၂၀၂၃ ဇူလိုင်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသမ္မတဟိုဆေး ရားမို့စ်ဟော်တာ ဖိတ်ကြား၍ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တရားဝင်တက်ရောက်
📌 ၂။ တီမောလက်စ်တေးနိုင်ငံ သမ္မတနဲ့ ဝန်ကြီးချုပ်ကို NUG ကာကွယ်ရေးဝန်ကြီး ချီးကျူး ဂုဏ်ယူ
📌 ၃။ အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ထုတ်ပြန်ချက်ကို ကြိုဆိုဝမ်းမြောက်ကြောင်းသဝဏ်လွှာ ကာကွယ်ရေးဝန်ကြီးဌာနပေးပို့
📌 ၄။ ပြည်သူအားလုံးဟာ နိူင်ငံရေးနဲ့သက်ဆိုင်ပြီး လက်နက်မဲ့ပြည်သူဆိုတာပဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
📌 ၅။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အဆို (၂၆၆၉)နောက်ဆက်တွဲအရေးယူမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်ရန် လိုအပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
📌 ၆။ ကလလတမှ NUGအစိုးရနဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ ပိုမိုပူးပေါင်းလုပ်ဆောင်သွားမယ်လို့ဆို
📌 ၇။ ကျောက်တံခါးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူမယ်
📌 ၈။ ရိုးမခေါ်သံ တပတ်တာအတွင်းမှာ အမေရိကန်ဒေါ်လာ ၇၇၀၀၀ ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသမ္မတဟိုဆေး ရားမို့စ်ဟော်တာ ဖိတ်ကြား၍ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တရားဝင်တက်ရောက်
ဇူလိုင်၁
ဇူလိုင်၁ရက်နေ့မှာ အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ကျင်းပခဲ့တာဖြစ်ပြီး အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ဖိတ်ကြား၍ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တရားဝင်တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံကိုယ်စားပြုကာ အစိုးရတစ်ရပ်အနေနဲ့တက်ရောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အရှေ့တီမောနိုင်ငံ သမ္မတဖြစ်သူ ဟိုဆေး ရားမို့စ်ဟော်တာကလည်း မိန့်ခွန်းပြောကြားရာမှာ နိုင်ငံခြားရေးဝန်ကြီးကို နှုတ်ဆက်စကားထည့်သွင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ တီမောလက်စ်တေးနိုင်ငံ သမ္မတနဲ့ ဝန်ကြီးချုပ်ကို NUG ကာကွယ်ရေးဝန်ကြီး ချီးကျူး ဂုဏ်ယူ
ဇူလိုင်၁ရက်
တီမောလက်စ်တေးနိုင်ငံ သမ္မတနဲ့ ဝန်ကြီးချုပ်ကို NUG ကာကွယ်ရေးဝန်ကြီး ချီးကျူး ဂုဏ်ယူခဲ့ပါတယ်။
ဇူလိုင်၁ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လူမှုကွန်ရက်မှာရေးသားဆိုပါတယ်။
"J Ramos-Horta နဲ့ Maun Bot Xananaတော်လှန်ရေးသမားဘဝမှာလည်း သူတို့နှစ်ယောက် အတူတူ။ အခု တစ်ယောက်က သမ္မတ ၊ တစ်ယောက်က ဝန်ကြီးချုပ်။ သူတို့နှစ်ယောက်ရဲ့ တရားဝင် ဖိတ်ကြားချက်အရ ဒီနေ့ကျင်းပတဲ့ တီမောလက်စ်တေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဇူလိုင်၁ရက်နေ့ အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲသမ္မတဟိုဆေး ရားမို့စ်ဟော်တာဖိတ်ကြား၍ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တရားဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
========================
📌📌 ၃။ အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ထုတ်ပြန်ချက်ကို ကြိုဆိုဝမ်းမြောက်ကြောင်းသဝဏ်လွှာ ကာကွယ်ရေးဝန်ကြီးဌာနပေးပို့
ဇူလိုင်၁ရက်
အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ထုတ်ပြန်ချက်ကို ကြိုဆိုဝမ်းမြောက်ကြောင်းသဝဏ်လွှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့ခဲ့ပါတယ်။
အကြမ်းဖက် (စကစ) စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ဇူလိုင် ၁ ရက်နေ့ရက်စွဲဖြင့် သဘောထားကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ဆိုပါတယ်။
ကလလတ ဗဟိုကော်မတီ၏ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်သည့် ယခု ကြေညာချက်သည် လွယ်ကူစွာ ဆုံးဖြတ်ပြီး ထွက်ပေါ်လာသော ကြေညာချက်တစ်ခု မဟုတ်ကြောင်း မိမိတို့ အထူး သတိပြုမိသည်နှင့် တပြိုင်တည်းတွင် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ရန် အရေးပါသည့် ဖြစ်ထွန်းတိုးတက်မှုတစ်ခုကို သမိုင်း၏တောင်းဆိုချက် အရ ဖော်ဆောင်ခြင်း ဖြစ်သည်ဟုလည်း လေးနက်စွာ ခံယူပါတယ်လို့ဆိုပါတယ်။
ကရင်နီပြည်(ကယားပြည်နယ်) အတွင်း သံလွင်အရှေ့ဘက်ခြမ်းရှိ စစ်ရေးအချက်အခြာ နေရာများကို ကလလတနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့်အပေါ်လည်း မိမိတို့အနေဖြင့် အထူးပင် ဂုဏ်ယူပါတယ်လို့ဆိုပါတယ်။
စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနိုင်ရန် မြန်မာနိုင်ငံရှိ လူမျိုးစု လက်နက်ကိုင် အဖွဲ့ အစည်းများအားလုံး ပူးပေါင်းပါဝင်ကြပါရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းပန်ကြားပါတယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၄။ ပြည်သူအားလုံးဟာ နိူင်ငံရေးနဲ့သက်ဆိုင်ပြီး လက်နက်မဲ့ပြည်သူဆိုတာပဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို
ဇူလိုင်၁ရက်
ဇူလိုင်၁ရက်နေ့ထုတ် “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတင်းလွှာ”မှာ ပြည်သူအားလုံးဟာ နိုင်ငံရေးနဲ့ သက်ဆိုင်ပြီး လက်နက်မဲ့ပြည်သူဆိုတာပဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က စကားသံမှာဖော်ပြပါရှိပါတယ်။
"နိူင်ငံရေးနဲ့မဆိုင်တဲ့ ပြည်သူဆိုတာ မရှိဘူး။ လက်နက်မဲ့ပြည်သူဆိုတာပဲရှိတယ်။ နိုင်ငံရေးမှာ ပြည်သူတိုင်းက တစ်နည်းနည်းနဲ့ ပတ်သက်နေတာချည်းပါ"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ နိုင်ငံတော်အာဏာကို စစ်တပ်က လုယူပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားတဲ့ ကျောင်းသားလူငယ်နဲ့ အရပ်သားပြည်သူများကို အကြမ်းဖက်စစ်တပ်ဟာ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၅။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အဆို (၂၆၆၉)နောက်ဆက်တွဲအရေးယူမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်ရန် လိုအပ်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
ဇူလိုင်၁
ဇွန်လ ၃၀ ရက်မှာ ကျင်းပတဲ့ ကာကွယ်မှုပေးရန်တာဝန်ရှိမှု (Responsibility to Protect) နှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အဆို (၂၆၆၉)နောက်ဆက်တွဲအရေးယူမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်ရန် လိုအပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း ကပြောပါတယ်။
"မြန်မာပြည်သူများသည် လူသားမဆန်သည့် စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်၍ တိုင်းရင်းသား အားလုံး၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်အုပ်ချုပ်မှုအောက်တွင် တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်၍ လူ့အခွင့်အရေးကို လေးစားသည့် နိုင်ငံကို ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ထားကြောင်း၊ သို့ရာတွင် နိုင်ငံတကာအသိုက်အဝန်း၏ လုံလောက်မှုမရှိသည့် အရေးယူမှုဖြင့် စစ်တပ်သည် ဆိုးဝါးသည့် နိုင်ငံတကာပြစ်မှုများကို ပြစ်ဒဏ်ကျသင့်ခံရခြင်း မရှိဘဲ ဆက်လက်ကျူးလွန်နေကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အဆို (၂၆၆၉) ချမှတ်ပြီးနောက်ပိုင်း ပြီးခဲ့သည့် (၆) လတာ ကာလအတွင်း စစ်တပ်သည် ၎င်း၏ တိုက်ခိုက်အကြမ်းဖက်မှုများကို အရှိန်မြှင့်တင်ခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်အဆို၏ နောက်ဆက်တွဲအရေးယူမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်ရန် လိုအပ်နေကြောင်း"ဆိုခဲ့ပါတယ်။
ဒါ့အပြင် လူသားမဆန်သည့် စစ်တပ်ကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးစုနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ ပြည်သူများအပေါ် ဆက်လက်ကျူးလွန်ရန် အသုံးပြုသည့် လက်နက်နှင့် နည်းပညာများ ထောက်ပံ့ခြင်း မပြုရန်၊ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန် ခြိမ်းခြောက်မှုပြုနေသည့် စစ်တပ်အား ငွေကြေး ကူညီထောက်ပံ့မှုမပြုရန် စသည်တို့ကို သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၆။ ကလလတမှ NUGအစိုးရနဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ ပိုမိုပူးပေါင်းလုပ်ဆောင်သွားမယ်လို့ဆို
ဇူလိုင်၁ရက်
ဇူလိုင်၁ရက်မှာ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ရဲဘော်လောရင်းစိုး က NUGအစိုးရနဲ့ နိုင်ငံရေးအရရော စစ်ရေးအရပါ ပိုမိုပူးပေါင်းလုပ်ဆောင်သွားမယ်လို့ radio NUG ကိုပြောပါတယ်။
“နိုင်ငံရေးအရရော စစ်ရေးအရရော အကုန်လုံးပူးပေါင်းဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ဒီအာဏာသိမ်းပြီးတော့ CRPH စပေါ်ကတည်းက စပြီးတော့ နိုင်ငံရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တောက်လျောက်လုပ်လာခဲ့ပါတယ်။ အခု ကျွန်တော်တို့ အရင်ကာလတုန်းက ကျွန်တော်တို့ ဒီကနေ့ တရားဝင်ထုတ်ဖော်ပြောလို့ရပီအနေအထားမျိုးမှာ ကျွန်တော်တို့ ဘာမဆို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ဟာတွေမှာလည်း ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်။ ကျွန်တော်တို့ ယုံကြည်သက်ဝင်မှုက အဓိကမဟုတ်ဘူးဗျ။ အဓိကတော့ လူထုရဲ့သက်ဝင်ယုံကြည်မှုပဲ။ လူထုရဲ့အဆုံးအဖြတ်နဲ့ပဲ ကျွန်တော်တို့က အကောင်အထည်ဖော်မှာဖြစ်တယ်။ လူထုကအဓိကပါဗျ။ “
ဇူလိုင်၁ရက်နေ့ ဗဟိုကော်မတီ ကရင်နီပြည်လူမျိုးပေါင်းစုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က သဘောထားကြေညာချက် (၁/၂၀၂၃) ကိုထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ကလလတအနေနဲ့ စစ်ရေးအရဆောင်ရွက်မှုတွေကို တရားဝင်အတိအလင်းဆောင်ရွက်ဖို့ အချိန်ကျပြီလို့ ဆိုထားပါတယ်။
ကရင်နီပြည်ထဲက ဒေသတစ်ခုဖြစ်တဲ့ သံလွင်အရှေ့ ဘက်ခြမ်းက တောင်လှ၊ မယ်တနွယ်၊ ဘီပီ ၁၄၊ မယ်စဲ့တို့မှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က စကစနဲ့ စတင်ပစ်ခတ်ခဲ့ပြီးနောက် ကလ လလတဟာနွေဦးတော်လှန်ရေးထဲ လက်နက်ကိုင်ပါဝင်လာခဲ့ပါတယ်။
========================
📌📌 ၇။ ကျောက်တံခါးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူမယ်
ဇူလိုင်၁ရက်
ဇူလိုင်၁ရက်မှာ ပကဖ တပ်ဖွဲ့ဝင်သစ်များ ခေါ်ယူမည့်အကြောင်းအရာကို ကျောက်တံခါးပကဖကအသိပေးဆိုပါတယ်။
ကျောက်တံခါးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်သစ်များ ခေါ်မည်ဖြစ်ပြီး စစ်ရေးသင်တန်းများ ပေးအပ်မည်ဖြစ်ပါ၍ မိမိတို့ဒေသ သက်ဆိုင်ရာ ပကဖ အဖွဲ့ဝင်များနှင့်ချိတ်ဆက်၍ စာရင်းပေး တင်သွင်းကြပါရန် ဖိတ်ခေါ်အပ်ပါတယ်လို့ဖော်ပြပါတယ်။
တက်ရောက်မည့်သင်တန်းသားများရဲ့ လုံခြုံရေးကို အထူးအလေးထား၍ စုံစမ်းမေးမြန်းမှုများကို ရဲဘော်အသစ်များဘက်မှ လက်ခံရမည်ဖြစ်ကာ အသက် ၄၀ အောက် အမျိုးသား/ အမျိုးသမီး စစ်သင်တန်းကို အနည်းဆုံး ၄၅ ရက် တက်ရောက်နိုင်သူ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမယ်လို့ဆိုပါတယ်။
သင်တန်းကာလ ပြီးသည့်အခါ ကျောက်တံခါးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်ဖြစ်ပြီး သင်တန်းကာလအတွင်း စစ်ကောက်စီနှင့် ပက်သက်မှု စစ်ဆေးတွေ့ရှိပါက NUG စစ်ဥပဒေများအတိုင်း ဆုံးဖြတ်မယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ရိုးမခေါ်သံ တပတ်တာအတွင်းမှာ အမေရိကန်ဒေါ်လာ ၇၇၀၀၀ ရရှိ
ဇူလိုင်၁ရက်
ရိုးမခေါ်သံ တစ်ပတ်တာအတွင်းမှာ အမေရိကန်ဒေါ်လာ ၇၇၀၀၀ ရရှိခဲ့တယ်လို့ ဇူလိုင်၁ရက်နေ့မှာ ရိုးမခေါ်သံ ကမ်ပိန်းက အသိပေးဖော်ပြပါတယ်။
"Day-7 ဆိုတဲ့ တစ်ပတ်တာမှာ USD 77,000 ဆိုတဲ့ ပမာဏတစ်ခုတော့ ရလာပါပြီ။ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ တပ်ရင်း တပ်ဖွဲ့အင်အားကလည်းများ၊ ဗျူဟာကျကျ ထိုးဖောက်မယ့် ရဲဘော်တွေအတွက် လိုအပ်ချက်ကလည်းများတော့ သိန်းဂဏန်းထိ ရောက်အောင် ဆက်ဆွဲကြရအောင်"လို့ဆိုပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment