တရားဥပဒေမဲ့နေခြင်းက သီးနှံမျိုးသန့်ရဖို့ ခက်ခဲနေ

တရားဥပဒေမဲ့နေခြင်းက သီးနှံမျိုးသန့်ရဖို့ ခက်ခဲနေ

(Radio NUG) မကြေးမုံ၊ ဇူလိုင် ၁၈၊ ၂၀၂၃

တရားဥပဒေစိုးမိုးမှုမရှိတာက တောင်သူတွေသီးနှံမျိုးကောင်းမျိုးသန့်ရရှိဖို အခက်အခဲ ဖြစ်စေပြီး စားသုံးသူအခွင့်အရေးအပြည့်အဝရရှိဖို လိုအပ်နေပါတယ်။ ဒီသတင်းကိုမ ကြေးမုံကပေးပိုထားပါတယ်။ 


သီးနှံအမျိုးအစားပေါင်း ခြောက်ဆယ်လောက် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နေတဲ့ မြန်မာ နိုင်ငံမှာ အစေ့ထုတ်ပြောင်းက စပါးပြီးရင် ဒုတိယအများဆုံးစိုက်ပျိုးတဲ့သီးနှံလည်းဖြစ်ပါ တယ်။ အာမခံချက်မရှိတဲ့ ပြောင်းမျိုးစေ့တွေပေါ်ပေါ်ထင်ထင်ရောင်းချနေတာကို မျိုးစေ့ ဥပဒေအရ ထိထိရောက်ရောက်အရေးမယူနိုင်တဲ့အတွက် အခုလို ပြောင်းစိုက်ရာသီ ရောက်တိုင်း မျိုးစေ့ပြသနာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီအခြေအနေကို ပြောင်းအသင်း အဖွဲမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။


ပြောင်းအသင်းအဖွဲမှ တာဝန်ရှိသူတစ်ဦး

“ အဓိကကတော့ စီပီတို့ သြဘာတို့ကပဲ မျိုးစေ့ကို သူသတ်မှတ် တဲ့ တရားဝင် ကိုယ်စားလှယ်ဆီကပဲ ဝယ်ပေါ့။ လောလောလတ်လတ် အဲ့လိုပဲလုပ်လို့ရမယ်။ မြန်မာပြည် က Rule of Law အဆင်မပြေတာက အခုမှလည်း မဟုတ်ဘူး။ ဒါကြာလှပါပြီ။ တစ်ခြား လုပ်ငန်းတွေလည်းအဆင်မပြေပါဘူး။ ဒီလုပ်ငန်းတင်မကပေါ့လေ။ အဲ့တော့ အာမခံချက် နဲ့အကျုံးဝင်ရင်သူတို့ ရှင်းပေးပါလိမ့်မယ်။ ပြသနာက အာမခံချက်မဖြစ်တဲ့ ကုမ္ပဏီက ဝယ်တာမျိုးရှိတယ်။ အခုကကျ တော့ လိုင်းပေါ်မှာ စီပီမျိုးစေ့ကို ဘယ်လောက်၊ ဘယ်လောက်နဲ့ရမယ် တင်ရောင်းရင် သွားဝယ်ကြတယ်။ ပြသနာက အဲ့ဒီလိုဖြစ်တာ။ စီပီက တရားဝင်ကိုယ်စားလှယ်ရှိသလို၊ သြဘာမှာလည်း တရားဝင်ကိုယ်စားလှယ်တွေရှိပါတယ်။ အဲ့ဒီလိုဖြစ်ပျက်လာ ပြသနာဖြစ်ပျက်လာရင် ကုမ္ပဏီနဲ့ပြန်စကားပြောလိုရတာပေါ့။ ကျန်တဲ့မျိုးစေ့ အတုဝင်တာတို့ဘာတို့က လက်ရှိအချိန်မှာ ဘယ်လိုမှမှ ထိန်းကျောင်းလိုမရတာ။ ကိုယ့်ရဲ့လုံခြုံရေးတောင် မသေချာတဲ့အချိန်မှာ ဘယ်လိုလုပ်အဲ့ဒါတွေ ထိန်းကျောင်းလိုလွယ်မလဲ။ အဲ့ဒါကြောင့်လေ။” 


ပြောင်းစိုက်ဧက ဆယ့်သုံးသိန်းနီးပါးရှိတဲ့အနက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်က ပြောင်းစိုက်ဧက နှစ်သိန်းခြောက်သောင်း လောက် လျော့ကျသွားနိုင်ပါတယ်။ ကျန်တဲ့ စိုက်ဧက တစ်သန်း လောက်မှာတော့ တောင်သူတွေက အစေ့ထုတ်ပြောင်းကို ဝင်ငွေရသီးနှံအဖြစ် ဆက် လက်စိုက်ပျိုးလျှက်ရှိပါတယ်။ ပြောင်းကိုမြန်မာနိုင်ငံမှာ မိုးရာသီနဲ့ ဆောင်းရာသီတိုမှာ အစိုက်များပြီး ရှမ်းပြည်နယ်ကတော့ အစေ့ထုတ်ပြောင်းစိုက်ဧကအများဆုံးဖြစ်ပြီး ၊ စုစုပေါင်းစိုက်ဧက ခုနှစ်သိန်းနီးပါးရှိပါတယ်။ မျိုးစေ့အရည်အသွေးတွေ မမှန်ကန်လို တစ်ရာသီစာ နစ်နာသွားပြီဆိုရင် တောင်သူတွေမှာ အကြွေးတင်ပြီး အဆုံးအရှုံးအမြောက်အမြား ရင်ဆိုင်ရတာဖြစ်တယ်လို ရှမ်းမြောက်ဒေသမှ စိုက်ပျိုးရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ 


ရှမ်းမြောက်ဒေသမှ စိုက်ပျိုးရေးရာကျွမ်းကျင်သူတစ်ဦး

“ အင်မတန်ရိုက်ချက်ပြင်းတဲ့ အသက်ရှင်သန်မှု၊ ဘဝရပ်တည်ချက်တွေကိုပါ ထိခိုက် တဲ့ ရိုက်ချက်ပဲ။ အဲ့ဒီလို ဂရမ်တီမပေးတဲ့ ကုမ္ပဏီတွေကို အက်ရှင်ကောင်းကောင်း ယူရ မှာ။ ဆိုလိုတာက မျိုးစေ့ဥပဒေအရ သီးနှံချိုယွင်းချက်အတွက် အရေးယူတယ်ဆိုတာ အကန့်လေးက သေးသေးလေး။ အဲ့တော့ တို့ နိုင်ငံသူနိုင်ငံသား တစ်မျိုးသားလုံး စိုက်ပျိုး နေတဲ့ တောင်သူတွေ တစ်ခုလုံး ဘဝရပ်တည်ရေးနဲ့  နိုင်ငံရဲ့ဝင်ငွေ အဲ့ဒါတွေပါထည့်တွက် ပြီးတော့မှ ဒီကောင်ကို ညီညွတ်မျှတတဲ့ဥပဒေတွေနဲ့ တရားစွဲရမှာ။ အဲ့ဒါမှ အစိုးရကို ယုံ ကြည်မှာ။ အဲ့ဒီလိုလုပ်ရမှာ။


စိုက်ပျိုးရေးဌာနက မျိုးစေ့ဥပဒေကိုပြဌာန်းထားပြီး သက်ဆိုင်ရာ နည်းပညာကျွမ်းကျင်သူ တွေရှိပေမယ့် မျိုးစေ့အတုတွေကတော့ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ပေါ်ပေါ်ထင်ထင်ရောင်းချ နေကြပေမယ့် ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နိုင် တာမရှိသေးပါဘူး။ တောင်သူတွေအများဆုံးအသုံးပြုနေတဲ့ အစေ့ထုတ်ပြောင်းမျိုးစေ့ တွေမှာ ဒေသမျိုးတွေအပါအဝင် ရေဆင်းစိုက်ပျိုးရေးသုတေသနက ထုတ်ဝေတဲ့ မျိုးများ၊ စီပီမျိုးများ၊ တရုတ်စပ်မျိုး၊ အာမိုစတဲ့ မျိုးကွဲပေါင်း ခြောက်ဆယ်နီးပါးကို စိုက်ပျိုးနေကြ တာဖြစ်ပါတယ်။  စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ စတာတွေမှာ အရည်အသွေးမပြည့်မှီတာတွေကို စစ်ဆေးတွေ့ရှိရင်လည်း ထုတ်ဝေတဲ့ ကုမ္ပဏီတွေကို တောင်သူတွေကိုအသိပေးတာမျိုး၊ လူသိထင်ရှားကြေငြာတာမျိုးတွေ မရှိတဲ့အတွက် တောင်သူတွေမှာ ရွေးချယ်ဝယ်ယူဖိုအခက်အခဲဖြစ်စေပါတယ်။ 


ဒါကြောင့် သွင်းအားစုတွေ အရည်အသွေးမမှီတဲ့ ပြသနာကို တောင်သူတွေမှာ နှစ်စဉ်နှစ် တိုင်းခါးစည်းခံနေရပြီး အရည်အသွေးမမှီတဲ့ သွင်းအားစုတွေကို အသုံးပြု ရင်း ဆင်းရဲသ ထက်ဆင်းရဲလာစေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။


Share:

No comments:

Post a Comment