၂၀၂၃ ဇူလိုင်လ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီ၏တပ်အင်အားတွေ နေ့စဥ်နဲ့အမျှ ဆုံးရှုံးနေသလို နယ်မြေထိန်းချုပ်နိူင်မှုမှာလည်း နည်းလာတဲ့အခြေအနေမှာရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
📌 ၂။ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ချင်းတိုင်းရင်းသားများနဲ့လူထုတွေ့ဆုံပွဲမှာဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်ဝန်ကြီးဦးထင်လင်းအောင်တို့တက်ရောက်
📌 ၃။ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ လူထုတွေ့ဆုံပွဲ ကျင်းပမည်
📌 ၄။ Federal Wingsဒရုန်းတပ်ဖွဲ့မှ၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့
📌 ၅။ ပခုက္ကူ မှ အင်ပင်စစ်ဆေးရေးဂိတ်သို့လာသော စကစနဲ့ပျူများကို အဝေးထိန်း (GPS) မိုင်းဖြင့် တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီ၏တပ်အင်အားတွေ နေ့စဥ်နဲ့အမျှ ဆုံးရှုံးနေသလို နယ်မြေထိန်းချုပ်နိူင်မှုမှာလည်း နည်းလာတဲ့အခြေအနေမှာရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
ဇူလိုင်၃ရက်
ဇူလိုင်၁ရက်နေ့တွင် ကျင်းပသော ချင်းညွန့်ပေါင်းအဖွဲ့အစည်း ၂ နှစ်ပြည့် အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားခဲ့ပါတယ်။
"ယခုဆိုရင် စစ်ကောင်စီဟာ တပ်အင်အားများ နေ့စဥ်နဲ့အမျှ ဆုံးရှုံးနေသလို နယ်မြေထိန်းချုပ်နိူင်မှု အတော်လည်းနည်းလာတဲ့အခြေအနေမှာရှိနေပါပြီ။ အားလုံးသိထားပြီးတဲ့အတိုင်း ချင်းပြည်နယ်၊ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းဒေသများမှာ တော်လှန်ရေး အင်အားစုများရဲ့ စိုးမိုးထိန်းချုပ်နိူင်မှုအင်အားအလွန်ကောင်းနေပြီး ကရင်၊မွန်နဲ့မကွေးတို့မှာဆိုရင်လည်း နေ့စဥ်နဲ့အမျှ ကျနော်တို့တော်လှန်ရေး ဘက်တော်သားတွေ ရဲ့အောင်မြင်မှုကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့ တနင်္သါရီ၊ပဲခူး၊ရန်ကုန်၊ဧရာဝတီတို့မှာပါ ကျယ်ပြောတဲ့ထိုးစစ်တွေကို ခုခံနေရတဲ့အခြေအနေကိုရောက်ရှိနေပါပြီ"လို့ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း စကစတပ်ဖွဲ့ဝင် သုံးသောင်းကျော်သေဆုံးခဲ့ပြီးလက်နက်ချအလင်းဝင်လာသူများလည်း ဆက်တိုက်ရှိနေပြီလို့သိရပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ချင်းတိုင်းရင်းသားများနဲ့လူထုတွေ့ဆုံပွဲမှာဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်ဝန်ကြီးဦးထင်လင်းအောင်တို့တက်ရောက်
ဇူလိုင်၃
ဇူလိုင်၂ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ချင်းတိုင်းရင်းသားများနဲ့လူထုတွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားလိုက်ပါတယ်။
"မြန်မာနိူင်ငံမှာ စစ်အာဏာသိမ်းတယ်ဆိုတာဘယ်တော့မှမရှိရအောင် အခုလိုလူမျိုးကြီးဝါဒနဲ့ အုပ်ချုပ်တဲ့နိူင်ငံကနေ ဖက်ဒရယ်ဒီမိုကရေစီနိူင်ငံ ရောက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီနေ့ဒီတော်လှန်ရေးကို တစ်နိူင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသားတွေအကုန်လုံး ၊လူနည်းစု၊လူမျိုးစုအားလုံးပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်" ချင်းပြည်နယ်ဟာ ပထမဦးဆုံးလွတ်မြောက်ရမယ့်ဒေသဖြစ်သလို ဦးစားပေးပြီးလည်းကြိုးစားနေတယ်လို့ ဝန်ကြီးကဆိုပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားရာတွင် "ဒီကနေ့ မှာလူမျိုး၊အယူဝါဒဘာမှမရှိတော့ဘဲ အားလုံးဟာ တစ်သားတည်းဖြစ်နေပြီ။ဘုံရန်သူကိုတိုက်တဲ့နေရာမှာ ကျနော်တို့အားလုံးညီညွတ်နေပြီ။ကျနော်တို့အားလုံးဟာ တစ်သားတည်းဖြစ်နေပြီဆိုတာကို ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ လူငယ်တွေက ဦးဆောင်နေကြပြီး အဲဒါကိုပြနေကြတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် တူးမီးကနေစလာခဲ့တဲ့ တော်လှန်ရေးဟာ ခေတ်မီဒရုန်းများနဲ့ဗုံးကြဲနိုင်တဲ့အဆင့်ကိုရောက်ရှိနေပြီလို့ဆိုပါတယ်။
"တော်လှန်ရေးတစ်စုံလုံးကို ခြုံကြည့်လိုက်ရင် တော်လှန်ရေးနိူင်နိူင်တဲ့ရာခိုင်နှုန်းဟာ ၆၁ရာခိုင်နှုန်းရှိတယ်။စစ်ကောင်စီဘက်က ၃၉ရာခိုင်နှုန်းပဲရှိတယ်လို့ မေလအကုန်မှာတွက်ချက်ထားတဲ့ AIရဲ့တွက်ချက်မှုအရ ကျနော်တို့သိထားရတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကထပ်မံဆိုပါတယ်။
========================
📌📌 ၃။ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ လူထုတွေ့ဆုံပွဲ ကျင်းပမည်
ဇူလိုင်၃
ဇူလိုင်၉ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ မြန်မာနွယ်ဖွားများနဲ့ ရပ်နီးရပ်ဝေးမှ မိတ်ဆွေများတွေ့ဆုံသွားမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားသွားမှာ ဖြစ်ပြီးတော့ သိရှိလိုတာများကိုလည်းဖြေကြားသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသော NUGပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တို့မှလည်းလူထုတွေ့ဆုံပွဲများ ဆက်တိုက်တက်ရောက်လျက်ရှိပါတယ်။
========================
📌📌 ၄။ Federal Wingsဒရုန်းတပ်ဖွဲ့မှ၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့
ဇူလိုင်၃ရက်
ဇူလိုင်၃ရက်နေ့တွင် Federal Wings ၏ ၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွက် ပြည်သူလူထုအား အစီရင်ခံတင်ပြရာမှာ အခုလိုအသိပေးဖော်ပြထားပါတယ်။
"၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ပါတယ်။တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိမှုအမြောက်အများရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမ (၆) လတာ တိုက်ပွဲများအတွင်း Federal Wings တပ်ဖွဲ့ဝင် (၁) ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရတပ်ဖွဲ့ဝင် (၆) ဦးတွင် (၂) ဦးမှာ ဆေးကုသမှုများခံယူနေဆဲဖြစ်ပြီး ကျန်တပ်ဖွဲ့ဝင် (၄) ဦးမှာ သက်သာပျောက်ကင်းခဲ့ကြကာ သက်ဆိုင်ရာတော်လှန်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြဆဲဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ပထမ (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ပင်မအခြေပြုဒေသများဖြစ်သည့် ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများစတင်နိုင်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ပခုက္ကူ မှ အင်ပင်စစ်ဆေးရေးဂိတ်သို့လာသော စကစနဲ့ပျူများကို အဝေးထိန်း (GPS) မိုင်းဖြင့် တိုက်ခိုက်
ဇူလိုင်၃
ဇူလိုင်၂ရက် ည (၁၀)နာရီခွဲ ဝန်းကျင်ခန့်တွင် ပခုက္ကူ မှ အင်ပင်စစ်ဆေးရေးဂိတ်သို့လာသော စကစနဲ့ပျူများကိုတိုက်ခိုက်ခဲ့တယ်လို့ Young Force(UG) ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)ကအတည်ပြုဆိုပါတယ်။
"ဇူလိုင်၂ ရက်၊ည (၁၀)နာရီခွဲ ဝန်းကျင်ခန့်တွင် ပခုက္ကူ မှ အင်ပင်စစ်ဆေးရေးဂိတ်သို့လာသော (စခ၊ပခ)များကို အဝေးထိန်း (GPS) မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ပခုက္ကူမှကား(၅)စီးဖြင့်လာခြင်းဖြစ်ကြောင်း(ဖရဲသီး)ထံမှ သတင်းရရှိထားသော်လည်း စကစနဲ့ပျူ၊ပများမှာ ကားမစီးရဲဘဲကားများထား၍ကုန်းကြောင်းလာသော (စကစ)များအား ထပ်မံဧည့်ခံကျွေးမွေးခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပခုက္ကူ-မြိုင် ကားလမ်းမကြီးအားအသုံးပြုမည့် မိဘပြည်သူများအနေဖြင့် စစ်ရေး အသိ၊သတိ ရှိကြရန် နှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment