၂၀၂၃ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီဟာ ပိုက်ဆံကို ဘုံးပေါလအောရိုက်ထုတ်သည့်တိုင်အောင် အကြပ်အတည်းဆိုက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
📌 ၂။ ကျောင်းသားလူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းအား အကြမ်းဖက်စစ်တပ်မှ တာ၀န်ခံရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်
📌 ၃။ ကျောင်းသား တက်ကြွလှုပ်ရှားသူများဟာ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ရန်သူစာရင်းတွင် အမြဲရှိနေတယ်လို့ဆို
📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ခွန်းစောဖူးက ကတိသစ္စာပြု ကျမ်းသစ္စာဆို
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြာက်ရေးအတွက် ကြိုးပမ်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆုံးဖြတ်
📌 ၆။ အကြမ်းဖက် စကစတပ်နဲ့ ဖယ်ခုံPDFတို့ ၈ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ၁ဦးအပါအဝင် ၁၃ ဦးသေဆုံး
📌 ၇။ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရေယာဥ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ရွှေကုန်းရွာမှ ပြည်သူ ၅ ဦး ထိမှန်ကာ တစ်ဦးစိုးရိမ်ရ
📌 ၈။ ကချင်ပြည်နယ်သို့ စစ်လက်နက် ရိက္ခာ ဖြည့်တင်းရန်လာသော အကြမ်းဖက် စကစ သင်္ဘောများ ဆန်တက်လာ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်အရပ်သားပြည်သူများကို KPDFအရေးပေါ်သတိပေး
📌 ၉။ ဆက်လက်ပြီး မကြေးမုံပေးပို့လာတဲ့ အရန်ဆန်ရောင်းမယ့် အစီအစဉ်က ပြင်ပထက်ဈေးသက်သာပြီး လက်လှမ်းမှီရန် လိုအပ်တဲ့သတင်းကို တင်ဆက်ပေးချင်ပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီဟာ ပိုက်ဆံကို ဘုံးပေါလအောရိုက်ထုတ်သည့်တိုင်အောင် အကြပ်အတည်းဆိုက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို
ဇူလိုင်၂၉
စစ်ကောင်စီဟာ ပိုက်ဆံကို ဘုံးပေါလအောရိုက်ထုတ်သည့်တိုင်အောင် အကြပ်အတည်းဆိုက်နေပြီလို့ NUG စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။
"သူတို့ဟာ ပိုက်ဆံကို ဘုံးပေါလအောရိုက်ထုတ်သည့်တိုင်အောင် အကြပ်အတည်းဆိုက်နေပြီ။ သူတို့အသုံးစရိတ်တွေက တအားများနေပြီ။အဲဒီအသုံးစရိတ်တွေကလည်း သူတို့သက်ဆိုးရှည်စေဖို့ ပြည်သူအပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆမတန်လုပ်ဆောင်စေဖို့ တိုးမြင့်လုပ်ဆောင်ဖို့ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နှစ်နှစ်တာကာလအတွင်း ရိုက်နှိပ်တဲ့ငွေစက္ကူပေါင်းမြန်မာငွေ ကျပ်ဘီလီယံပေါင်း နှစ်သောင်းရှိခဲ့ပါတယ်။
လက်ရှိ ဇူလိုင်လကုန်တွင်လည်း နှစ်သောင်းတန်ငွေစက္ကူသစ်များကို အကြမ်းဖက်စစ်ကောင်စီဟာ ရိုက်နှိပ်ထုတ်ဝေမှာဖြစ်ပါတယ်။
========================
📌📌 ၂။ ကျောင်းသားလူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းအား အကြမ်းဖက်စစ်တပ်မှ တာ၀န်ခံရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်
ဇူလိုင်လ (၂၉) ရက်
ကျောင်းသားလူငယ်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းအား အကြမ်းဖက်စစ်တပ်မှ တာ၀န်ခံရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက
ဇူလိုင်၂၉ရက်မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့၊ နံနက်(၄ နာရီ ၄၅ မိနစ်) ခန့်တွင် စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်၊ ညောင်ကန်ကျေးရွာရှိ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းသို့ ကျောင်းသား လူငယ်များကို သတ်ဖြတ်ရန်ကြံရွယ်၍ အကြမ်းဖက်စစ်တပ်မှ အင်အားသုံးကာ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရပါတယ်။ စစ်ရာဇ၀တ်မှုများကို အဆက်မပြတ် ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စုသည် ဘုတလင် မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်)နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ထို့ပြင် သက်သေများ ဖျောက်ဖျက်ရန် ကြံစည်၍ ရုပ်အလောင်းများကို မီးရှို့ခဲ့ကြပြီး ကြွင်းကျန်ရစ်သော ရုပ်အလောင်းများတွင် ကိုသုတနေမှာ အရှင်လတ်လတ် လျှာဖြတ်ခံရသည့် ဒဏ်ရာ၊ ရင်ညွန့်တွင် ဓားထိုးသွင်းဒဏ်ရာများဖြင့် ရက်စက်စွာ အသတ်ခံခဲ့ရသည့် အနေအထားကို တွေ့ရှိရတယ်လို့ဆိုပါတယ်။
မတရားသတ်ဖြတ်ခံခဲ့ရသည့် အဆိုပါကျောင်းသားများသည် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် နွေဦးတော်လှန်ရေးတွင် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့သည့်အပြင် ၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ကို အောင်မြင်စွာ ကြိုးပမ်းဖြေဆိုထားကြသော ကျောင်းသားများလည်း ဖြစ်ကြတယ်လို့ဆိုပါတယ်။
ထိုသို့ ပြစ်မှုကင်းစင်သည့် ပညာတတ်ကျောင်းသားလူငယ်များကို အဆက်မပြတ် ရက်စက် ကြမ်းကြုတ်လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ကျူးလွန်သမျှ မတရားမှုတိုင်းအတွက် တာ၀န်ခံရမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား အသိပေးထုတ်ပြန်လိုက်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ ကျောင်းသား တက်ကြွလှုပ်ရှားသူများဟာ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ရန်သူစာရင်းတွင် အမြဲရှိနေတယ်လို့ဆို
ဇူလိုင်၂၉
ကျောင်းသား တက်ကြွလှုပ်ရှားသူများဟာ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ရန်သူစာရင်းတွင် အမြဲရှိနေတယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက Twitterမှာ ရေးသားထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ညောင်ကန်ရွာရှိ ရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ကျောင်းသား သမဂ္ဂ ၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ကျောင်းသား တက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံတွင် စစ်တပ်၏ ရန်သူစာရင်းတွင် အမြဲရှိနေပါတယ်"လို့ဆိုထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် နံနက် ၄ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် ညောင်ကန်ရွာရှိ ဘုတင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ရုံးခန်းနေရာကို ဝင်ရောက်စီးနင်းခဲ့ရာ သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့သည် စစ်ကောင်စီတပ်သားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။
========================
📌📌 ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ခွန်းစောဖူးက ကတိသစ္စာပြု ကျမ်းသစ္စာဆို
ဇူလိုင်၂၉
ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၀/၂၀၂၃)ကို ကျင်းပခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ခွန်းစောဖူးမှ ကတိသစ္စာပြု ကျမ်းသစ္စာဆိုခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က တက်ရောက်လာသည့် CRPH အဖွဲ့ဝင်များနှင့် ရေးရာကော်မတီအဖွဲ့ဝင်များအား အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “လက်ရှိပြောင်းလဲနေတဲ့ အခြေအနေမျိုးမှာ သတင်းအချက်အလက်တွေကို မျက်ခြေမပြတ် ကြည့်ပြီးတော့ အင်မတန်အရေးကြီးတဲ့ အခြေအနေမျိုးရှိတယ်ဆိုတာ အားလုံးလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် အပ်နှင်းခြင်းခံရသော ခွန်းစောဖူးမှ ကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုကျမ်းသစ္စာဆိုခြင်းလုပ်ဆောင်ခဲ့ပါတယ်။
ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ဥပဒေရေးရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ NUCC ရေးရာကော်မတီနှင့် ပညာရေးကော်မတီများက ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြကာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများက ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ခွန်းစောဖူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြာက်ရေးအတွက် ကြိုးပမ်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆုံးဖြတ်
ဇူလိုင်၂၉
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလဒုတိယအကြိမ် အစည်းအဝေးကို စတင်ကျင်းပခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများနှင့် နိုင်ငံတကာဆက်ဆံရေးအကြံပေးအဖွဲ့တို့ စုစုပေါင်း (၉၂) ဦး တက် ရောက်ခဲ့ကြပါတယ်။
ဗဟိုအလုပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဗဟိုကော်မတီအသီးသီးမှ အကြံပြုစာတမ်းများ၊ ဗဟိုရေးရာ ကော်မတီများ၏ အကြုံပြုစာတမ်းများကို တင်သွင်းခြင်း ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီ အစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြာက်ရေးအတွက် ကြိုးပမ်းရန်၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရန် တိုင်းရင်းသား အရေးဆိုင်ရာ ကော်မတီ တစ်ရပ်ကို တိုးချဲ့ဖွဲ့စည်းရန် စသည်တို့ကို အတည်ပြုနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၆။ အကြမ်းဖက် စကစတပ်နဲ့ ဖယ်ခုံPDFတို့ ၈ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ၁ဦးအပါအဝင် ၁၃ ဦးသေဆုံး
ဇူလိုင်၂၉ရက်
အကြမ်းဖက် စကစတပ်နဲ့ ဖယ်ခုံPDFတို့ ၈ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ၁ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့တယ်လို့ ဇူလိုင်၂၉ရက်မှာ စစ်ရေးသတင်းကို PK- PDF (1002) တပ်ရင်းက အတည်ပြုပါတယ်။
ဇူလိုင်၂၁ရက် အကြမ်းဖက်စစ်ကောင်စီမှ အင်အား (၅၀) ဝန်းကျင်ဖြင့် စက်တော်ရွာမှ ခေါင်းအိစေတီကုန်းသို့ စစ်ကြောင်းထိုးစစ်ဆင်လာခဲ့ပါတယ်။ ထိုသို့ထိုးစစ်ဆင်မှုတွင် ဖယ်ခုံPDF (1002)တပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းတွင် ဖယ်ခုံPDF(1002)တပ်ရင်းနှင့်အတူ KRU ၊ အမှတ် 1009( IPDF) ၊ 1008 ၊ 1005 ၊ 1003၊ DMO 1106 နှင့် ရှမ်းတောင် Drone တပ်ဖွဲ့SSDF စသည့်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ မခံနိုင်တော့ဘဲ ဇူလိုင် ၂၈ရက်နေ့ မနက်၁နာရီအချိန်တွင် ဆုတ်ခွာသွားခဲ့ပြီးတိုက်ပွဲအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိတစ်ဉီးအပါအဝင် ၁၃ဦး သေဆုံးကာအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၇။ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရေယာဥ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ရွှေကုန်းရွာမှ ပြည်သူ ၅ ဦး ထိမှန်ကာ တစ်ဦးစိုးရိမ်ရ
ဇူလိုင်၂၉
ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ရေယာဥ်များ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆားလင်းကြီးမြို့နယ် ရွှေကုန်းရွာမှ ပြည်သူ ၅ ဦး ထိမှန်ကာ တစ်ဦးစိုးရိမ်ရတယ်လို့ ဇူလိုင်၂၉ရက်မှာ ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းက အသိပေးဆိုထားပါတယ်။
"စကစ သင်္ဘော ၆ စီးသည် ချင်းတွင်း မြစ်ကြောင်း အတိုင်း ဆန်တက်လာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ရွှေကုန်းရွာမှ ပြည်သူ ၅ ဦး ထိမှန် တစ်ဦးစိုးရိမ်ရပါတယ်။ ကာကွယ်ရေး ရဲဘော် ၃ ဦးလည်း ဒဏ်ရာရကာ မစိုးရိမ်ရကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ဇူလိုင်၂၉ရက် ညနေပိုင်းမှာ စကစတပ်များက ရေယာဥ်ပေါ်ကနေပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၈။ ကချင်ပြည်နယ်သို့ စစ်လက်နက် ရိက္ခာ ဖြည့်တင်းရန်လာသော အကြမ်းဖက် စကစ သင်္ဘောများ ဆန်တက်လာ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်အရပ်သားပြည်သူများကို KPDFအရေးပေါ်သတိပေး
ဇူလိုင်၂၉
ကချင်ပြည်နယ်သို့ စစ်လက်နက်ရိက္ခာ ဖြည့်တင်းရန်လာသော အကြမ်းဖက် စကစ သင်္ဘောများ ဆန်တက်လာ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ အရပ်သားပြည်သူများအား အရေးပေါ်သတိပေးချက်တစ်ရပ်ကို ဇူလိုင်၂၉ရက်မှာ မြို့လှK-PDF တပ်ရင်းက ထုတ်ပြန်ခဲ့ပါတယ်။
"ဇူလိုင်၂၇ ရက်နေ့ မန္တလေး ဂေါးဝိန်ဆိပ်ကမ်းမှ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ပစ္စည်းများနှင့် ရိက္ခာများတင်ဆောင်လာသည့် သင်္ဘောများဟာ မန္တလေးဂေါးဝိန်ဆိပ်ကမ်းမှ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ ဆန်တက်လာမှာဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီရိက္ခာတင်သင်္ဘောများဟာ ဧရာဝတီမြစ် ကမ်းဘေးတစ်လျှောက် ရမ်းသမ်းပစ်ခတ်၍ ဆန်တက်လာသည်ဟု သတင်းရရှိပါတယ်"လို့ဆိုပါတယ်။
စစ်အုပ်စုရေယာဥ်များဟာ ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ဘက်သို့ ရောက်လာတော့မှာဖြစ်သည့်အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် ရွာများတွင်နေထိုင်ကြသည့် မိဘပြည်သူများအား သတင်းများနားစွင့်လျှက် သတိဖြင့်ခေတ္တရှောင်တိမ်းနေထိုင်နိုင်ကြရန် မြို့လှK-PDF တပ်ရင်းအနေဖြင့် မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။
လက်နက်ရိက္ခာပစ္စည်း တန်ချိန် (၁၅၀၀) ကိုအကြမ်ဖက်စစ်ကောင်စီအသုံးပြုနေသည့် (ပြဒါးရှင်၊ ပြဒါးပျံ၊ ပွင့်ဖြူ၊ ပတိုင်း၊ ပေါက်တန်း/ပုံညာ)ရိက္ခာ သင်္ဘော (၆)စီးနှင့် ကမ်းကူးသင်္ဘော (၁)စီး တိုက်သင်္ဘော (၂)စီး ပေါင်း သင်္ဘော (၉)စီးတို့ မြစ်ကြောင်းအတိုင်း ဆန်တက်လာခြင်းဖြစ်ပါတယ်။
========================
📌📌 ၉။ ဆက်လက်ပြီး မကြေးမုံပေးပို့လာတဲ့ အရန်ဆန်ရောင်းမယ့် အစီအစဉ်က ပြင်ပထက်ဈေးသက်သာပြီး လက်လှမ်းမှီရန် လိုအပ်တဲ့သတင်းကို တင်ဆက်ပေးချင်ပါတယ်။
ဆန်စပါးဈေးနှုန်းတွေ တည်ငြိမ်ဖို့ ဆန်ပြည်ပတင်ပို့သူတွေနဲ့ ပူးပေါင်းပြီး ဈေးကွက်ထဲသို့ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ထုတ်ရောင်းသွားမယ်လို့ ဆန်စပါးအသင်းချုပ်က ဇူလိုင်လ ၂၈ရက်နေ့ညနေပိုင်းမှာ ကြေငြာလိုက်ပါတယ်။ ဆန်ကြမ်း ၂၅မှတ်ပါဝင်တဲ့ ၅၀ကီလိုဂရမ်ပါ အိတ်ရေ ငါးသောင်းကို ကနဦးရောင်းချသွားမယ်လို့သိရပြီး ရောင်းချမယ့်နေရာနဲ့ ဈေးနှုန်းကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။
ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာအလိုက် ဆန်ဖူလုံမှုရှိနေပြီး ပြည်ပတင်ပို့မှုကိုလည်း ဆန်သိုလှောင်ရုံများအား ပုံမှန်စစ်ဆေးတာတွေ ပြုလုပ်ပြီး ရရှိတဲ့ စာရင်းဇယားပမာဏတွေအရ ဆန်ပြည်ပတင်ပို့တဲ့လုပ်ငန်းကို စနစ်တကျဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ ဒါကြောင့် စားသုံးသူများအနေနဲ့ ဆန်ဝယ်ယူစု ဆောင်းတာတွေ စိုးရိမ်စိတ်များဖြစ်စရာမလိုပဲ လိုအပ်မှသာဝယ်ယူဖို့ မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၈ရက်က ဆန်ကုန်သည်အသင်းရဲ့ထုတ်ပြန်ချက်အရ ဧည့်မထ ၂၅မှတ် အကြမ်းတစ်အိတ်ကို အနည်းဆုံး ကျပ် ငါးသောင်းရှစ်ထောင်မှ ကျပ်ခြောက်သောင်းအထိပေါက်ဈေးရှိနေပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့တစ်နှစ်တာကာလကစလို့ ဆန်ဈေးတွေက ခုနှစ်ဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လက်ရှိအချိန်ထိ ဆန်အမျိုးအစားအလိုက် ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။ လတ်တလောမှာ ပြည်ပတင်ပို့နေတဲ့ ဆန်ကြမ်းတွေအပါအဝင် ဆန်ချောဈေးတွေက ကမ္ဘာ့ပေါက်ဈေးထက် မြင့်တက်နေတဲ့အတွက် ဆန်ပြည်ပတင်ပို့သူတွေ အကျိုးအမြတ်မရှိပဲ ပြည်ပဆန် တင်ပို့တဲ့လုပ်ငန်းတွေလည်း ကျဆင်းနေပါတယ်။ ဒါကြောင့် ဆန်စပါးအသင်းချုပ်က ထုတ်ရောင်းလာတဲ့ အရန်ဆန်ဈေးနှုန်းတွေက အများပြည်သူအကျိုးအတွက် ပြင်ပပေါက်ဈေးထက် သက်သာလာမလား၊ အများပြည်သူ လက်လှမ်းမှီနိုင်တဲ့ အနီးဆုံး နေရာအထိ ရောင်းချနိုင်မလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ မကြေးမုံတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment