(၁၆-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ


 

(၁၆-၆-၂၀၂၃) မနက်ခင်း ပြည်တွင်းသတင်းများ

၁။ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သယံဇာတ စီမံခန့်ခွဲမှု လုပ်ငန်းတွေ စနစ်ကျ အားကောင်းလာအောင် ဆောင်ရွက်ရမယ်လို့ ဝန်ကြီးချုပ်ဆို

၂။ သွေးခွဲသပ်လျှိုမှုတွေကိုလည်း သတိကြီးကြီးထားပြီး ကာကွယ်ကြဖို့ လိုအပ်တယ်လို့ဆို

၃။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ၏ နေအိမ်ကို စကစက မတရား ချိတ်ပိတ်

၄။ စကစကို ယုံကြည်ပြီး အသက်ပေး ရပ်တည်ပေးနေကြတဲ့ စကစတပ်သားများ၊ ရဲဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများ တော်လှန်ရေးဘက်ကို အမြန်ဆုံးရပ်တည်ပူးပေါင်းဖို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြော

၅။ မိတ္ထီလာလေတပ်က အမောင်းသင်ရဟတ်ယာဥ်တစ်စီးပျက်ကျသွားလို့ စကစတပ်က အရာရှိနှစ်ဦးသေဆုံး

၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၅၃၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအများဆုံးတွင် ရှိနေ

၇။ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဘန်နာကိုင်စွဲကာ မုံရွာမှာ လူထုသပိတ်ဆင်နွှဲ

၈။ ဇွန် လ၁၉ရက်နေ့ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲဖို့ တိုက်တွန်း

၁။ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သယံဇာတ စီမံခန့်ခွဲမှု လုပ်ငန်းတွေ စနစ်ကျ အားကောင်းလာအောင် ဆောင်ရွက်ရမယ်လို့ ဝန်ကြီးချုပ်ဆို

==============

ဇွန်လ၁၅ရက်

ဇွန်လ ၁၃ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက "စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းတွေ စနစ်ကျအားကောင်းလာအောင် ဆောင်ရွက်ရမယ်လို့”ပြောဆိုလိုက်ပါတယ်။


"မိမိတို့စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ သယံဇာတ စီမံခန့်ခွဲမှုလုပ်ငန်းတွေ စနစ်ကျအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ သယံဇာတကိစ္စရပ်များ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများကို သေသေချာချာ သိရှိထားဖို့ အရေးကြီးကြောင်း၊ သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့များနှင့် ပုံမှန်ထိတွေ့ပြီး မြို့နယ်များ၏ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းပေးကာ လိုအပ်တဲ့ မူဘောင်တွေကို လိုက်နာစေပြီး အပြန်အလှန် ထိန်းကျောင်းသည့် စနစ်ဖြင့် သွားကြရမှာ ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ သယံဇာတလုပ်ငန်းတွေ ဟန်ချက်ညီညီဖြင့် စနစ်ကျကာ ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း"ဆိုပါတယ်။


အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၂။ သွေးခွဲသပ်လျှိုမှုတွေကိုလည်း သတိကြီးကြီးထားပြီး ကာကွယ်ကြဖို့ လိုအပ်တယ်လို့ဆို

==============

ဇွန်လ၁၅ရက်

ဇွန်လ ၁၅ရက်မှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၄/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်က အခုလိုဆိုပါတယ်။


"တော်လှန်ရေးအစုအဖွဲ့များရဲ့ ကျယ်ပြန့်လာတဲ့ အုပ်ချုပ်ရေးနယ်မြေအပေါ် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍနှင့် ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်ဟာ အရေးကြီးပြီး အခွန်ကောက်ခံရာမှာ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်ရေးကို အလေးထားရမှာ ဖြစ်ကြောင်း၊ တော်လှန်ရေးဖြစ်စဉ်ရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေဟာ အားကောင်းတာတွေရှိရပြီး အင်အားတွေကို စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ တော်လှန်ရေး အောင်မြင်သည်အထိ အတူလက်တွဲ လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ကြောင်း ၊ လုပ်လာနိုင်တဲ့ သွေးခွဲသပ်လျှိုမှုတွေကိုလည်း သတိကြီးကြီးထားပြီး ကာကွယ်ကြဖို့ လိုအပ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်‌ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၂၃/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၃။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ၏ နေအိမ်ကို စကစက မတရား ချိတ်ပိတ်

===========

ဇွန်လ၁၅

"မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ သဘာပတိအဖွဲ့ဝင်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ ၏ နေအိမ်ကို စကစကမတရား ချိတ်ပိတ်လိုက်ကြောင်း Mon State Federal Council - MSFC က ဇွန်လ ၁၅ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ အလုပ်သမားဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် နိုင်သုဝဏ္ဏ၏ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်စံပြကျေးရွာ အမှတ် (၇) ရပ်ကွက်ရှိ နေအိမ်ကို ဇွန် ၁၃ ရက်နေ့တွင် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်တွေနှင့် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ရောက်ရှိလာပြီး ချိတ်ပိတ် သိမ်းဆည်းသွားခဲ့တာဖြစ်ပါတယ်။


“စစ်ကောင်စီက ဒီဘက်က တော်လှန်ရေးသမားတွေရဲ့ နေအိမ်တွေကို တစ်ယောက်ပြီးတစ်ယောက် ချိတ်ပိတ်သိမ်းဆည်းနေတာက အခုမှ မဟုတ်တော့ဘူး၊ မိမိနေအိမ်ကိုလဲ ဝန်ကြီးတာဝန်ကို စတင်ယူပြီး ကတည်းက ဘားအံမြို့နယ် ရဲစခန်းမှ လာရောက် ချိတ်ပိတ်ခဲ့ပြီးပါပြီ။ နေအိမ်ကလည်း ချိတ်ပိတ်ပြီးကတည်းက မွှေနှောက်ဖျက်ဆီးခဲ့တာ ရစရာ မရှိတော့ဘူး။ မိမိနေအိမ် ချိတ်ပိတ်ခံလိုက်ရလို့ စစ်ကောင်စီက မည်သည့်အကျိုးရလဒ်ကောင်းမျှ ထွက်လာနိုင်မည် မဟုတ်သလို ၎င်းတို့၏ အာဏာရှင်လုပ်ရပ် ဇာတ်သိမ်းခန်း ရောက်လုနီးနီးအချိန်ကို ပြသလိုက်တာဘဲ”လို့ဝန်ကြီးက မှတ်ချက်ပြုချက်ကို Mon State Federal Council - MSFC ကဖော်ပြထားပါတယ်။

-------------------

၄။ စကစကို ယုံကြည်ပြီး အသက်ပေး ရပ်တည်ပေးနေကြတဲ့ စကစတပ်သားများ၊ ရဲဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများ တော်လှန်ရေးဘက်ကို အမြန်ဆုံးရပ်တည်ပူးပေါင်းဖို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြော

============

ဇွန်လ၁၅ရက်

စကစကို ယုံကြည်ပြီး အသက်ပေး ရပ်တည်ပေးနေကြတဲ့စကစတပ်သားများ၊ ရဲဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများ တော်လှန်ရေးဘက်ကို အမြန်ဆုံးရပ်တည် ပူးပေါင်းဖို့လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်က ဇွန်လ၁၅ရက်မှာ ပြောပါတယ်။


"ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ကရင်နီမဟာမိတ် တပ်ပေါင်းစုကနေ မယ်စဲ့မြို့နယ်က စကစ စခန်း ၃ ခုကို တစ်ပြိုင်တည်း သိမ်းပိုက်လိုက်ပါတယ်။ ဒါကြောင့် စကစက မထူးဇာတ်ခင်းပြီး မယ်စဲ့မြို့ ရဲစခန်း၊ ဆေးရုံ၊ ဌာနဆိုင်ရာရုံး၊ ဝန်ထမ်းလိုင်း အိမ်ယာ၊ ပြည်သူ့အိုးအိမ်များမကျန် တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး  ဗုံးကျဲလိုက်ပါတယ်။ ဝန်ထမ်းများ၊ ရဲများအချို့ကျည်ထိမှန်သေဆုံးတယ်လို့လည်း ဒေသခံများထံမှ သတင်းရရှိပါတယ်။ စကစဘက်က သူ့အာဏာတည်မြဲဖို့အတွက်ဆိုရင် ဘယ်သူသေသ ငတေမှန်ရင်ပြီးရောဆိုပြီး ဘာမဆို အကြမ်းဖက်နည်းနဲ့ ဆက်လက်လုပ်ဆောင်နေဦးမှာပဲ။ ဒါကြောင့် စကစကို ယုံကြည်ပြီး အသက်ပေး ရပ်တည်ပေးနေကြတဲ့ တပ်မတော်သားများ၊ ရဲဝန်ထမ်းများ၊ အရပ်ဘက်ဝန်ထမ်းများ တော်လှန်ရေးဘက်ကို အမြန်ဆုံးရပ်တည်ပူးပေါင်းပြီး အနာဂါတ်ဖယ်ဒရယ်ဒီမိုကရေစီကို ချီတက်ကြရအောင်လို့ ထပ်မံတိုက်တွန်းလိုပါတယ်"လို့ ဒုဝန်ကြီးကဆိုပါတယ်။ 


မယ်စဲ့မြို့ကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် စကစရဲ့ ဝန်ထမ်းများအပါအဝင် ပြည်သူများ နှစ်ထောင် (၂၀၀၀ ) ကျော် ထိုင်းနိုင်ငံဖက်ဝင်ရောက်ခိုလှုံနေရကြောင်းလည်းသိရပါတယ်။

-------------------

၅။ မိတ္ထီလာလေတပ်က အမောင်းသင်ရဟတ်ယာဥ်တစ်စီးပျက်ကျသွားလို့ စကစတပ်က အရာရှိနှစ်ဦးသေဆုံး

==============

ဇွန်လ၁၅ရက်

မိတ္ထီလာလေတပ်က အမောင်းသင်ရဟတ်ယာဥ်တစ်စီးပျက်ကျသွားလို့ စကစတပ်က အရာရှိနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ ဇွန်လ၁၅ရက်မှာ အရေးတော်ပုံတပ်သား ကိုထွန်းထွန်းက အသိပေးဖော်ပြထားပါတယ်။


"ဇွန်လ ၁၅ရက် နံနက် မိတ္ထီလာလေတပ်က အမောင်းသင်လေယာဥ်တစ်စီးပျက်ကျသွားတယ်လို့ သိရပါတယ်။ ဗိုလ်ကြီးတယောက်နဲ့ ဗိုလ်မှူးတယောက်သေဆုံးတယ်လို့သိရတယ်"လို့ ဆိုထားပါတယ်။


နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနောက်ဘက် ငါးမိုင်ခန့်အကွာမှာ ရဟတ်ယာဥ်ဟာ စက်ပျက်၍ ရုတ်တရက် မြေပြင်ပေါ်ကို ပျက်ကျခဲ့တာဖြစ်ပါတယ်။ 

-------------------

၆။ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၅၃၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအများဆုံးတွင် ရှိနေ

==============

ဇွန်လ၁၅

အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၅၃၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှုအများဆုံးတွင် ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဇွန်လ ၁၅ရက်မှာအသိပေးဖော်ပါတယ်။


" ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတဝန်း အမျိုးသမီး (၅၃၆) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၂၅၀) ဦးဖြင့် သေဆုံးမှုအများဆုံးတွင် ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိ (၁၀၆) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၂၃၈) ဦးနှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လဒုတိယပတ်အထိ (၁၉၂) ဦး သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါ (၅၃၆) ဦးအနက် လက်နက်ကြီးကျည်ကြောင့် (၁၄၇) ဦး သေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ (၉၉) ဦး ဖြစ်တယ်လို့သိရပါတယ်။

-------------------

၇။ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဘန်နာကိုင်စွဲကာ မုံရွာမှာ လူထုသပိတ်ဆင်နွှဲ

=============

ဇွန်လ၁၅ရက်

“ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဘန်နာကိုင်စွဲကာ မုံရွာမှာ လူထုသပိတ်ဆင်နွှဲခဲ့တယ်လို့ ဇွန်လ ၁၅ရက်မှာ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အသိပေးဖော်ပြပါတယ်။


ဇွန်လ၁၅ရက်နေ့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ  မုံရွာ-အမြင့်လမ်းသပိတ်စစ်ကြောင်းသို့ သွားရောက်ပူးပေါင်းခဲ့ပါတယ်။ အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြ‌တဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသော အားဖြင့်လည်းကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ရင်း လူထုသပိတ်ထွက်ရှိခဲ့ကြပါတယ်"လို့ဆိုပါတယ်။


လူထုသပိတ်တွင် ပါဝင်သူများက နှင်းဆီပန်းများကိုင်ဆောင်၍ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

-------------------

၈။ ဇွန် လ၁၉ရက်နေ့ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲဖို့ တိုက်တွန်း

===============

ဇွန် လ ၁၉ရက်နေ့ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲဖို့ OCTOPUS ရေဘဝဲ လူငယ်များအဖွဲ့က သပိတ်နဲ့ပတ်သက်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


" လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။

လမ်းမထက်မှာ ‌နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်"လို့ဆိုပါတယ်။


လာမယ့် ဇွန်လ၊ ၁၉ ရက် ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါလည်း ဖြစ်ပါတယ်။


"လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့"လို့ဆိုထားပါတယ်။

-------------------

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။


Share:

No comments:

Post a Comment