၂၀၂၃ ဇူလိုင်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်ပေါင်းစုံကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အမြန်ဆုံး ရောက်ရှိအောင် ချီတက်ကြဖို့ ယာယီသမ္မတ တိုက်တွန်း
📌 ၂။ ရန်သူနောက်ကျောကို ဖိအားပေးရမယ့်အခြေအနေရောက်လာပြီး တောင်ပိုင်းတိုင်း အမှတ်၂စစ်ဒေသဟာ အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား
📌 ၃။ မြန်မာနိုင်ငံ စစ်ကျွန်ဘ၀မှ လွတ်လပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိမည်ကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အာဏာရှင်များ ကြောက်ရွံ့တုန်လှုပ်နေ
📌 ၄။ “၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဖြေဆိုပြီးမြောက်မှုအသိအမှတ်ပြုလက်မှတ်ကို စာဖြေဆိုမှုမှတ်တမ်းများအား စစ်ဆေးအကဲဖြတ်မှုကာလပြီးဆုံးမှသာ ထုတ်ပေးမယ်
📌 ၅။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၆။ ယင်းမာပင်နယ် စုန်းချောင်းကျေးရွာမှ အမျိုးသား ရုပ်အလောင်း ၄လောင်း ထပ်မံတွေ့ရှိ၍ သတ်ဖြတ်ခံရသူ၁၈ဦးအထိရှိလာ
📌 ၇။ ဂန့်ဂေါခရိုင် အမှတ် (၁၂) တပ်ရင်းသို့ လက်နက်နဲ့အတူ CDM ဝင်ရောက်လာပြီး တပ်ရင်းတွင် ဆက်လက်တာဝန်ထမ်းဆောင်လျှက်ရှိကြသော ရဲဘော်ကောင်းကင်အား ငွေကျပ်သိန်း (၅၀) ဆုချီးမြှင့်
📌 ၈။ “နေပြည်တော်ကို ဝိုင်းပတ်လို့၊ မမများနဲ့ ပွဲကစို့”သီတင်းပတ် (၃) ပတ် ၊ သိန်းပေါင်း (၁၀,၀၀၀)" ကမ်ပိန်းစတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဇူလိုင် လ ၂၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၄/၂၀၂၃)ကို ဇူလိုင်၂၄ရက်ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ(၁၃/၂၀၂၃) အစည်းအဝေး၌ ဆောင်ရွက်ပြီးစီးမှုရှေ့လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှမူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစုများ NUGရဲ့ Chain of Command အောက်မှာ အများစုရောက်ရှိနေပြီလို့ဆို
ဇူလိုင်၂၄ရက်
တော်လှန်ရေးအင်အားစုများ NUGရဲ့ Chain of Command အောက်မှာ အများစုရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ပြည်သူကပြည်သူသို့ မေးမြန်းခြင်းအစီအစဥ်”မှာ ပြောကြားခဲ့ပါတယ်။
"နေရာတိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးဖြစ်တယ်။ အဲဒါတွေကို NUG အနေနဲ့ စုစည်းရတာပေါ့။ တကယ်တမ်းတော့ ကျွန်တော့် သဘောကတော့ သိပ်ပြီး ဒါ အခက်အခဲရှိနေတယ်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ဒီရည်မှန်းချက် ရည်ရွယ်ချက်တွေက ဒီစစ်အာဏာရှုင်ကို ဖယ်ရှားတိုက်ဖို့ပဲလေ။ အဲဒါမှာတော့ အားလုံး အတူတူပဲ။ ကျွန်တော်တို့ ကွဲနေတယ်လို့ မထင်ဘူး။ ဘယ်အဖွဲ့မှ ကွဲနေတယ်လို့ မထင်ဘူး။ ဒါကြောင့် အဖွဲ့တွေ နာမည်တွေတော့ ကွဲရင် ကွဲမယ်။ ၈၀ ၊ ၈၅ ရာခိုင်နှုန်း လွန်ခဲ့တဲ့ ၃ ၊ ၄ လက ပြောတာ Chain of Command အောက်မှာ ရောက်နေပြီလို့ ပြောတယ်။ ဆိုတော့ တချို့ ကျန်နေတယ်။ တချို့လည်း ဆက်ပြီးတော့ ဝင်နေတာတွေ ရှိတယ်။ ကျွန်တော်တော့ ၈၀ ၊ ၈၅ ရာခိုင်နှုန်း အထက်မှာ စုစည်းမှု ရနေပြီလို့ မြင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ကျော်၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၅၀ ကျော် ဖွဲ့စည်းထားပြီးဖြစ်ကာ NUGကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးခြင်းနဲ့မွမ်းမံသင်တန်းများဖွင့်လှစ်ပေးခြင်းတို့ဆောင်ရွက်လျက်ရှိပါတယ်။
"စုစည်း ညီညွတ်မှုကတော့ ဒီတော်လှန်ရေးမှာ မြေပြင်က အဖွဲ့တွေနဲ့ ရှိတယ်လို့ မြင်တယ်။ ဒါပေမဲ့ တကယ် ဒါနဲ့ ပတ်သက်ပြီးတော့ အခုလိုမျိုး ထိုးစစ်ပြောင်းတဲ့အချိန်မှာ ပျောက်ကြားစစ်၊ ခုခံကာကွယ်စစ်ကနေ ထိုးစစ်ပြောင်းတဲ့အချိန်မှာ ဒီထက်ပိုပြီးတော့ စုစည်းမှု တည်ဆောက်ဖို့တွေ Chain of Command တွေ။ ဘာလို့ဆို စစ်တိုက်တာသည် Command က တစ်ခုတည်းရှိဖို့လိုတယ်။ ၂ ခုရှိလို့ မရဘူး။ ဒါကြောင့် ဒီဟာကိုတော့ ပိုပြီးတော့ ချိတ်ဆက်မှုတွေ အားကောင်းအောင်လုပ်ဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဇူလိုင် လ ၂၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၉/၂၀၂၃)ကို ဇူလိုင်၂၄ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်လုပ်ငန်းဆောင်ရွက်ချက်များအား ချပြ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီးနောက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ နိဂုံးချုပ် စကားပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်၊ Houston မြို့NUGအစိုးရအဖွဲ့ဝင်များ ရိုဟင်ဂျာလူမျိုးစုများနှင့် မြန်မာ Muslim Community အားတွေ့ဆုံ
ဇူလိုင်၂၄
အမေရိကန် နိုင်ငံ၊ Texas ပြည်နယ်၊ Houston မြို့NUGအစိုးရအဖွဲ့ဝင်များ၊ ရိုဟင်ဂျာလူမျိုးစုများနှင့် မြန်မာ Muslim Community
လူထုတွေ့ဆုံပွဲကို ဇူလိုင်၂၃ရက်တွင်ကျင်းပရာ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။
အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုဟင်ဂျာမူဝါအကြောင်း၊ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေ ဖျက်သိမ်းရေးပြင်ဆင်မှု၊ တရားမျှဖေါ်ဆောင်ရေးလုပ်ငန်းအပေါ် NUG ရဲ့ ရပ်တည်ချက်နှင့်ဆောင်ရွက်နေမှုများအကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်အခြေအနေများအား ရှင်းလင်းပြောကြားပြီး ရင်းနှီးပွင့်လွင်းစွာဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် နွေဦးတော်လှန်ရေးတွင် ရိုဟင်ဂျာများ၊ လူနည်းစုမြန်မာမူဆလင်များ၏ ပံ့ပိုးကူညီမှုကို ကျေးဇူးတင်ရှိကြောင်း၊ ဆက်လက် အင်တိုက်အားတိုက်ပါဝင်မှသာ မိမိတို့လိုချင်တဲ့ စစ်မှန်ပြည့်ဝတဲ့ လူ့အခွင့်အရေးကို အခြေတည်သော ဒီမိုကရေစီစနစိကို ရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးမိုးဇော်ဦးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့လည်း တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ ပြင်သစ်နိုင်ငံရောက် တော်လှန်ရေး မိသားစုဝင်များအားလုံးနှင့် ရင်းနှီးစွာ သတင်းစကားများဆွေးနွေးဖလှယ်ပွဲကျင်းပမယ်
ဇူလိုင်၂၄
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးမှ ပြင်သစ်နိုင်ငံရောက်တော်လှန်ရေး မိသားစုဝင်များအားလုံးနှင့် ရင်းနှီးစွာ သတင်းစကားများဆွေးနွေးဖလှယ်ပွဲကို လာမည့် ဇူလိူင်လ (၃၀) ရက်နေ့၊ တနင်္ဂနွေ၊ ညနေ (၇) နာရီတွင်ကျင်းပမှာဖြစ်ပါတယ်လို့ သိရှိရပါတယ်။
ကိုယ်စားလှယ်ရုံး၏ တစ်နှစ်တာဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခြင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ SDB အကြောင်းစိတ်ဝင်စားသူများရှိပါကလည်း တက်ရောက်မေးမြန်းနိုင်တယ်လို့ဆိုထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို Zoom မှတဆင့် ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ ID Code နှင့် Password ကို ပြင်သစ် ကိုယ်စားလှယ်ရုံး Messenger မှတဆင့် ဆက်သွယ်တောင်းယူနိုင်ကြောင်းအသိပေးကြေညာထားပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာ
ဇူလိုင်၂၄
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာတယ်လို့သိရပါတယ်။
ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ အရပ်ဒေသများကို ပစ်မှတ်ထား၍ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသောကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအနီး၌ အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်အုပ်စုက မဆာတွီကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၁၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ် ပေါင်း ၅၆ ခုထက်မနည်းမှာ လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဒီကာလအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ အရပ်သား ၆၉၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၇။ တန့်ဆည်၊ လမ်းဆုံမြို့တွင်း ကင်းလှည့်လာသော စကစနဲ့ပျူ ကား(၃)စီးအားတန့်ဆည်မြို့နယ် ပ.က.ဖ မှ ဝင်ရောက်ပစ်ခတ်၍စကစတပ်နဲ့ပျူ (၂) ဦးသေဆုံးပြီး ရန်သူ့ထံမှ Mark II ကား (၁)စီးသိမ်းဆည်းရမိ
စစ်ကိုင်းတိုင်း၊ တန့်ဆည်လမ်းဆုံမြို့တွင်း ကင်းလှည့်လာသော စကစနဲ့ပျူ ကား(၃)စီးအား တန့်ဆည်မြို့နယ် ပ.က.ဖ မှ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဇူလိုင်၂၄ရက်မှာ တန့်ဆည်ပကဖမှ ဖော်ပြပါတယ်။
ထိတွေ့မှုမှာ စကစနဲ့ပျူနှစ်ဦးသေဆုံးပြီးသုံးဦး ဒဏ်ရာရရှိကာ၊ ရန်သူ့ထံမှ Mark II ကား (၁)စီးသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ ဒိုက်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ(၃၀)တပ်ရင်းကို၁၀၇ မမ ရှော့တိုက်ဒုန်း (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ဦး ထိခိုက်ဒဏ်ရာ ရ
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ(၃၀)တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုန်း (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဇူလိုင်၂၄ရက်မှာ စစ်ရေးသတင်းကို ပဲခူးတိုင်းစစ်ဒေသခွဲက အတည်ပြုပါတယ်။
"ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ဘုရားကြီးကွင်းကျေးရွာအုပ်စု၊ ပျဉ်ပုံကြီးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ(၃၀)တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ၅ နှင့် Daik-U Defence Force (DDF) တို့ပူးပေါင်း၍ ဇူလိုင်လ (၂၃)ရက်နေ့ ည(၈:၀၀)နာရီအတိတွင် ၁၀၇ မမ ရှော့တိုက်ဒုန်း (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါရှော့တိုက်ဒုန်းပစ်ခတ်မှုကြောင့် ခလရ(၃၀) တပ်ရင်း၏ ကင်းဂိတ်နှင့် အဆောင်များကြားတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကနဦးသိရပါတယ်။
ရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲပြီး တစ်နာရီခန့်အကြာတွင် အဆိုပါတပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် တွေ့မြင်ရာကို သေနတ်များဖြင့် အတွဲလိုက် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment