၂၀၂၃ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လက်ရှိ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ လုံ့လပြုခဲ့တဲ့ အာဇာနည်တွေလည်း အမြောက်အမြား ရှိနေတယ်ဆိုတာ အောက်မေ့သတိရကြဖို့ လိုတယ်လို့ ယာယီသမ္မတ ပြော
📌 ၂။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်မှသာ ပြည်သူတရပ်လုံး လူ့အခွင့်အရေးတွေကို ပြည့်ဝစွာ ရရှိနိုင်မယ်လို့ ဆို
📌 ၃။ ကြားကာလဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့အား ခန့်အပ်တာဝန်ပေး
📌 ၄။ ထိုးစစ်၊ တိုက်စစ်၊ နယ်မြေသိမ်းတဲ့စစ်ကို လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ပြင်ဆင်နေတဲ့အနေအထားကို ရောက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
📌 ၅။ အီတလီနိုင်ငံ ရောမမြို့ ဆီးနိတ်လွှတ်တော်ခန်းမတွင် အီတလီမြန်မာ ပါလီမန်လွှတ်တော် ချစ်ကြည်ရေးအဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံပွဲ” ကို ဦးဆောင်ကျင်းပ
📌 ၆။ ဘုတလင်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ဖွဲ့စည်း
📌 ၇။ “မမများနဲ့ပွဲကမယ်” ကရင်နီ၊ စစ်ကိုင်း၊ ချင်း မကွေး၊ အလယ်ပိုင်းဒေသ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ် (၄) ကြိမ်မှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိခဲ့
📌 ၈။ အကြမ်းဖက်စစ်အုပ်စုက အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများကို ခေါ်ထုတ်၍ တိတ်တဆိတ်သတ်ဖြတ်နေပြီး မိသားစုများထံသေဆုံးကြောင်းစာများပေးပို့နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လက်ရှိ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ လုံ့လပြုခဲ့တဲ့ အာဇာနည်တွေလည်း အမြောက်အမြား ရှိနေတယ်ဆိုတာ အောက်မေ့သတိရကြဖို့ လိုတယ်လို့ ယာယီသမ္မတ ပြော
ဇူလိုင်၁၉ရက်
ဇူလိုင် ၁၉ရက်မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက "လက်ရှိ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ လုံ့လပြုခဲ့တဲ့ အာဇာနည်တွေလည်း အမြောက်အမြား ရှိနေတယ်ဆိုတာ အောက်မေ့သတိရကြဖို့ လိုတယ်” လို့ပြောကြားခဲ့ပါတယ်။
"ကိုလိုနီ သူ့ကျွန်လက်အောက်ကနေ ရုန်းထွက်နိုင်ဖို့ လုံ့လပြုခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအပြင် ယခု လက်ရှိ စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်ဖို့ လုံ့လပြုခဲ့တဲ့ အာဇာနည်တွေလည်း အမြောက်အမြား ရှိနေတယ်ဆိုတာ အောက်မေ့သတိရကြဖို့ လိုပါတယ်။ တချို့သော အာဇာနည် စိတ်ဓာတ်နဲ့ လူတွေဟာ မထင်မရှား ဖြစ်ကြပါတယ်။ သူတို့ဟာ သမိုင်းမှာ အထင်အရှားပြသခြင်း မခံခဲ့ရပါဘူး။ ဒါ့အပြင် စာပေ အနုပညာတွေကလည်း တစ်ခုတ်တရ ဖော်ညွှန်းတာမျိုး အလုပ်မခံရပါဘူး။ ဒါပေမယ့် လူမသိ သူမသိ တိမ်မြုပ်နေတဲ့ အာဇာနည်အပေါင်းဟာ သူတို့ရဲ့ စိတ်ဓာတ်သတ္တိတွေကို တိုင်းပြည်နဲ့ လူထုရဲ့ စိတ်အားသတ္တိတွေအဖြစ် အစွမ်းကုန် ပို့လွှတ်ခဲ့ကြသူတွေဆိုတာ ကျွန်တော်တို့ မမေ့ဖို့ လိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် လူထုက ထင်ရှားစွာ သိကြားခွင့်ရတဲ့ အာဇာနည်အပေါင်းကိုလည်း လေးစားဦးညွတ်သလို၊ လူထုက ထင်ရှားစွာ သိခွင့်မရခဲ့တဲ့ အာဇာနည် ပုဂ္ဂိုလ်အပေါင်းကိုလည်း အလေးအနက်ထား ဦးညွှတ်ကြောင်း ယာယီသမ္မတကဆိုပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်မှသာ ပြည်သူတရပ်လုံး လူ့အခွင့်အရေးတွေကို ပြည့်ဝစွာ ရရှိနိုင်မယ်လို့ ဆို
ဇူလိုင်၁၉ရက်
ဇူလိုင်၁၉ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက“စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်မှသာ ပြည်သူတစ်ရပ်လုံး လူ့အခွင့်အရေးတွေကို ပြည့်ဝစွာ ရရှိနိုင်မယ်"လို့ပြောကြားခဲ့ပါတယ်။
"ကျနော်တို့နိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရှင်သန်မှသာ ပြည်သူတရပ်လုံးဟာ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်တွေ၊ လူ့အခွင့်အရေးတွေကို ပြည့်ဝစွာ ရရှိနိုင်မှာ ဖြစ်တယ်ဆိုတာကို သမိုင်းသင်ခန်းစာများအရ ရှင်းရှင်းလင်းလင်း နားလည်သိရှိထားကြပြီး ဖြစ်ပါတယ်။ တရားမျှတမှုနဲ့ အများကောင်းကျိုးအတွက် ရပ်တည်ဆောင်ရွက်သူတွေ လွတ်လပ်စွာရှင်သန်ခွင့် မရှိမချင်း နိုင်ငံအတွင်းမှာ စစ်မှန်တဲ့ လုံခြုံငြိမ်းချမ်းမှု မရှိနိုင်ဘူးလို့ ကျွန်တော့်အနေနဲ့ အခိုင်အမာယုံကြည်တာကို ထပ်လောင်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားများကို အချိန်မရွေး နိုင်ငံရေးပုဒ်မတပ်၍ ဖမ်းဆီးအကျဥ်းချကာ သတ်ဖြတ်မှုများကိုလည်းကျူးလွန်လျက်ရှိပါတယ်။
========================
📌📌 ၃။ ကြားကာလဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့အား ခန့်အပ်တာဝန်ပေး
ဇူလိုင်၁၉ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၃ ဖြင့် ဇူလိုင်၁၉ရက်မှာ ကြားကာလဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့များအား ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါတယ်။
ဖွဲ့စည်းတာဝန်အပ်နှင်းခြင်းခံရသူများမှာ ဦးမင်းဇေယျာဦး ဒုတိယ ဥက္ကဌ ၊ Dr. Johnny Ahtang ဒါရိုက်တာအဖွဲ့ဝင်၊ ဦးအောင်ပိုင် ဒါရိုက်တာအဖွဲ့ဝင်တို့ ဖြစ်တယ်လို့ သိရှိရပါတယ်။
"ကြားကာလဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းတယ်..။ နွေဦးဖွံ့ဖြိုးရေးဘဏ် ထူထောင်တယ်..။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေး တစုံလုံးလွှမ်းခြုံပြီး လုပ်စရာရှိတာ အားကုန်ထုတ် ဆောင်ရွက်လျက်ရှိပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်းအသိပေးဆိုထားပါတယ်။
လက်ရှိမှာ ကြားကာလ ဗဟိုဘဏ်ဟာ နွေဦးဖွံဖြိုးရေးဘဏ် တည်ထောင်ခြင်း စည်းမျဥ်းများကိုထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၄။ ထိုးစစ်၊ တိုက်စစ်၊ နယ်မြေသိမ်းတဲ့စစ်ကို လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ပြင်ဆင်နေတဲ့အနေအထားကို ရောက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြော
ဇူလိုင်၁၉ရက်
ပြည်သူမှ ပြည်သူသို့အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ "ထိုးစစ်၊ တိုက်စစ်၊ နယ်မြေသိမ်းတဲ့စစ်ကိုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ပြင်ဆင်နေတဲ့အနေအထားကိုရောက်နေတယ်"လို့ပြောကြားခဲ့ပါတယ်။
"နှစ်နှစ်ပြည့်တဲ့အချိန်မှာ ပြန်ပြီးသုံးသပ်ကြည့်ရင် ပြည်သူ့ကာကွယ်ရေးတပ်တွေ တည်ဆောက်ပြီးပြီ။ ဖွဲ့စည်းပြီးပြီ။ လေ့ကျင့်ပြီးပြီ။ လက်နက်အတော်အသင့်တပ်ဆင်ပြီးပြီ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဒီတော်လှန်ရေးကို အတူတကွ ဆောင်ရွက်နေပြီပေါ့။ အခုအချိန်မှာ ထိုးစစ်၊ တိုက်စစ်၊ နယ်မြေသိမ်းတဲ့ စစ်ကိုလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန် ပြင်ဆင်နေတဲ့အနေအထားကိုရောက်နေတယ်လို့ သုံးသပ်လို့ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။
လက်ရှိမှာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီးတော့၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးသတ်အတွက် အဆုံးအဖြတ်ပေးမယ့်နှစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။
========================
📌📌 ၅။ အီတလီနိုင်ငံ ရောမမြို့ ဆီးနိတ်လွှတ်တော်ခန်းမတွင် အီတလီမြန်မာ ပါလီမန်လွှတ်တော် ချစ်ကြည်ရေးအဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံပွဲ” ကို ဦးဆောင်ကျင်းပ
ဇူလိုင်၁၉ရက်
အီတလီနိုင်ငံ ရောမမြို့ ဆီးနိတ်လွှတ်တော်ခန်းမတွင် အီတလီမြန်မာ ပါလီမန်လွှတ်တော် ချစ်ကြည်ရေးအဖွဲ့မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံပွဲကို ဇူလိုင်၁၈ရက်မှာ ကျင်းပရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အွန်လိုင်းမှတဆင့်တက်ရောက်ခဲ့ပါတယ်။
အဖွဲ့ဥက္ကဌ အီတလီဆီးနိတ်လွှတ်တော်အမတ် Sandra Zampa မှ စစ်အာဏာရှင်၏ မတရားဖိနှိပ်ခြင်း၊ ဗုံးကြဲသတ်ဖြတ်ခြင်းတို့ကြောင့် ထောင်သောင်းချီသော မြန်မာပြည်သူများ ဆင်းရဲဒုက္ခကြုံနေရသည့် အခြေအနေများကို ကြားသိနေရသည့်အတွက် တုန်လှုပ်စိတ်မကောင်းဖြစ်ရကာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများကို ပိုမိုခိုင်မာစွာရင်းနှီးဖေးမရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ထို့နောက်အီတလီပါလီမန်လွှတ်တော်သမဂ္ဂ ဆီးနိတ်လွှတ်တော်အမတ် Pier Ferdinando Casini မှလည်း နိုင်ငံတကာရှိ ဒီမိုကရေစီလွှတ်တော်များ၊ ရွေးကောက်ခံအမတ်များသည် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် အထူးပံ့ပိုးပေးရန် တာဝန်ရှိကြောင်းပြောဆိုကာ ယခု တွေ့ဆုံမှုများမှသည် နိုင်ငံတကာရှိ ဒီမိုကရေစီပါလီမန်လွှတ်တော်များမှ တက်ကြွပါဝင်လာရန် အရေးကြီးလိုအပ်မှုကို ထောက်ပြဆွေးနွေးသွားခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပြောကြားရာတွင်"မတရားစစ်အာဏာသိမ်းမှုကို မြန်မာပြည်သူများသည် လုံးဝလက်မခံကြောင်း၊ စစ်တပ်မှ ငြိမ်းချမ်းစွာဆန္ဒပြမှုများနှင့် CDM လှုပ်ရှားမှုများအပေါ် အကြမ်းဖက်ဖိနှိပ်မှုများ၊ ပစ်ခတ်သတ်ဖြတ်ခဲ့မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ နှိပ်စက်ညှင်းပန်းမှုများကြောင့် ပြည်သူများ၏ မဖြစ်မနေ လက်နက်ကိုင်ခုခံကာကွယ်ရေးဖြစ်စဥ်များကို ပြောကြားသွားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ ပြည်သူပေါင်း ၃၈၀၀ ကျော် ကို သတ်ဖြတ်ခဲ့ပြီး အိမ်၊ ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံပေါင်း ၆၂၀၀၀ ကျော်အား လက်နက်ကြီး၊ တိုက်လေယာဥ်များနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လူ ၁.၆ သန်း စစ်ရှောင်ပြေးနေရသည့်အခြေအနေနှင့် တိုင်းပြည်စုစုပေါင်းလူဦးရေ၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ပြည်သူပေါင်း ၁၈ သန်းကျော် လူသားချင်းဆိုင်ရာစာနာမှု အရေးကြီးလိုအပ်နေကာ တိုင်းပြည်၏ လူဦးရေထက်ဝက်ခန့် ဆင်းရဲကျပ်တည်းသော အခြေအနေကို ရင်ဆိုင်နေရသည်ကိုသံအမတ်ကြီးက တင်ပြသွားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ အီတလီသံရုံးနှင့် အီတလီ နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အီတလီမြန်မာပါလီမန်အဖွဲ့ ဥက္ကဌဟောင်း Albertina Soliani, အီတလီမြန်မာအတူတကွ အဖွဲ့ဥက္ကဌ Enzo Scotti, အထွေထွေအတွင်းရေးမှူး Cecilia Brighi, မြန်မာ့အရေး တက်ကြွလှုပ်ရှားကြသူများ၊ အီတလီရောက်မြန်မာများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ ဘုတလင်မြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ဖွဲ့စည်း
ဇူလိုင်၁၉ရက်
ဘုတလင်မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးအမိန့်နဲ့ ဇူလိုင်၁၉ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ်ရေး နှင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဘုတလင်မြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အိုးအိမ်ပေါင်း ခုနစ်သောင်းကျော်မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဟာ ဆုံးရှုံးမှုအများဆုံးဖြစ်ပါတယ်။
========================
📌📌 ၇။ “မမများနဲ့ပွဲကမယ်” ကရင်နီ၊ စစ်ကိုင်း၊ ချင်း မကွေး၊ အလယ်ပိုင်းဒေသ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ် (၄) ကြိမ်မှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိခဲ့
ဇူလိုင်၁၉ရက်
ဇူလိုင်၁၉ရက်မှာ “မမများနဲ့ပွဲကမယ်” မှ ရရှိသော ဘဏ္ဍာငွေသုံးစွဲမှုများနှင့် စပ်လျဥ်း၍ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
“မမများနဲ့ပွဲကမယ်” ကရင်နီ၊ စစ်ကိုင်း၊ ချင်း မကွေး၊ အလယ်ပိုင်းဒေသ ဘဏ္ဍာငွေရှာဖွေရေး အစီအစဥ် (၄) ကြိမ်မှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိခဲ့ပါတယ်။ ယင်းလက်ခံရရှိခဲ့သော ဘဏ္ဍာငွေများအနက်မှ အမေရိကန်ဒေါ်လာ ၁.၅၅ သန်းကို ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၀.၂၅ သန်းကို KNDF အတွက် လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၀.၁၄ သန်းကို CJDC အတွက် လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၀.၀၄ သန်းကို အခြားသောတော်လှန်ရေးအင်အားစုများအတွက် လည်းကောင်း လျာထား သုံးစွဲလျက်ရှိပါတယ်လို့ဖော်ပြပါတယ်။
“မမများနဲ့ပွဲကမယ်” အစီအစဥ်မှ ရရှိခဲ့သော ရန်ပုံငွေဖြင့် ဝယ်ယူတပ်ဆင်ထားသည့် လက်နက်ကြီးများ၏ မြေပြင်တိုက်ပွဲဝင်မှုများကို သင့်လျော်သည့်အချိန်တွင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
========================
📌📌 ၈။ အကြမ်းဖက်စစ်အုပ်စုက အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများကို ခေါ်ထုတ်၍ တိတ်တဆိတ်သတ်ဖြတ်နေပြီး မိသားစုများထံသေဆုံးကြောင်းစာများပေးပို့နေ
ဇူလိုင်၁၉ရက်
ဇူလိုင်၁၉ရက်မှာ အရေးတကြီး စစ်ဆေးအရေးယူရန် လိုအပ်လာသည့် ဥပဒေမဲ့သတ်ဖြတ်မှုများကို AAPPကဖော်ပြအသိပေးလာပါတယ်။
ဇွန်လ (၂၇) ရက်နေ့တွင် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့များတွင် ကိုခန့်လင်းနိုင်(ခ) ကိုခန့်(ခ) လက်ဝဲနှင့် ပြည့်ဖြိုးဟိန်း(ခ) ကိုပြည့်တို့၏ မိသားစုများထံသို့ ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိထံမှ ဇွန်လ (၂၇) ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေနှင့် ဇူလိုင်လ (၁၀) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်လို့ ဖော်ပြပါတယ်။
ယခုနောက်ပိုင်းတွင် ထိုပျောက်ဆုံး နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံသို့ တစ်ရက်ချင်း သေဆုံးကြောင်း အကြောင်းကြားစာများ ပေးပို့နေသည်ကို အေအေပီပီမှ သိရှိရပါတယ်လို့ဆိုပါတယ်။
ဇွန်လ (၂၇) ရက်နေ့တွင် ဒိုက်ဦးထောင်မှ ပျောက်ဆုံးနိုင်ငံရေးအကျဉ်းသားများထဲမှ ကိုခန့်လင်းနိုင် (ဘ) ဦးသန်းစိုးနိုင်နှင့် ကိုပြည့်ဖြိုးဟိန်း (ဘ) ဦးကျော်ဦး နှစ်ဦးအပြင်
၁) ကိုရာလေး (ခ) ဇင်မြင့်ထွန်း (ဘ) ဦးမြင့်သန်း
၂) ဂျာကြီး (ခ) ဝေယံလွင် (ဘ) ဦးအေးလွင်
၃) ဇင်ဝင်းထွဋ် (ခ) ဗလကြီး (ခ) တရုတ်ကြီး (ဘ) ဦးပြန့်မော်
၄) အောင်မျိုးသူ (ဘ) ဦးမောင်စိန်
၅) ဘိုဘိုဝင်း (ခ) ထန်းတောကြီး
၆) နေအေး (ခ) အာကာထက်ပိုင်မျိုး (ဘ) ဦးမျိုးလင်းတို့ပါ သေဆုံးသွားပြီဖြစ်ကြောင်း အေအေပီပီမှ ဇူလိုင်၁၉ရက်တွင် ထပ်မံအတည်ပြုပါတယ်။
ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ မိမိတို့ အေအေပီပီမှ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရ များ၊ နိုင်ငံတကာတရားရေးမဏ္ဍိုင်များသို့ မြန်မာအာဏာလုစစ်တပ်၏ ပြည်သူများအပေါ် ယခုကဲ့သို့ တရားလက်လွတ် အနိုင်ကျင့်သတ်ဖြတ်နေမှုများအား အရေးပေါ်စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို ချက်ချင်းဆောင်ရွက်ကြပါရန်တောင်းဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment