၂၀၂၃ ဇူလိုင်လ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ တူညီမှုတွေ အများကြီးရှိကာ ယူကရိန်းကို ကူညီမှုနည်းအတိုင်းကူညီသင့်တယ်လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများနှင့်မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများတွေ့ဆုံ
📌 ၃။ ရိုးမခေါ်သံ ကမ်ပိန်း၊ ရက်သတ္တပတ် ၂ ပတ်တွင်အမေရိကန်ဒေါ်လာ နှစ်သိန်းရရှိထားပြီး ကမ်ပိန်းကို လူတိုင်းပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီးများနှိုးဆော်အသိပေး
📌 ၄။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လူထုတွေ့ဆုံပွဲကို တော်လှန်ရေးအင်အားစုများတက်ရောက်ဖို့ဖိတ်ခေါ်ထား
📌 ၅။ လိုင်လင်းပီမြို့မှာ CDF-MARAနဲ့ စကစတပ်များထိတွေ့တိုက်ပွဲမှာ စကစဘက်က လေးဦးနေရာတင်သေဆုံးခဲ့
📌 ၆။ စစ်ကိုင်းခရိုင်၊မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ်ရဲစခန်းအား Air Bombများ၊Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်
📌 ၇။ MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို ပိတ်သိမ်းမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ တူညီမှုတွေ အများကြီးရှိကာ ယူကရိန်းကို ကူညီမှုနည်းအတိုင်းကူညီသင့်တယ်လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြောကြား
ဇူလိုင်၉ရက်
The Diplomat မဂ္ဂဇင်းတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက မြန်မာနဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ တူညီမှုတွေ အများကြီးရှိကာ ယူကရိန်းကို ကူညီမှုနည်းအတိုင်းကူညီသင့်တယ်လို့ ဆောင်းပါးရေးသားဖော်ပြရာတွင်ဆိုထားပါတယ်။
နိုင်ငံတကာ နိုင်ငံရေးနှင့် သံတမန်ရေးအရ ဖိအားများအပြင် သင့်လျော်သော ပိတ်ဆို့အရေးယူမှုများသည် ယူကရိန်းတွင် အသုံးပြုခဲ့သည့် ဗျူဟာများနှင့် အလားတူ ဤကိစ္စရပ်များအတွက် အသုံးဝင်ပါတယ်လို့ဝန်ကြီးကရေးသားထားပါတယ်။
"အခြေအနေတွေက ထပ်တူမကျနိုင်ပေမယ့် မြန်မာနဲ့ ယူကရိန်းမှာ ဖြစ်ပျက်နေတဲ့ တူညီမှုတွေ အများကြီးရှိပါတယ်။ အရေးကြီးဆုံးမှာ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် လွတ်လပ်ရေးတို့အတွက် ပိုမိုအားကောင်းသည့် အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးနီးပါးတွင် PDF များထံမှ စစ်ရေးအရ ခုခံမှုကို ရင်ဆိုင်နေရပြီး ၎င်း၏တပ်ဖွဲ့များကို အလွန်ပါးလွှာအောင် ဖြန့်ကြက်ထားရတဲ့အခြေအနေဆိုက်ရောက်နေတယ်လို့ ဆိုပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများနှင့်မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများတွေ့ဆုံ
ဇူလိုင်၉ရက်
ဇူလိုင်၈ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သော ဒေါက်တာဇော်ဝေစိုးနှင့် ဦးထင်လင်းအောင်တို့သည် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှမြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများ၏တွေ့ဆုံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ထို့နောက် မြန်မာနွယ်ဖွားတိုင်းရင်းသားမိသားစုများသိလိုသည့် သတင်းအချက်အလက်များကို ပြည်ထောင်စုဝန်ကြီးများကမျှဝေပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီးများဟာ အမေရိကန်ပြည်ထောင်စုကို အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေပြီး အမေရိကန်အစိုးရတာဝန်ရှိသူများအပါအဝင် လူထုတွေ့ဆုံပွဲများကို ဆက်တိုက်တွေ့ဆုံလျက်ရှိပါတယ်။
========================
📌📌 ၃။ ရိုးမခေါ်သံ ကမ်ပိန်း၊ ရက်သတ္တပတ် ၂ ပတ်တွင်အမေရိကန်ဒေါ်လာ နှစ်သိန်းရရှိထားပြီး ကမ်ပိန်းကို လူတိုင်းပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီးများနှိုးဆော်အသိပေး
ဇူလိုင်၉ရက်
ဇူလိုင်၉ရက်နေ့မှာ ရိုးမခေါ်သံကမ်ပိန်း၏ အသိပေးချက်အရ အမေရိကန်ဒေါ်လာ နှစ်သိန်းရရှိထားပြီလို့ သိရပါတယ်။
"ရိုးမခေါ်သံနဲ့အတူ အိမ်ပြန်ကြမယ်။ရိုးမခေါ်သံနဲ့အတူ စစ်တောင်းမြစ်ဝှမ်းကို ဖြတ်ကူးကြမယ်။ရိုးမခေါ်သံနဲ့တူရိုးမကို ဖြတ်ကျော်ကြမယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက် “ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။
"ပြည်ထောင်စုတစ်ဝှမ်းလုံးကလူတွေ ဝမ်းမြောက်ပျော်ရွှင်ရမယ့်နေ့ကိုရောက်အောင် ကျနော်တို့ကြိုးစားနေတယ်။အဲဒီနေ့ဟာ ကျနော်တို့အိမ်ပြန်ရောက်မယ့်နေ့ပါ။အခု ကျနော်တို့ အိမ်အပြန်လမ်းမကြီးပေါ်ရောက်နေကြပြီ"လို့ဆိုပါတယ်။
ရိုးမခေါ်သံကမ်ပိန်းရဲ့ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခုလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လူထုတွေ့ဆုံပွဲကို တော်လှန်ရေးအင်အားစုများတက်ရောက်ဖို့ဖိတ်ခေါ်ထား
ဇူလိုင်၉ရက်
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား မှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် လူထုတွေ့ဆုံပွဲသို့ တော်လှန်ရေးအင်အားစုများတက်ရောက်ဖို့ဖိတ်ခေါ်ထားကြောင်းကိုဇူလိုင်၉ရက်မှာ SanFranciscoBayAreaCommunityကအသိပေးဆိုထားပါတယ်။
တွေ့ဆုံပွဲကိုအားလုံးတက်ရောက်ဖို့ဖိတ်ခေါ်တယ်လို့ဆိုထားပြီး အစားအစာနှင့် အလှူငွေများ ပါဝင်လှူဒါန်းနိုင်တယ်လို့လည်းဆိုထားပါတယ်။
တွေ့ဆုံပွဲကိုဇူလိုင်၁၆ရက်နေ့ မွန်းလွဲ၁နာရီမှ၄နာရီအထိat Jefferson Union High School,699 Serramonte Blvd, Daly City,မှာကျင်းပမှာဖြစ်ပါတယ်။
အလားတူ ဇူလိုင်၁၁ရက်နေ့မှာ စက္ကရန်မင်တို ကယ်လိဖိုးနီးယားပြည်နယ် မြို့တော် ဖိုဆွန်အရပ်မှာ မြန်မာမိသားစုများနဲ့တွေ့ဆုံပွဲ တစ်ပွဲ ထပ်မံကျင်းပသွားမှာ ဖြစ်ပါတယ်။
ဇူလိုင်၁၄ရက်နေ့ Los Angeles မြန်မာပြည်ဖွားတို့နဲ့ တွေ့ဆုံဆွေးနွေးပွဲကို ထပ်မံတက်ရောက်မှာဖြစ်ပါတယ်။
တွေ့ဆုံပွဲတွင်ဝန်ကြီးကနွေဦးတော်လှန်ရေးအတွက်မြန်မာပြည်ဖွားတိုင်းရင်းသား မိသားစုတို့၏ ကူညီပံ့ပိုးမှုတို့ကို ကျေးဇူးတင်စကားပြောဆိုခြင်း၊နွေဦးတော်လှန်ရေး ၂ နှစ်ခွဲ ကာလအတွင်း လုပ်ငန်းဆောင်တာများနှင့် အမေရိကန်နိုင်ငံရောက် မြန်မာပြည်သူများ သလို၍မေးမြန်းသည်တို့ကို ရှင်းလင်းဖြေကြားပေးမည်ဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၅။ လိုင်လင်းပီမြို့မှာ CDF-MARAနဲ့ စကစတပ်များထိတွေ့တိုက်ပွဲမှာ စကစဘက်က လေးဦးနေရာတင်သေဆုံးခဲ့
ဇူလိုင်၉ရက်
ချင်းပြည်နယ် လိုင်လင်းပီမြို့မှာ CDF-MARAနဲ့ စကစတပ်များထိတွေ့တိုက်ပွဲမှာ စကစဘက်က လေးဦးနေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်၈ရက် မွန်းလွဲပိုင်းမှာ နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲမှာ နာရီဝက်ကြာဖြစ်ပွားခဲ့ပြီး စကစဘက်ကလေးဦးသေဆုံးကာ ငါးဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့CDF MARA ကဆိုပါတယ်။မြိုတွင်းရှိပြည်သူလူထုများရှိရာသို့ စကစတပ်က လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးကာ နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ရခြင်းမှာ စစ်ကောင်စီက ပြည်သူများအား ခြိမ်းခြောက်ခြင်း၊နှောက်ယှက်ခြင်း၊ မူးယစ်ရမ်းကားပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခြင်း ပြုလုပ်နေ၍ ဖြစ်သည်ဟုလည်းCDF-Maraကဆိုပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းခရိုင်၊မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ်ရဲစခန်းအား Air Bombများ၊Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်
ဇူလိုင်၉ရက်
ဇူလိုင်လ(၈)ရက်၊ မနက်(၁၀)နာရီ (၃၇)မိနစ်အချိန်တွင် စစ်ကိုင်းခရိုင်၊မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ်ရဲစခန်းအား Air Bombများ၊Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)MSPDFကဆိုပါတယ်။
ဇူလိုင်လ(၈)ရက်၊ မနက်(၁၀)နာရီ (၃၇)မိနစ်အချိန်တွင် စစ်ကိုင်းခရိုင်၊မြောင်မြို့နယ်အတွင်းရှိ ကျောက်ရစ်ရဲစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)MSPDF၊ MSDFတို့မှ ဦးဆောင်၍ Fixed Win Drone များအသုံးပြု၍ Air Bomb(၄)လုံး၊ MSPDFထုတ် တာဝေးပစ် Rocket (၁၀)လုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁)ဦးသေ ဆုံး၍ ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ပါတယ်။
စစ်ဆင်ရေးကိုစစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်းနှင့်အတူCHU PD၊မိတ္ထီလာခရိုင် တပ်ရင်း(၃)တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၇။ MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို ပိတ်သိမ်းမည်
MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို စင်ကာပူ UOBဘဏ်က ပိတ်သိမ်းမယ်လို့သတင်းရရှိပါတယ်။
MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို ၂၀၂၃ ဇူလှိုင် ၃၁ ရက်ကစပြီး စင်ကာပူ UOB ဘဏ်က လက်မခံတော့ဘဲ ၂၀၂၃ ဩဂုတ် ၁၅ ရက် နောက်ဆုံးထားပြီးပိတ်မယ်လို့ UOBဘဏ်က MAI ဆီ တရားဝင် အကြောင်းကြားလိုက်တာဖြစ်ပါတယ်။
MAIလေကြောင်လိုင်းဟာ စစ်ကောင်စီနဲ့ပတ်သက်ယှက်နွယ်မှုရှိပြီးတော့ MAI က သုံးနေတဲ့နောက်ထပ်ဘဏ်များဟာ စင်ကာပူ DBS ဘဏ်၊ထိုင်းနိူင်ငံ Kasikorn ဘဏ်၊ဒူဘိုင်း Emirates NDB ဘဏ်တို့ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းများအပါအဝင် စစ်ကောင်စီရဲ့မိသားစုဝင်များပိုင်ဆိုင်သည့် စီးပွားလုပ်ငန်းများကို နိူင်ငံတကာက ပိတ်ဆို့အရေးယူမှုများဆက်တိုက်လုပ်ဆောင်လျက်ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment