၂၀၂၃ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ဖို့တိုက်တွန်း
📌 ၂။ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာနဲ့ နှိုင်းယှဥ်ပါက အများဆုံးဖြစ်ပြီး အရပ်သားများကိုပါ သိမ်းကြုံးတိုက်ခိုက်နေတယ်လို့ဆို
📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
📌 ၄။ "မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခွင့်မလွှတ်ပါနဲ့" ခေါင်းစဉ်ဖြင့် မြန်မာ့အရေးဟောပြောပွဲ ဂျပန်နိုင်ငံတွင် ကျင်းပ
📌 ၅။ ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး မြေစာရင်းရုံးတို့အပြင် ခုတ်ခွားရှေ့တန်းစစ်စခန်းနှင့် စစ်ကူလာတဲ့ စစ်ကြောင်းတို့ကို KNLA၊ SOF၊ Cloud Wings၊ Federal Wings တို့ ပူးပေါင်းတိုက်ခိုက်အောင်မြင်ခဲ့
📌 ၆။ မကွေးလေတပ်စခန်းအား ၁၀၇မမရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆီဂိုဒေါင်ထိမှန်၍ စကစတပ်ဖွဲ့ဝင်များလည်းထိခိုက်သေဆုံးရှိ
📌 ၇။ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaignရှယ်ယာစုစုပေါင်း ၂,၆၂၈ ရောင်းချခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ဖို့တိုက်တွန်း
ဇူလိုင်၁၇ရက်
အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက တိုက်တွန်းဆိုပါတယ်။
ဇူလိုင်၁၇ရက် Sky News London က မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်သည့် စစ်အာဏာရှင်နှင့် ၎င်းလက်အောက်ရှိ စစ်တပ်နဲ့ ပတ်သက်၍ ၎င်းတို့၏ လျှို့ဝှက်စုံစမ်းစစ်ဆေးမှု သတင်းမှတ်တမ်း videoနဲ့ ပတ်သက်၍ ဝန်ကြီးဒေါက်တာဆာဆာက သုံးသပ်ပြောကြားထားပါတယ်။
"မြန်မာပြည်သူများကို ထိတ်လန့်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်နိုင်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းများက ချက်ချင်းအရေးယူဆောင်ရွက်ရန် အရေးကြီးပါတယ်။ လူမျိုးတုံးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်တော်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ကို တည်ထောင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးသည် နေ့စဉ်နှင့်အမျှ အရှိန်အဟုန်မြင့်တက်လာနေပါတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ပြီး လွတ်လပ်ရေးနှင့် ဒီမိုကရေစီအတွက် သူတို့၏ရုန်းကန်မှုကို ထောက်ပံ့ပေးရပါမယ်။ တရားမျှတမှု၊ တာဝန်ယူတာဝန်ခံမှုရှိပြီး အကြမ်းဖက်မှုများ အားလုံးရပ်တန့်ရန် တောင်းဆိုလိုက်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာလူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၂။ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာနဲ့ နှိုင်းယှဥ်ပါက အများဆုံးဖြစ်ပြီး အရပ်သားများကိုပါ သိမ်းကြုံးတိုက်ခိုက်နေတယ်လို့ဆို
ဇူလိုင်၁၇ရက်
အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နိုင်ငံတကာနဲ့ နှိုင်းယှဥ်ပါက အများဆုံးဖြစ်ပြီး အရပ်သားများကိုပါ သိမ်းကြုံးတိုက်ခိုက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
ဇူလိုင်၁၆ရက် အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
"ကျနော်တို့ဆီမြေပြင်မှာ တွန်းလှန်နိုင်ပေမဲ့ လေကြောင်းကိစ္စခက်ခဲနေပါတယ်။ လေကြောင်းနဲ့အနိုင်ယူတိုက်ခိုက်တာကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုပဲတိုက်ခိုက်အနိုင်ယူတဲ့ အခြားနိုင်ငံတွေရှိပါတယ်။ အာဖဂန်နစ္စတန်တို့၊ ယီမင်တို့၊ ဆူဒန်တို့ ၊ ဆီရီးယားတို့ ဘယ်နိုင်ငံနဲ့ ယှဥ်ယှဥ် လေကြောင်းတိုက်ခိုက်မှုနဲ့ မတရားတိုက်ခိုက်မှုက ကျနော်တို့နိုင်ငံအများဆုံးဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သားတွေပါ သိမ်းကြုံးတိုက်ခိုက်တာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ် ပေါင်း ၅၆ ခုထက်မနည်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ဒီကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ အရပ်သား ၆၉၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ISP Myanmarက ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏတက်ရောက်
ဇူလိုင် လ ၁၇ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၈/၂၀၂၃)ကို ဇူလိုင်၁၇ရက်မှာကျင်းပခဲ့ပြီး အစည်းအဝေးသို့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်လုပ်ငန်းဆောင်ရွက်ချက်များအား ချပြ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနိုင်ထွန်းဖေ(ခ)နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ "မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခွင့်မလွှတ်ပါနဲ့" ခေါင်းစဉ်ဖြင့် မြန်မာ့အရေးဟောပြောပွဲ ဂျပန်နိုင်ငံတွင် ကျင်းပ
ဇူလိုင်၁၇ရက်
"မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခွင့်မလွှတ်ပါနဲ့" ခေါင်းစဉ်ဖြင့် မြန်မာ့အရေးဟောပြောပွဲကို ဂျပန်နိုင်ငံတွင် ကျင်းပခဲ့တယ်လို့ ဇူလိုင်၁၆ရက်မှာ ဂျပန်နိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
"မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခွင့်မလွှတ်ပါနဲ့" ဆိုသည့် ခေါင်းစဉ်ဖြင့်ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဟောပြောပွဲတွင် ဂျပန်နိုင်ငံဆိုင်ရာNUG ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ် ဦးစောဘလှသိန်း ၊ ဂျပန်အထက်လွှတ်တော်အမတ် Mr. MICHIHIRO ISHIBASHI ၊ CDM အတွင်းဝန် ဦးအောင်စိုးမိုးနှင့် တိုကျိုမြို့မှ မြန်မာ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးမျိုးမင်းဆွေတို့ တက်ရောက်ခဲ့တယ်"လို့ဖော်ပြပါတယ်။
အဆိုပါဟောပြောပွဲတွင် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း၊ လက်ရှိအခြေအနေ၊ ဂျပန်အစိုးရရဲ့ လက်ရှိသဘောထားအခြေအနေနှင့် မြန်မာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ခွင့်မလွှတ်နိုင်တဲ့ အကြောင်းအရင်းများကို သတင်းအချက်အလက်များနှင့် ဂျပန်ပြည်သူများကို ရှင်းလင်း တင်ပြ ဟောပြောခဲ့ပါတယ်။
ဦးဆောင်ပြုလုပ်ပေးသည့် Nagoya ဗြဟ္မာစိုရ်နှလုံးသားအဖွဲ့မှ ကိုအောင်ကိုမင်းမှ အဖွင့်အမှာစကားပြောကြားပေးကာ Nagoyaမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အေမီးမီးက ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေပုံများကို ဟောပြောခဲ့ပါတယ်။
========================
📌📌 ၅။ ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး မြေစာရင်းရုံးတို့အပြင် ခုတ်ခွားရှေ့တန်းစစ်စခန်းနှင့် စစ်ကူလာတဲ့ စစ်ကြောင်းတို့ကို KNLA၊ SOF၊ Cloud Wings၊ Federal Wings တို့ ပူးပေါင်းတိုက်ခိုက်အောင်မြင်ခဲ့
ဇူလိုင်လ ၁၇ရက်
ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး မြေစာရင်းရုံးတို့အပြင် ခုတ်ခွားရှေ့တန်းစစ်စခန်းနှင့် စစ်ကူလာတဲ့ စစ်ကြောင်းတို့ကို KNLA၊ SOF၊ Cloud Wings၊ Federal Wings တို့ပူးပေါင်းတိုက်ခိုက်အောင်မြင်ခဲ့တယ်လို့ ဇူလိုင်၁၇ရက်မှာ စစ်ရေးသတင်းကို Cloud Wings ဒရုန်းတပ်ဖွဲ့က အသိပေးဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးများ ဆောင်ရွက်ပေးနေတဲ့ ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲစခန်း ၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့အပြင် ခမရ-၅၅၈ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်း(၂) အခြေပြုနေတဲ့ ခုတ်ခွားစစ်စခန်းနှင့် ခုတ်ခွားစခန်းကို စစ်ကူလာနေတဲ့ ခမရ-၅၅၈ တပ်ရင်းမှူးဦးစီး စစ်ကြောင်း(၁)၊ ခမရ-၄၃၂ တပ်ရင်းစစ်ကြောင်း(၂) တို့အား ဇူလိုင်၁၁ရက်နေ့မှ စတင်ကာ ၁၆ရက်နေ့အထိ နေ့စဉ် ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။
တိုက်ခိုက်မှုကြောင့် ခုတ်ခွားစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ကြေမွပျက်ဆီးသွားပြီး ရန်သူစစ်ကောင်စီလက်အောက်ခံတပ်သား (၁၀)ဦးခန့်သေဆုံးကာ ၂၀ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ရန်သူစစ်ကောင်စီတပ်မှ လေယာဉ်များဖြင့် ဗုံးများလာကြဲခြင်း၊ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ၊ ၆၀မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ KNLA၊ SOF၊ Cloud Wings ၊ Federal Wings ပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။
========================
📌📌 ၆။ မကွေးလေတပ်စခန်းအား ၁၀၇မမရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆီဂိုဒေါင်ထိမှန်၍ စကစတပ်ဖွဲ့ဝင်များလည်းထိခိုက်သေဆုံးရှိ
ဇူလိုင်၁၇ရက်
ဇူလိုင်၁၇ရက် နံနက်၁နာရီအချိန်မှာမကွေးလေတပ်စခန်းအား ၁၀၇မမရှော့ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ဆီဂိုဒေါင်ထိမှန်၍ စကစတပ်ဖွဲ့ဝင်များလည်းထိခိုက်သေဆုံးရှိတယ်လို့ မကွေးခရိုင်အမှတ်၂တပ်ရင်းက အသိပေးဆိုပါတယ်။
"ဇူလိုင်၁၇ရက် နံနက်၁နာရီအချိန် MKCDFအဖွဲ့က ဦးဆောင်ကာ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ မကွေးလေတပ်စခန်းအား ၁၀၇မမရှော့ဒုံးငါးလုံးနဲ့ ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။
ရှော့ဒုန်းတစ်လုံးမှာ မပေါက်ကွဲ၍ လေးလုံးမှာ လေတပ်စခန်းကို ပစ်မှတ်မှန်ကန်စွာထိရောက်၍ ဆီဂိုဒေါင်ထိမှန်ကာ စကစတပ်ဖွဲ့များလည်းထိခိုက်ကျဆုံးရှိတယ်လို့သိရပါတယ်။
========================
📌📌 ၇။ “အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaignရှယ်ယာစုစုပေါင်း ၂,၆၂၈ ရောင်းချခဲ့ရ
ဇူလိုင်၁၇ရက်
“အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaignရှယ်ယာစုစုပေါင်း ၂,၆၂၈ ရောင်းချခဲ့ရတယ်လို့ဇူလိုင်၁၇ရက်မှာ EODက ကမ်ပိန်းနဲ့ပတ်သက်လို့ အသိပေးဖော်ပြပါတယ်။
“အညာမြေကို အားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့” Campaign ၁၈ ရက်မြောက်နေ့ပါ။ ၁၇ ရက်မြောက်အထိ ရှယ်ယာစုစုပေါင်း ၂,၆၂၈ ရောင်းချခဲ့ရပါတယ်။ အညာမြေအတွက် အားထုတ်ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူအပေါင်းကို လေးစားဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။
ကမ်ပိန်းအတွက် လက်ကျန် ၂ ရက်မှာ အစွမ်းကုန်ကြိုးပမ်းကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရား ရယူပိုင်ဆိုင်ထားတဲ့ ၆မိုင်ခွဲအင်းလျားအိမ်ကို အစုရှယ်ယာထုတ်ရောင်းခဲ့တာ၊ ဒေါ်လာ ၄ သန်းခန့် ရောင်းချခဲ့ပြီးဖြစ်ကာ လက်ကျန်အစုရှယ်ယာ ၃ သောင်း၊ တစ်စုလျင် ဒေါ်လာ ၁၀၀ ဖြင့်၊ ဒေါ်လာ ၃ သန်းကို ရက်ပေါင်း ၂၀ အတွင်း အပြီးရောင်းချ၍ အညာဒေသရဲ့ မီးရှို့ခံလိုက်ရတဲ့ တော်လှန်မိသားစုတွေဆီ ပို့ပေးမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment