၂၀၂၃ သြဂုတ်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကချင်အာဇာနည်နေ့သို့ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့တက်ရောက်
📌 ၂။ (၄၈) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့
📌 ၃။ စစ်အာဏာရှင် အကြွင်းအကျန်မရှိစေရေးဖယ်ရှားပြီး ဖက်ဆစ်စစ်တပ် ရန်ပုံငွေကို ဖြတ်တောက်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား
📌 ၄။ နမ်ဆန်ယန်ဒေသ စစ်ပွဲနှင့်တနိုင်ငံလုံးမှ ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး ရဲဘော်များအားလုံးကို ကချင်အာဇာနည်နေ့မှာ လေးစားဂုဏ်ပြုလိုက်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရမှ သပိတ်အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDFအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး
📌 ၆။ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းတိုက်ပွဲ စကစဘက်က အများအပြားကျဆုံးကာ ရုပ်အလောင်းများလာရောက်ကောက်ယူခြင်းမရှိသေးဘူးလို့ ကျောက်တံခါး ပကဖဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကချင်အာဇာနည်နေ့သို့ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့တက်ရောက်
သြဂုတ်လ၁၀ရက်
သြဂုတ်လ၁၀ရက်တွင်ကျင်းပသော ကချင်အာဇာနည်နေ့သို့ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ အပါအဝင် NUGအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါတယ်။
အခမ်းအနားတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
"တစ်ချို့အဖွဲ့တွေက ကိုယ်ကျိုးစီးပွါးကြည့်ပြီး ကျဆုံးတော့မယ့် စစ်တပ်ကို အခြေပြန်ခိုင်အောင်လုပ်ပေးနေတယ်လို့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ပြောပါတယ်။
လတ်တလောမှာ စကစနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေသည့် တော်လှန်ရေးအင်အားစုအချို့လည်းရှိနေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၂။ (၄၈) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့
သြဂုတ်လ ၁၀ ရက်
သြဂုတ်လ၁၀ရက်မှာ (၄၈) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့ခဲ့ ကြောင်းကိုအသိပေးဖော်ပြပါတယ်။
တိုင်းပြည်နှင့်လူမျိုးတို့အတွက် အသက်ဉာဏ်စွမ်းတို့အား ပေးဆပ်ခဲ့ကြရသည့် အာဇာနည် သူရဲကောင်းအပေါင်းတို့ကို အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်နေ့များ သတ်မှတ်ကျင်းပခဲ့ကြရာ ယနေ့ (၄၈)နှစ် တိုင်ခဲ့ပြီဖြစ်သော ကချင်အာဇာနည်နေ့တွင် ခေတ်အဆက်ဆက် အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေးတို့အတွက် အသက်ပေးခဲ့ကြရသော ကချင်လူမျိုးများ၏ ဇာတိသွေး၊ ဇာတိမာန်နှင့် ကိုယ်ကျိုးစွန့် ပေးဆပ်အနစ်နာခံသော လေးစားဖွယ်ရာ စိတ်ဓာတ်တို့အား မိမိတို့အနေဖြင့် ဂုဏ်ယူစွာ အလေးအမြတ်ပြုလိုပါတယ်လို့ ဖော်ပြပါတယ်။
ယခုနွေဦးတော်လှန်ရေးတွင်လည်း ကချင်တမျိုးသားလုံးနှင့်ကချင်တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေးများ ရရှိနိုင်ရေးတို့အတွက်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့တွင် အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့် အင်တိုက်အားတိုက် စုစည်းမှုအသီးသီး ဖော်ဆောင်လျက် တိုက်ပွဲဝင်ရင်း တော်လှန်ရေးတာဝန်များအား မဆုတ်မနစ် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည့်အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်လို့ဆိုပါတယ်။
အာဏာရှင်စနစ်ဆိုးကြီး အကြွင်းအကျန်မရှိ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အားလုံးသော တော်လှန်ရေးအင်အားစု အသီးသီးနှင့် စုစည်းမှုအင်အား အရှိန်အဟုန်ကို တိုးမြှင့်လျက် မဆုတ်မနစ်ဇွဲလုံ့လထား၍ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအား ကြိုးစားတည်ဆောက်သွားမည် ဖြစ်ပါကြောင်း လေးနက် တည်ကြည်စွာ ကတိပြုရင်း (၄၈)နှစ်မြောက် ကချင်အာဇာနည်နေ့ သဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင် အကြွင်းအကျန်မရှိစေရေးဖယ်ရှားပြီး ဖက်ဆစ်စစ်တပ် ရန်ပုံငွေကို ဖြတ်တောက်ပစ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်ပြောကြား
သြဂုတ်လ၁၀ရက်
သြဂုတ်လ၉ရက်တွင် ကျင်းပသောအမျိုးသားညီညွတ်ရေးအစိုးရမှ ဦးဆောင်၍ သပိတ်အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDFအဖွဲ့များမှ ဘဏ္ဍာရေးတိုက်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာမှာ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိူင်က အခုလိုပြောကြားခဲ့ပါတယ်။
"တော်လှန်ရေးသည် ရည်မှန်းထားသည့် စစ်အာဏာရှင် အကြွင်းအကျန် မရှိစေရေးဖယ်ရှားပြီး အာဏာရှင်နောက်ထပ် မပေါ်ပေါက်ရန် ဆောင်ရွက်ရမည့် တိုက်ပွဲဖြစ်ကြောင်း၊ဖက်ဆစ် စစ်တပ် ရန်ပုံငွေကို ဖြတ်တောက်ပြီး ပြည်သူ့ဘဏ္ဍာငွေကို ဖြည့်ဆည်းနိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း၊ ဖက်ဆစ်စစ်တပ်၏ ဝင်ငွေကို ဖြတ်တောက်၊ ရိုက်ချိုးနိုင်ရေးကို ပြည်တွင်းပြည်ပ ပြည်သူတစ်ရပ်လုံး အသက်အရွယ် ကျားမမရွေး ပါဝင် ဆင်နွှဲနိုင်ပါကြောင်း၊ ပြည်သူများကို သတ်ဖြတ်၊ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးဖြစ်သွားသည့် စစ်အုပ်စု၏ ဝင်ငွေရင်းမြစ် အရက်ဘီယာနဲ့စီးကရက်အုပ်စုကို ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးတိုက်ပွဲတွင် ပြည်သူတရပ်လုံး ဆင်နွှဲကြရန်"ဝန်ကြီးကဆိုပါတယ်။
စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ “စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်” အုပ်စုများဖြစ်ကြပြီး မြန်မာ ဘီယာ (Myanmar Beer)၊အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold) နဲ့Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ပါဝင်ပါတယ်။
========================
📌📌 ၄။ နမ်ဆန်ယန်ဒေသ စစ်ပွဲနှင့်တနိုင်ငံလုံးမှ ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး ရဲဘော်များအားလုံးကို ကချင်အာဇာနည်နေ့မှာ လေးစားဂုဏ်ပြုလိုက်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ပြောကြား
သြဂုတ်လ၁၀ရက်
"ဒီနေ့ဟာ KIO/KIA သတ်မှတ်တဲ့ ကချင် အာဇာနည်နေ့ ဖြစ်ပါတယ်။ ကျဆုံးလေသော သူရဲကောင်းများအားလုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။ July လအတွင်း နမ်ဆန်ယန်ဒေသ စစ်ပွဲ နဲ့ တနိုင်ငံလုံးက ကျဆုံးသွားတဲ့ နွေဦးတော်လှန်ရေး ရဲဘော်များအားလုံးကိုလည်းလေးစားဂုဏ်ယူလျှက်ပါ။ တဦးချင်းအတွက် ဂုဏ်ပြုစကား မဆိုလိုက်ရပေမယ့် နှလုံးသားထဲမှာ တကယ်ကို လေးလေးနက်နက်ခံစားရပါတယ်။ သက်ဆိုင်သူမိသားစုဝင်များ အားလုံးကိုလဲ ကျေးဇူးတင်ဂါဝရပြုလိုက်ပါတယ်"လို့ သြဂုတ်လ၁၀ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရသော်လည်း ရက်စက်စွာ သတ်ဖြတ်၍ ရုပ်အလောင်းများကို စွန့်ပစ်ခဲ့ပါတယ်။
========================
📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရမှ သပိတ်အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDFအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေး
သြဂုတ်လ၁၀ရက်
သြဂုတ်လ၉ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရမှ ဦးဆောင်၍ သပိတ်အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDFအဖွဲ့များမှ ဘဏ္ဍာရေးတိုက်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
တွေ့ဆုံပွဲ၌ အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးမှ "သပိတ်အဖွဲ့များသည် သွေးမအေးဘဲ ပြည်သူများနှင့် ရပ်တည်လျက်ရှိသည်ကို မလျော့တမ်း ဇွဲလုံ့လနဲ့ချီတက်ပြီး ကမ်ပိန်းနှင့်လူထုအုံကြွမှုကို ကျင်းပနေခြင်း ဖြစ်ပါကြောင်း၊ ယခု၌ အရေးကြီးသည့် ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက် ကမ်ပိန်းကိုဆောင်ရွက်နေပါကြောင်း၊ ဖက်ဆစ် စစ်တပ်ကို အမြစ်ဖြတ်မည်ဆိုပါက ဘက်ပေါင်းစုံက ဟန်ချက်ညီညီလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း "ဝန်ကြီးကပြောပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော မြေပြင်သပိတ်အင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ PDFအဖွဲ့များမှ ဘဏ္ဍာရေးတိုက်ပွဲအကြောင်းနှင့်ပတ်သက်၍ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင်စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ " စစ်အုပ်စု၏ ဝင်ငွေရင်းမြစ် အရက်ဘီယာနဲ့စီးကရက်အုပ်စုကို ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးတိုက်ပွဲတွင် ပြည်သူတရပ်လုံး ဆင်နွှဲကြပါရန် "ပြောကြားခဲ့ပါတယ်။
လူထုခေါင်းဆောင် ဦးမင်းကိုနိုင်မှ ဘဏ္ဍာရေးတိုက်ပွဲ၌ ပြည်သူလူထု လိုက်နာဆောင်ရွက်နိုင်သည့် နည်းလမ်းကို အသုံးပြုသည့်အတွက် ပွဲဦးထွက် နိုင်ရန် ဖြစ်ကြောင်း၊ ယခုကုန်ပစ္စည်း (၈)မျိုးအား သပိတ်မှောက်မှု၌ အားစိုက်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းအသိပေးဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ NUGပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီး ဦးမင်းဇေယျာဦး၊ဒေါက်တာတေဇာဆန်း၊ ဦးမင်းကိုနိူင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၆။ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းတိုက်ပွဲ စကစဘက်က အများအပြားကျဆုံးကာ ရုပ်အလောင်းများလာရောက်ကောက်ယူခြင်းမရှိသေးဘူးလို့ ကျောက်တံခါး ပကဖဆို
သြဂုတ်လ၁၀ရက်
"သမင်အင်းကုန်းတွင် သြဂုတ် ၉ ရက်နေ့ မနက် ၄နာရီမှစ၍ နေ့လည်အထိ တိုက်ပွဲတွင် စကစဘက်က ၃၀ ကျော်သေဆုံးကာ အလောင်းများ လာမကောက်ရသေးပါ။ ဒဏ်ရာ အများအပြားရရှိသွားကြောင်း ဒေသခံများက သတင်းပေးပို့လာပါတယ်"လို့ သြဂုတ်လ၁၀ရက်မှာ စစ်ရေးသတင်းကို ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး မြို့နယ်အတွင်း wifi စက်မှလွဲ၍ ကျန်ဆင်းကတ်များ အင်တာနတ် ဖြတ်တောက်ထားတယ်လို့သိရပါတယ်။
တိုက်ပွဲတွင်းသိမ်းဆည်းရမိသော စက်လက်ငါးကြင်းမြှီး၊ လက်နက်များနှင့် လက်နက်ကြီးကျည်များ၊ ကျည်ဆံများကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment