမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထူးလှိုက်လှဲစွာ ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အထွေထွေလည်ပတ်မှုတွေမှာ စိတ်အား၊ လူအားတွေနဲ့ အသိဉာဏ်ပညာအားတွေလည်း ပါဝင်နေသလို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဘဏ္ဍာငွေ အင်အားလည်း နောက်ကွယ်ကနေ ပါဝင်ထောက်ကန်ပေးထားပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုများအတွက် ရန်ပုံငွေလိုအပ်ချက်ကို ပြည်တွင်းပြည်ပရှိ ပြည်သူလူထုက ထောက်ပို့ပေးလျက်ရှိပြီး EODရှယ်ယာများနဲ့ ငွေတိုက်စာချုပ်များဝယ်ယူခြင်းတို့ကိုလည်း လုပ်ဆောင်လျက်ရှိနေပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇွန် လ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၇/၂၀၂၃)ကို ဇွန်လ၇ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီများ တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတက်ရောက်
ဇွန် လ ၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများ တွေ့ဆုံပွဲ အစည်းအဝေး(၄/၂၀၂၃)ကို ဇွန်လ ၇ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားပြုကော်မတီများမှ ဆွေးနွေးလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီးနောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊စစ်ကိုင်းတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်မှာ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုမှုများရှိနေ
ဇွန်လ၇
အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်မှာ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုမှုများရှိနေတယ်လို့ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPက ဇွန်လ ၇ရက်မှာ အသိပေးဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ကြောင်းက ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မိုးကြိုးပြင်ကျေးရွာမှ ဒေသခံ ၁၅ ဦးနှင့် ရာဇကျော်ကျေးရွာမှ ဒေသခံ ၃၀ ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၂၈၃) ဦးရှိပြီး ထိုအထဲမှ (၁၈၉၅၃) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၃၀၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၅။ ပုလဲမြို့နယ်ရဲစခန်း သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
ဇွန်လ၇
ဇွန်လ၇ရက်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရဲစခန်း သုံးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ စစ်ရေးသတင်းကို ကျားသစ်နက်တပ်မတော်က အသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ စကစနှင့် ရဲများအထိုင်ချတပ်စွဲလျှက်ရှိသော ပုလဲမြို့မ ရဲစခန်းအား ကျားသစ်နက်တပ်မတော် ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်းမှ အင်းအား၅၀ခန့်ဖြင့် ဇွန်လ ၄ ရက်နေ့ နေ့လည် ၁နာရီ ၅၀မိနစ် အချိန်မှ ၅နာရီ ၂၀မိနစ် အချိန်ထိ တစ်ကြိမ်၊ ၅ရက် ည ၈ နာရီ မှ ၁၂နာရီ ၃၀ မိနစ်အချိန်ထိ တစ်ကြိမ် ၊ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀မိနစ် မှ ညနေ ၄နာရီ ၁၅မိနစ်ထိ တစ်ကြိမ် ၊ သုံးရက်ဆက်တိုက် လက်နက်ကြီး ၈၀မမ၊ ၆၀မမ၊ ၁၂၀မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
ကျားသစ်နက်တပ်မတော်သားများအနေဖြင့် အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူဘက်မှ အပြန်အလှန်ပစ်ခတ်ခဲ့ကာ အထိအခိုက်အကျဆုံးကို အတည်ပြုနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၆။ အရာတော်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀) တပ် (စခတ ၁၀) တပ်အား (၁၀၇) မမ ဖြင့် ပစ်ခတ်တိုက်ခိုက်
ဇွန်လ၇ရက်
အရာတော်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀) တပ် (စခတ ၁၀) တပ်အား (၁၀၇) မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇွန်လ၇ရက်မှာ စစ်ရေးသတင်းကို Danger Force LPDFက အတည်ပြုဆိုပါတယ်။
"ဇွန်လ (၆) ရက် ၊ နေ့လည် (၂) နာရီ (၄၁) မိနစ်အချိန်တွင် အရာတော်မြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ လေ့ကျင့်ရေး (၁၀) တပ် (စခတ ၁၀) အား (၁၀၇) မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ဒဏ်ရာအများအပြား ရရှိနိုင်ပြီး သေဆုံးမှုများရှိနိုင်တယ်"လို့ဆိုပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် (၆) ကြိမ်မြောက် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များ အထိအခိုက်အကျဆုံး မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
စစ်ဆင်ရေးကို Danger Force LPDF၊မုံရွာခရိုင် ရင်း (၆) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၇။ ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့စကစတပ်ကားတန်းမိုင်း၃ကြိမ်ခွဲခံရ
ဇွန်လ၇ရက်
ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့စကစတပ်ကားတန်းမိုင်း၃ကြိမ်ခွဲခံရတယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၇ရက်မှာ မြိုင်ပကဖ ကစစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
ဇွန်လ၇ရက်မွန်းလွဲပိုင်း ၁၂:၂၃ ခန့် အချိန်တွင် ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ ကားတန်းကို မိုင်း၃ကြိမ်ခွဲခဲ့ရာ ရိက္ခာကားနှင့် စစ်ကားကို မိုင်းထိမှန်ခဲ့ပြီး ရိက္ခာကားတစ်စီးပျက်စီးသွားပါတယ်။ လခြမ်းမိုင်းထိသော စစ်ကားပေါ်ရှိ စကစတပ်များလည်း ထိခိုက်ဒဏ်ရာရနိုင်ပါတယ်"လို့ဆိုပါတယ်။
စကစကားများမိုင်းဆွဲခံရပြီး ရေလာလေးညောင်ဂျစ်ပင်ပျူများက လမ်းဘေးဝဲယာများသို့ လျှောက်လာခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ပျူ(၂)ဦးလွင့်ထွက်၍ အပြင်းအထန်ဒဏ်ရာရပြီး ပျူ(၃)ဦးမှာ ပွဲချင်းပြီးသေဆုံးပြီး ကာကွယ်ရေး တပ်ဖွဲ့များ တစုံတရာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်မှုကို ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ (KMDF)၊ မြိုင်-ပကဖ တပ်ရင်း ၁ တပ်ခွဲ(၁) ၊ တပ်ခွဲ (၂-ဂဠုန်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၈။ ကောလင်းနယ် ခံသာတိုက်နယ်အတွင်း အရပ်သားရှစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၍ ရွှေနဲ့ငွေများယူဆောင်
ဇွန်လ၇
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ခံသာတိုက်နယ်အတွင်း အရပ်သားရှစ်ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသတ်ဖြတ်၍ ရွှေနဲ့ငွေများယူဆောင်သွားခဲ့တယ်လို့ ဇွန်လ၇ရက်မှာ ကောလင်းတော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။
"မေလ၂၈ရက်နေ့မှစတင်ပြီးဇွန်လ၃ ရက်ထိ စကစ စစ်ကြောင်းမှ ခံသာတိုက်နယ်အတွင်းဝင်ရောက်မွှေနှောက်ပီး ပြည်သူများအားဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ ကျောက်တန်းရွာသစ် ဖုလှတောင်ကုန်းသို့ စကစတပ်များဟာ မေလ၂၈ရက်က ရောက်ရှိလာပြီး ၅ရက်အတွင်း ကောလင်းခရိုင်တပ်ရင်း(၁)ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့နှင့် ပျောက်ကျားထိတွေ့မှုများရှိခဲ့ပါတယ်။ စစ်ကြောင်းကာလအတွင်း ခံသာတိုက်နယ်မှ ဖမ်းဆီးခံရသူ ၁၆ ဦးခန့်ရှိခဲ့ပြီး လက်ရှိအချိန်ထိ (၅)ဦးပြန်လည်လွတ်မြောက်ကာ(၈) ဦးသေဆုံးအတည်ပြုနိုင်ခဲ့ပြီး ကျန်လေးဦးမှာ ယခုထိရှာဖွေနေဆဲဖြစ်တယ်"လို့ဆိုပါတယ်။
သတ်ဖြတ်ခံရသူများတွင် ရွှေအချို့နှင့် ငွေသားအများအပြားပါဝင်ပြီး ပြည်သူအချို့ကိုတော့ ပြန်လွတ်ခဲ့တယ်လို့ သိရပါတယ်။ မုတ်ဝရွာသား(၆) ဦးမှာ တစ်စုထဲဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်နေရာထဲတွင် တစ်စုထဲသတ်ဖြတ်ခံရတယ်လို့သိရပါတယ်။
========================
📌📌 ၉။ ရန်ကုန်တွင် ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီး ဧရာဝတီတိုင်းဒေသတွင် ငလျင်လှုတ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး
ဇွန်လ၇
ရန်ကုန်တွင် ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီး ဧရာဝတီတိုင်းဒေသတွင် ငလျင်လှုတ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ၇ရက်နေ့ ညနေပိုင်းမှာ အင်အား ၄.၈အဆင့်ရှိ ငလျင်လှုပ်ခဲ့တယ်လို့သိရပါတယ်။
ယင်းငလျင်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဟင်္သာတ၊ ဘားအံ၊ ဖာပွန်၊ ကရင်ပြည်နယ်၊ လပွတ္တာ၊ မအူပင်၊ မော်လမြိုင်၊ မွန်ပြည်နယ်၊ မြောင်းမြ၊ ပုသိမ်၊ ဖျာပုံ၊ ရခိုင်၊ ရန်ကုန်၊ သံတွဲ၊ သာယာဝတီ၊ သထုံ၊ ရန်ကုန်အရှေ့ပိုင်း၊ ရန်ကုန်မြောင်ပိုင်း၊ ရန်ကုန်တောင်ပိုင်းခရိုင် စတဲ့နေရာတွေမှာ လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မအူပင်မြို့နယ်တွင် အုတ်တံတိုင်းဘေးနံရံ ပြိုကျ၍ပိကာ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး ရွှေဘုန်းမြင့်စေတီ ထီးတော် ကျိုးခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment