📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၃ သြဂုတ်လ ( ၁၃ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ ချင်းအမျိုးသားကောင်စီ (မင်းတပ်) စတင် ဖွဲ့စည်းကြောင်း ကြေညာ
ချင်းအမျိုးသားကောင်စီ (မင်းတပ်) Chin National Council (Mindat) ကို စတင်ဖွဲ့စည်းတယ်လို့ (ဩဂုတ် ၆ ရက်နေ့) ကြေညာလိုက်ပါတယ်။
အနာဂါတ် ချင်းလူမျိုးတွေအတွက် နိုင်ငံရေးလမ်းစဉ် ချမှတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေး၊ တန်းတူရေးနဲ့ အခြေခံလူ့အခွင့်အရေးတွေ အာမခံချက်ပေးတဲ့ မူဝါဒလမ်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်ဖို့ ဖွဲ့စည်းတာလို့ ပြောပါတယ်။
ချင်းအမျိုးသားကောင်စီ (မင်းတပ်) အနေနဲ့ အထက်ပါမူဝါဒလမ်းစဉ်တွေအကောင်ထည်ဖော်နိုင်ဖို့ ဒေသအတွင်း အမြင့်ဆုံးအာဏာကို ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းလိုက်တာပါ။
မင်းတပ်မြို့နယ်အတွင်းမှာ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာထောက်ထားရေးစတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာဟာ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုတွေရဲ့ အင်တိုက်အားတိုက်ပါဝင်မှုကြောင့် ဖြစ်တယ်လို့လည်း ဒီနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တဖက်မှာ ချင်းပြည်နယ်တခုလုံးအနေနဲ့ မတူညီတဲ့ နေရာဒေသအလိုက် အုပ်ချုပ်ရေးစနစ် ပိုမိုပီပြင်အောင် ချင်းပြည်ထောင် (Nation Building) တည်ဆောက်ဖို့၊ ချင်းလဲန်ကောင်စီ (Chinland Council) ဖွဲ့စည်းဖို့ ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ဇွန်လအတွင်း ချင်းဂျာနယ်ကမေးမြန်းတဲ့ အင်တာဗျူးတခုမှာ ချင်းအမျိုးသားတပ်မတော် ဗိုလ်မှူးကြီး ဆောလမွန်က ပြောကြားဖူးပါတယ်။
========================
📌📌 ၂။ မင်းတပ်မြို့နယ်စစ်ဘေးရှောင်ကော်မတီက ဇူလိုင်လအတွင်း ကျပ်သိန်း ၃၀၀ ခန့် လက်ခံဖြန့်ဝေ
မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲ့မှုကော်မတီအနေနဲ့ ၂၀၂၃ ဇူလိုင်လအတွင်းမှာ ကျပ်သိန်း ၃၀၀ ခန့်ကို စစ်ဘေးရှောင်နဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးကြောင့် ထိခိုက်နစ်နာရသူတွေအတွက် ပံ့ပိုးနိုင်ခဲ့တယ်လို့ ကော်မတီရဲ့ သြဂုတ်လ ၁၀ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၃ ဇူလိုင်လဆန်းပိုင်း တိုက်နယ်အမှတ် ၂ ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်နစ်နာရသူတွေ၊ လက်နက်ကြီးကျည်ကြောင့် ထိခိုက်နစ်နာရသူတွေ၊ မိုခါမုန်တိုင်းကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ မသန်စွမ်းပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအနေနဲ့ ပါဝင်လာတာတွေကို ပြန်လည် ဖြန့်ဝေနိုင်ခဲ့တာလို့ ပြောပါတယ်။
လက်ခံရရှိတဲ့ ငွေသား ကျပ် (၂၉,၁၀၀,၀၀၀) တိတိနဲ့ ဆေးဝါးတချို့ကို ပြည်သူတွေထံ အရောက်ဖြန့်ဝေနိုင်ခဲ့တာလည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လောလောဆယ် မင်းတပ်မြို့နယ်အတွင်းမှာ မိုးသည်းထန်နေပြီး ကျေးရွာတွေအကြား မြေပြို၊ လမ်းပျက်တဲ့ ပြဿနာကြောင့် ကုန်ဈေးနှုန်းမြင့်မားတဲ့ဒဏ် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
========================
📌📌 ၃။ မကြာမီ ထိုးစစ်ကာလ ရောက်လာမယ်လို့ NUG က ထပ်မံ အသိပေး
စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ အချိန်ရောက်လာတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောကြားတဲ့အကြောင်း မဇ္စျိမရဲ့ သြဂုတ် ၇ ရက်နေ့ သတင်းမှာ ဖော်ပြပါတယ်။
“ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေနဲ့ မဟာမိတ်အင်အားစုတွေအနေနဲ့ကလည်း မကြာမီသောကာလမှာ ထိုးစစ်ကာလကို ရောက်ရှိလာတော့မှာ ရှိပါတယ်။ အဲဒီထိုးစစ် ရောက်ရင် စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒီ့ထက်ပိုကျရှူံးတော့မှာ အမှန်ပဲဆိုတာကို ကျနော် ပြည်သူလူထုကို ထပ်မံတင်ပြချင်ပါတယ်။” လို့ ပြောသွားတာပါ။
ကယားပြည် (ကရင်နီဒေသ)၊ ကရင်၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေးတိုင်းက ဒေသတွေမှာ စစ်ကောင်စီအထိုင်ချ ကင်းစခန်း၊ ရဲစခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ပြီး သိမ်းယူနိုင်တဲ့အထိဖြစ်တဲ့ ဖြစ်စဉ်မျိုး ၂၀၂၃ ခြောက်လအတွင်းမှာ ခပ်စိပ်စိပ်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တဖက်မှာ စစ်ကောင်စီတပ်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်လို့ ယူဆတဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုမျိုး အရင်ထက် ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။
ကရင်နီ၊ စစ်ကိုင်းနဲ့ တောင်ပိုင်းစစ်ဒေသတွေမှာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ခိုက်နိုင်တဲ့ အကြိမ် ၃၀ ရှိပြီး ရဲစခန်း ၁၅ ခု၊ နယ်ခြားစောင့်တပ် ၁၀ ခု၊ ပျူစောထီးစခန်း ၁၄ ခုကိုလည်း သိမ်းနိုင်ခဲ့တဲ့အကြောင်း မဇ္စျိမရဲ့ သြဂုတ် ၇ ရက်နေ့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်” အဖြစ် သတ်မှတ်ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ၂၀၂၃ သြဂုတ် ၈ ရက်နေ့ ကျရောက်တဲ့ ရှစ်လေးလုံး (၈၈၈၈) အထိမ်းအမှတ် ဘာသာပေါင်းစုံ အဖွဲ့အစည်း ၆ ဖွဲ့က တောင်းဆိုထားတာလည်း ရှိနေပါတယ်။
========================
📌📌 ၄။ ရုရှားနိုင်ငံထုတ် စစ်ဘက်သုံးဒရုန်း (Drone) မင်းတပ် ခလရ ၂၇၄ တပ်ရင်းနဲ့ ယောဒေသဖက် ရောက်နေ
ရုရှားနိုင်ငံထုတ် စစ်ဘက်သုံးဒရုန်း (Drone) တွေ မင်းတပ်နဲ့ ယောဒေသဖက် ရောက်နေပြီး စစ်ကောင်စီတပ်က အသုံးပြုဖို့ပြင်ဆင်နေတယ်လို့ တပ်တွင်းသတင်းအရင်းမြစ်ကို ကိုးကားပြီး ယောအလင်းတန်းက ဖော်ပြပါတယ်။
အဲဒီ စစ်ဘက်သုံးဒရုန်း (Drone) တွေကို ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ ကနေ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းနဲ့ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ ကို ၂၀၂၃ ဇူလိုင်လကုန်ပိုင်းလောက်က ပေးပို့ထားတာလို့ ပြောပါတယ်။
ထောက်ပို့အတွက် အသုံးပြုနိုင်ဖို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရှိရာနေရာကို တိုက်ခိုက်နိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
မင်းတပ်မြို့နဲ့ ယောဒေသဘက်ရောက်နေတဲ့ ရှရှားနိုင်ငံထုတ် ဒရုန်းကို အမျိုးအစားဖော်ပြမထားပေမယ့် ၁၂၀ မမ ဗုံးသီးတွေကိုပါ တင်ပြီး ကြဲချနိုင်တယ်လို့လည်း သိရပါတယ်။
မင်းတပ်မြို့နယ်နဲ့ ယောဒေသဘက်မှာ ရုရှားနိုင်ငံထုတ် စစ်ဘက်သုံးဒရုန်း (Drone) ရောက်နေတဲ့ သတင်းကို The Mindat Post အနေနဲ့ သီးခြားအတည်ပြု နိုင်တာတော့ မရှိသေးပါဘူး။
၂၀၂၃ ဧပြီလတုန်းကလည်း နိုင်ငံတကာက ပိတ်ပင်ထားတဲ့ ဆင့်ပွားထပ်ဆင့် ပေါက်ကွဲ Cluster ဖျက်အားပြင်း ဗုံးသီးတွေကို စစ်ကောင်စီက မကွေးလေတပ်ဆီ ပို့ဆောင်ထားဖူးပါတယ်။
No comments:
Post a Comment