19th JUL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို လူထုအားနဲ့လည်းလုပ်ဆောင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား

📌 ၂။ အကြမ်းဖက်စစ်အုပ်စုဟာ လူသားချင်းစာနာမှုကို  လက်နက်သဖွယ်အသုံးပြုခဲ့ပြီး ကူညီမှုတွေကိုငြင်းဆန်တာ၊ ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့

📌 ၃။ ပြည်သူ့ပညာရေးလုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးသူတွေနဲ့ ပြည်သူထည့်ဝင်လှူဒါန်းငွေမတရားအလွဲသုံးစားတဲ့ကိစ္စတွေ အားလုံးကို ပညာဝန်ကြီးဌာနက တရားဥပဒေအရဆက်လက်လုပ်ဆောင်မယ်လို့ ပညာရေးဒုဝန်ကြီးအသိပေး

📌 ၄။ ပြည်သူ့ဘဏ်စစ်စစ်အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်မိတ်ဆက်

📌 ၅။ NUG ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ  ဝါရင့် ရှေ့နေ မစ္စတာအီအီလ်အား ဥပဒေအကြံပေးအဖြစ် ခန့်အပ်

📌 ၆။ ချက်နိုင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်နှင့် International IDEA အကြီးအကဲဖြစ်သည့် Mr. Marcus Brand တို့တွေ့ဆုံဆွေးနွေး

📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားထုတ်မှုတွေကို အမေရိကန်က အားပေးထောက်ခံတယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ်ဆို

📌 ၈။ မတ္တရာမြို့နယ်မှာ စကစတပ်များက အရပ်သားများကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ထားပြီး ရေထဲသို့ပစ်ချကာ အလောင်းဖျောက်ခဲ့

📌 ၉။ ရိုးမခေါ်သံရဲ့Next Planအဖြစ် ဦးမင်းကိုနိူင်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့လေလံကြမ်းခင်းစျေး စတင်ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို လူထုအားနဲ့လည်းလုပ်ဆောင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ပြောကြား


ဇူလိုင်၁၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ၂၄ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကို ဇူလိုင်၁၈ရက်မှာ ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက"စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို လူထုအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်တယ်လို့" ပြောပါတယ်။


နွေဦးတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် လူထုထဲမှာ ထုလိုက်ထည်လိုက် အင်အားရှိတဲ့ အလုပ်သမား အင်အားစုရဲ့ အရေးပါမှုကို လျော့တွက်လို့မရပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးအပေါ် လူထု / လူတန်းစားအားလုံး ပါဝင်ပေါင်းစည်းနိုင်ရေးကို ရှေ့ရှုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို လူထုအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။လို့ဆိုပါတယ်။


ဆက်လက်ပြီး အစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှလည်း "စစ်ကောင်စီက အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေကြား အမျိုးမျိုးသော သွေးခွဲမှုကို ပိုမိုဆောင်ရွက်လာမှာဖြစ်တယ်လို့ဆိုပါတယ်။


"စစ်ကောင်စီကလည်း သူ့ရဲ့အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ တော်လှန်ရေး အင်အားစုတွေကြား အမျိုးမျိုးသော သွေးခွဲမှုတွေ၊ ပြည်သူတွေ အာရုံထွေပြားအောင်လုပ်မယ့် ကိစ္စတွေ၊ အကြောက်တရားများနဲ့ ထိန်းနိုင်အောင် ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုပြီး ခပ်စိတ်စိတ် ဆောင်ရွက်လာဦးမှာပါပဲ။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ကျွန်တော်တို့ လျှောက်လှမ်းရမယ့်လမ်းကို မမှိတ်မသုန် ဆက်လျှောက်လှမ်းရမှာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကဏ္ဍအလိုက်၊ တာဝန်အလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းဖို့ အရေးကြီးတဲ့ အချိန်ကာလဖြစ်သလို အကြမ်းဖက် စစ်ကောင်စီရဲ့ သွေးခွဲမှု မျိုးစုံ၊ ရက်စက်မှု မျိုးစုံကို ကျော်လွှားနိုင်မှ အောင်ပွဲကို မြင်တွေ့ကြရမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုဟာ လူသားချင်းစာနာမှုကို  လက်နက်သဖွယ်အသုံးပြုခဲ့ပြီး ကူညီမှုတွေကိုငြင်းဆန်တာ၊ ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့


ဇူလိုင်၁၈

အကြမ်းဖက်စစ်အုပ်စုဟာ လူသားချင်းစာနာမှု ကို  လက်နက်သဖွယ်အသုံးပြုခဲ့ပြီး ကူညီမှုတွေကိုငြင်းဆန်တာ၊ ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဇူလိုင်၁၈ရက်မှာ ဆိုပါတယ်။


"ဆိုင်ကလုန်း မိုခါကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ ဆိုင်ကလုန်းနာဂစ်မှာ အသုံးပြုခဲ့တဲ့ လူသားချင်းစာနာမှုကို လက်နက်သဖွယ်အသုံးပြုခဲ့တာတွေ့ရပါတယ်။ ပြည်သူတွေကို အဆက်အသွယ်ဖြတ်တာတွေ၊ ကူညီမှုတွေကို ငြင်းဆန်တာတွေ၊ ပိတ်ပင်တာတွေ၊ ကူညီမှု လုပ်ဆောင်နေတဲ့သူတွေကို တားဆီးမှုတွေ စတဲ့အချက်တွေကို ထောက်ပြဖို့အတွက် အများကြီးကျန်ရှိခဲ့ပါတယ်။ ဒီလိုမျိုးအချက်တွေကို ကုလသမဂ္ဂလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးအရာရှိနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က ခိုင်ခိုင်မာမာထောက်ပြခဲ့ပါတယ်။ ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကိုယ်တိုင်က ဆိုင်ကလုန်းမိုခါအတွင်းမှာ ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတွေဟာ သဘာဝဘေးဒဏ်ရော၊ အကြမ်းဖက်စစ်အုပ်စုရဲ့ ပိတ်ပင်တားဆီးမှုတွေကိုရော ခံစားရတဲ့အတွက် မထိခိုက်သင့်ပဲ ထိခိုက်တာတွေ၊ ထိခိုက်နစ်နာမှုအများအပြားဖြစ်ခဲ့သည့်အကြောင်းကို တင်ပြပြောဆိုခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်ထဲမှာ ဒီအချက်ကို ထင်ထင်ရှားရှား ဖော်ပြရေးသားတာ မတွေ့ရပါဘူး"လို့ဆိုပါတယ်။


(၅၃)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကနေပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာများနှင့် လူနည်းစုများဆိုင်ရာ ဆုံးဖြတ်ချက် A/HRC/53/L30/Rev.1 ကို ဇူလိုင်လ (၁၄) ရက်နေ့က မဲခွဲဆုံးဖြတ်စရာမလိုဘဲ ချမှတ်နိုင်ခဲ့ပါတယ်။ 


၂၀၂၃ ခုနှစ် မေလ၁၄ရက်နေ့က တိုက်ခတ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် သေဆုံးသူအများစုမှာ စစ်တွေမြို့နယ်မှာရှိတဲ့ ဒုက္ခသည် စခန်းကရိုဟင်ဂျာအများစုဖြစ်ပါတယ်။


========================


📌📌 ၃။ ပြည်သူ့ပညာရေးလုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးသူတွေနဲ့ ပြည်သူထည့်ဝင်လှူဒါန်းငွေမတရားအလွဲသုံးစားတဲ့ကိစ္စတွေ အားလုံးကို ပညာဝန်ကြီးဌာနက တရားဥပဒေအရဆက်လက်လုပ်ဆောင်မယ်လို့ ပညာရေးဒုဝန်ကြီးအသိပေး


ဇူလိုင်၁၈ရက်

ဇူလိုင်၁၈ရက်မှာ FOEIM ကျောင်းနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားရာမှာ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်က "ပြည်သူ့ပညာရေးလုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးသူတွေနဲ့ ပြည်သူထည့်ဝင်လှူဒါန်းငွေမတရားအလွဲသုံးစားတဲ့ကိစ္စတွေ အားလုံးကို ပညာဝန်ကြီးဌာနက တရားဥပဒေအရဆက်လက်လုပ်ဆောင်မယ်"လို့ ရှင်းလင်းပြောကြားထားပါတယ်။


"ဒီအမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေ၊ မှတ်တမ်းတွေ အားလုံးဝန်ကြီးဌာနမှာ ရှိပါတယ်။ ဒီအမှုဟာ expire ဖြစ်သွားမှာမဟုတ်ပါဘူး။ ပွဲက မပြီးသေးပါဘူး။ ပြည်သူ့ပညာရေးလုပ်ငန်းကို နှောင့်ယှက်ဖျက်ဆီးသူတွေ၊ ပြည်သူထည့်ဝင်လှူဒါန်းငွေမတရားအလွဲသုံးစားတဲ့ကိစ္စတွေ၊ ဝန်ထမ်းတွေရဲ့ အခွင့်အရေးကိုချိုးဖောက်သူတွေ အားလုံးကို ဝန်ကြီးဌာနက တရားဥပဒေအရဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်အဆိုပါ FOEIM ကျောင်း ငွေရေးကြေးရေးကိစ္စများတွင် ပညာရေးဒုဝန်ကြီးကို အခြေအမြစ်မရှိ စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိကြောင်း၊ ပညာရေးဒုဝန်ကြီးမှာ မြေပြင်တော်လှန်ရေးနယ်မြေတွင် တော်လှန်ရေး၊ပညာရေးလုပ်ငန်းများသာ ဆောင်ရွက်နေကြောင်း ရှင်းလင်းဆိုထားပါတယ်။


========================


📌📌 ၄။ ပြည်သူ့ဘဏ်စစ်စစ်အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်မိတ်ဆက်


ဇူလိုင်၁၈ရက်

ဇူလိုင်၁၈ရက်မှာ ပြည်သူ့ဘဏ်စစ်စစ် အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမယ့် နွေဦးဖွံ့ဖြိုးရေးဘဏ်အဖြစ်  စတင်မိတ်ဆက်လိုက်ပါတယ်။


 "နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လုံခြုံလွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီဂျစ်တယ် ခေတ်သစ်ဘဏ်  ဖြစ်ပါတယ်။ လုံခြုံမှု အမြင့်မားဆုံး စနစ်ကို အခြေခံသည့် ဘလော့ချိန်းနည်းပညာဖြင့် တည်ဆောက်ထား၍ ပြည်သူ့ ဓန ဘဏ္ဍာစည်းစိမ်များကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေးအတွက် အစဥ်အမြဲ ကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (--၂၀၂၃) ရက်စွဲဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ  စည်းမျဥ်းချမှတ် ခွင့်ပြုထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


ဒါ့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏  ကြားကာလဗဟိုဘဏ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ထုတ်ပြန်ကြေညာချက်များကို ပြည်သူလူထုထံသို့ အချိန်နှင့် တပြေးညီ တင်ပြနိုင်ရန်အတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုတ်နှံမှု ဝန်ကြီးဌာနက ကြားကာလဗဟိုဘဏ်၏ Facebook လူမှုကွန်ယက်စာမျက်နှာကို ဖွင့်လှစ်လိုက်ပါတယ်လို့လည်း သိရှိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ Central Bank of Myanmar Facebook page Link ကိုအမျိုးသားညီညွတ်ရေးအစိုးရလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြအသိပေးကြေညာထားပါတယ်။


========================


📌📌 ၅။ NUG ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ  ဝါရင့် ရှေ့နေ မစ္စတာအီအီလ်အား ဥပဒေအကြံပေးအဖြစ် ခန့်အပ်


ဇူလိုင်၁၈ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းသည်  တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအား ကိုရီးယားနိုင်ငံ၏ ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ နွေဦးတော်လှန်ရေးအတွက် လှုပ်ရှားမှုများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာ အကြံပေးရန် 

စသည့် ရည်ရွယ်ချက်ဖြင့် ဝါရင့် ရှေ့နေ မစ္စတာအီအီလ်အား ဥပဒေအကြံပေးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပါတယ်လို့ ဇူလိုင်၁၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက အသိပေးဖော်ပြပါတယ်။


ဝါရင့်ရှေ့နေ မစ္စတာ အီအီလ်သည် တောင်ကိုရီးယားရောက် ရွှေ့ပြောင်းသူများ၏ လူ့အခွင့်အရေး၊ နိုင်ငံရေးခိုလှုံသူများအရေး၊ လူကုန်ကူးခံရသည့် ရွေ့ပြောင်းသူများအရေး၊ မတရားဖမ်းဆီးထိမ်းသိမ်းခံရသည့် ရွှေ့ပြောင်းသူများအရေးနှင့် နိုင်ငံမဲ့ ရွှေ့ပြောင်းသူများအရေးကို အကျိုးအမြတ် မယူပဲ စွမ်းစွမ်းတမံဆောင်ရွက်ပေးနေသည့် အော်ဖီးလ် လူထုအကျိုးပြုဥပဒေစင်တာ ရှေ့နေများအဖွဲ့၏ ဦးဆောင်သူတစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၆။ ချက်နိုင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်နှင့် International IDEA အကြီးအကဲဖြစ်သည့် Mr. Marcus Brand တို့တွေ့ဆုံဆွေးနွေး


ဇူလိုင်၁၈ရက်

ချက်နိုင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်နှင့် International IDEA အကြီးအကဲဖြစ်သည့် Mr. Marcus Brand တို့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဇူလိုင်၁၈ရက်မှာ ချက်နိုင်ငံ NUG ကိုယ်စားလှယ်ရုံးက တရားဝင်အသိပေးဖော်ပြပါတယ်။


NUG ကိုယ်စားလှယ် ဦးလင်းသန့်သည် International IDEA မြန်မာပရိုဂရမ်၏ အကြီးအကဲဖြစ်သည့် Mr. Marcus Brand နှင့် မြန်မာနိုင်ငံရှိ ဒီမိုကရက်တစ်အဖွဲ့အစည်းများအား ပံ့ပိုးကူညီရန် ဆွေးနွေးခဲ့ပါတယ်လို့ဆိုပါတယ်။


ချက်နိုင်ငံ NUG ကိုယ်စားလှယ်ဦးလင်းသန့်ဟာ မကြာသေးမီက အရှေ့တီမောနိုင်ငံ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း NUGနိုင်ငံခြားရေးဝန်ကြီးနဲ့အတူတက်ရောက်ခဲ့ပါသေးတယ်။


========================


📌📌 ၇။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အားထုတ်မှုတွေကို အမေရိကန်က အားပေးထောက်ခံတယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ်ဆို


ဇူလိုင်၁၈

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအားထုတ်မှုတွေကိုအမေရိကန်က အားပေးထောက်ခံတယ်လို့ အမေရိကန်သံရုံးအကြီးအကဲသစ် ဆူဆန်စတီဗင်ဆင် ကဆိုပါတယ်။


"စစ်အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် နိုင်ငံတကာက ကြိုးပမ်းအားထုတ်နေမှုတွေမှာ အမေရိကန်ပြည်ထောင်စုဟာ ရှေ့ဆုံးက ပါဝင်နေပါတယ်။ မြန်မာနိုင်ငံတော်ပိုင် အကြီးမားဆုံးဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုအပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ကျော်ကိုလည်း မိမိတို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီးပါပြီ။ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ခုလို အရေးယူမှုတွေဟာ အာဏာရှင်အဖွဲ့အစည်းကို ဖိအားပေးရာရောက်သလို ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်ဖို့ ပိုပြီး ခက်ခဲစေပါတယ်။ တစ်ဖက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခကို အဖြေရှာနေကြသူတွေအားလုံးအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်မှုအတွက် အားထုတ်မှုတွေကိုလည်း အားပေးထောက်ခံနေပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင့် အခြေခံကျတဲ့အခွင့်အရေးတွေနဲ့ စစ်မှန်တဲ့ဒီမိုကရေစီအနာဂတ်ကိုလိုလားတောင့်တနေကြတဲ့ မြန်မာပြည်သူတို့ကို အားပေးထောက်ခံရင်း အမေရိကန်သံရုံးကပြည်သူ့ဘက်က ဆက်လက်ရှိနေမယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ မတ္တရာမြို့နယ်မှာ စကစတပ်များက အရပ်သားများကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ထားပြီး ရေထဲသို့ပစ်ချကာ အလောင်းဖျောက်ခဲ့


ဇူလိုင်၁၈ရက်

မတ္တရာမြို့နယ်မှာ စကစတပ်များက အရပ်သားများကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ထားပြီး ရေထဲသို့ပစ်ချကာ အလောင်းဖျောက်ခဲ့တယ်လို့ဇူလိုင်၁၈ရက် wetlet informational networkက ဖြစ်စဥ်ကိုအသိပေးဆိုထားပါတယ်။


"ဇူလိုင်၁၄ရက် မတ္တရာမြို့နယ် နတ်ကြီးစင်ရွာဘုန်းကြီးကျောင်းတွင် ရှိသော စကစများသည် ညောင်အုပ်ရွာတွင် ရောက်ရှိလာပြီ လက်သမား လုပ်နေသော စဉ့်ကူးမြို့နယ် ညောင်းဝန်းရွာသား အမျိုးသား ပြည်သူ ၃ဦးနှင့် မတ္တရာမြို့နယ် ညောင်အုပ်ရွာသား အမျိုး ၁ဦးအား ဖမ်းဆီးကာ ညောင်အုပ်ရွာ တောင်ပိုင်းတွင်  နှိပ်စက်ညှင်းပန်း ရိုက်နှက်ခဲ့တယ်"လို့ဆိုပါတယ်။


ထို့နောက် အမျိုးသား ၂ဦးသေဆုံးခဲ့ပြီ ရေထဲသို့ အလောင်းဖျောက်ခဲ့ကာ ကျန်အမျိုးသား ၂ဦးကိုလည်း နတ်ကြီးစင်ရွာ ဘုန်းကြီးကျောင်းထဲတွင် ခေါ်ဆောင်သွားပြီ ဇူလိုင်၁၅ရက်နေ့တွင် သတ်ပစ်ခဲ့၍ ရေထဲသို့ အလောင်းဖျောက် မျှောခဲ့ပါတယ်။


အသတ်ခံရသော အမျိုးသား ၄ဦးမှ ၃ဦးသည်ရေထဲမှ ပေါ်လာခဲ့ရာ စကစတပ်များ ထွက်သွားချိန်တွင် ဒေသခံများမှ ဝိုင်းဝန်း၍ မီးသင်္ဂြိုလ်ပေးလိုက်ကြောင်း သိရပါတယ်။


========================


📌📌 ၉။ ရိုးမခေါ်သံရဲ့Next Planအဖြစ် ဦးမင်းကိုနိူင်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့လေလံကြမ်းခင်းစျေး စတင်ခေါ်ယူ


ဇူလိုင်၁၈ရက်

ရိုးမခေါ်သံရဲ့Next Planအဖြစ် ဦးမင်းကိုနိုင်ရဲ့ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၀၀၀နဲ့ လေလံကြမ်းခင်းစျေး စတင်ခေါ်ယူနေပြီဖြစ်ကြောင်း ရိုးမခေါ်သံ ကမ်ပိန်းကအသိပေးဖော်ပြပါတယ်။


"ရိုးမခေါ်သံရဲ့ Next Plan တစ်ခုကို ကြော်ငြာပါ့မယ်။ ကျွန်တော်တို့ လေးစားရတဲ့ ၈၈မျိုးဆက် အကိုကြီး ကိုမင်းကိုနိုင်က ရိုးမခေါ်သံအတွက် ကိုယ်တိုင်ရေး ပန်းချီကား တစ်ချပ်ကို လှူဒါန်းထားပါတယ်။ ဒီပန်းချီကားရဲ့ အမည်က Return of Salmons တဲ့။ ဒီပန်းချီကားကို စစ်ကြောင်း ၂၀နီးပါး ပါဝင်တဲ့ ဆယ်လ်မွန်တွေ အတွက် လေလံပစ်သွားမှာပါ။  ရိုးမခေါ်သံက ရရှိထားတဲ့ သိန်း၁သောင်းဟာ စစ်ကြောင်းတစ်ကြောင်းစီအတွက် သိန်း၁၀၀၀ ဆီတောင် မရနိုင်တာကြောင့် အကိုကြီး ကိုမင်းကိုနိုင် လှူဒါန်းထားတဲ့ ပန်းချီကားကို ထပ်မံ လေလံတင်ရတာပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒီပန်းချီကားဟာ ကိုမင်းကိုနိုင်ရဲ့ နွေဦးတော်လှန်ရေး လက်ရာတွေထဲကမှ ပထမဆုံး Physical Artwork အဖြစ် လေလံတင်မယ့် ပန်းချီကားပဲ ဖြစ်ပြီးတော့ “Returns of Salmon” ဆိုတဲ့ ပန်းချီကားကို လေလံကြမ်းခင်းဈေး USD $3,000 နဲ့ စတင်ခေါ်ယူထားပါတယ်။


လေလံဆွဲမည့်သူများမှ မိမိတို့ ပေးနိုင်တဲ့ လေလံဈေးနှုန်းများကိုရိုးမခေါ်သံ” Page ရဲ့ လေလံPostတွင် Comment ၍လည်းကောင်း၊ရိုးမခေါ်သံ” Page Messenger သို့ စာပို့၍ လည်းကောင်း လေလံ bid နိုင်ပါတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment