အာရှလမ်းမကြီး မြေပြိုပြီးနောက် မဲဆောက် မြန်မာကုန်စည်စျေးတွေ တက်ကုန်
မကြေးမုံ Radio NUG ဩဂုတ် ၉၊ ၂၀၂၃
အာရှလမ်းမကြီး မြေပြိုပျက်စီးသွားတဲ့ တစ်ရက်အတွင်းမှာပဲ မဲဆောက်မြိုရှိ မြန်မာကုန် စည်ဈေးကွက်မှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာပါတယ်။ ဒီသတင်းကို မကြေးမုံကပေးပိုထားပါတယ်။
မြဝတီ-အာရှ လမ်းမကြီး ပျက်စီးပြီးသွားတဲ့ နောက်တစ်ရက်အတွင်းမှာပဲ မဲဆောက်မြိုရှိ မြန်မာကုန်ပစ္စည်းဈေးကွက်မှာ ဆန်အပါအဝင် ပဲမျိုးစုံနဲ့ ကော်ဖီမစ်တွေကအစ ဈေးတက် သွားခဲ့ပြီး ပြန်လည်ပြုပြင်ချိန် ကြာရင်ကြာသလို ဈေးတွေထပ်တက်သွားဖို့ ရှိတယ်လို မြန်မာကုန်ပစ္စည်းရောင်းချသူတွေက ပြောပါတယ်။ မဲဆောက်ရောက်မြန်မာအချိုက နာမည်ကျော် ထိုင်းဆန်တွေရှိပေမယ့် မြန်မာပေါ်ဆန်းမွှေးကိုပဲ စားသုံးကြတာဖြစ်ပါ တယ်။ ဒါကြောင့် ရွှေဘိုပေါ်ဆန်း တစ်တင်းခွဲတစ်အိတ်ကို ကျပ် တစ်သိန်းခုနှစ်သောင်း အထိ မြင့်တက်သွားပြီး ဆက်လက်မြင့်တက် သွားဖိုရှိတယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းထားပါတယ်။ မဲဆောက်ဈေးကြီး အတွင်းမှာ မြန်မာ့ပေါ်ဆန်းမွှေးဆန်ရောင်းချ သူတစ်ဦးက အခုလိုပြောပါတယ်။
အင်တာဗျူး -
“ အခု ဘာတွေ တက်လဲဆိုတော့ ဆန်ဈေးတွေ တက်တယ်။ ကုန်ခြောက်က အဲ့လောက်မတက်သေးဘူး။ ဆန်ဈေးတစ်မျိုးပဲ တက်တာ။ ပေါ်ဆန်းမွေးပဲပေါ့။ ဒီမှာရောင်းတာက။ ပေါ်ဆန်းမွှေးတစ်မျိုးပဲ။ နဂိုနဲ့ အခုနဲ့ ဆို အရင်က ၁၆၀၀၊ အခုက ၁၇၀၀ နီးပါးလောက်ဖြစ်သွားပြီ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြိုမှာ ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် မြန်မာလူမျိုး ၂သိန်း ကျော်ရှိနေတဲ့အတွက် မြန်မာစားသောက်ကုန်ဈေးကွက်က ကြီးမားပါတယ်။ မြန်မာကုန်စည်က ထိုင်းကုန်စည်ထက် ဈေးချိုတဲ့အပြင် ရိုးရာစားသောက်မှု အလေ့အထအရပါ မြန်မာစားသောက်ကုန်တွေက အရေးပါနေဆဲပါ။ လတ်တလော ဈေးကွက်အခြေအနေကို မြန်မာစားသောက်ကုန်ရောင်းချသူတစ်ဦးက အခုလိုပြောပါတယ်။
အင်တာဗျူး -
“ … အခု ကျွန်တော် ပြောပြမယ်။ ဒီထိုင်းပစ္စည်းလည်း ရှိတာပဲ။ ဗမာပစ္စည်းက ဈေးတက် သွားမယ်။ ထိုင်းပစ္စည်းထက်ကို ဈေးများနေမယ်ဆိုရင် ဒီဘက်ကမ်းမှာ ရှိတဲ့သူက ထိုင်းပစ္စည်းပဲ သုံးမှာပေါ့။ ဈေးတော်တာပဲလိုက်သုံးမှာပေါ့။ ပိုက်ဆံလည်း ရှာရခက်တော့ သူတိုတွေ ဈေးသက်သာတဲ့ဟာကိုပဲ ဝယ်မှာပေါ့။"
ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတဲ့အတွက် ငွေလဲနှုန်းက မြန်မာငွေ ကျပ်တစ်သိန်းကို ထိုင်းဘတ် ငွေတစ်ထောင်လောက်ပဲ ရရှိပါတော့တယ်။ မြန်မာငွေ တန်ဖိုးကျ ဆင်းလာသလောက် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် မြန်မာလူမျိုးတွေ အတွက် ငွေကြေးအကြပ်အတည်းတွေ ရင်ဆိုင်လာရမယ့်အပြင် အခုလို လမ်းပျက်လို ကုန်ဈေးနှုန်းကြီးမြင့် လာတဲ့ဒဏ်ကိုလည်း ခံစားလာရမှာဖြစ်ပါတယ်။ မြန်မာစားသောက် ကုန်ရောင်းချသူ အမျိုးသမီးတစ်ဦးကတော့ အခုလိုပြောပါတယ်။
မစုမွန် ကုန်စုံဆိုင် -
“ ရှေ့လျှောက်ဆိုရင်တော့ ပြည်သူတွေကိုပဲ သနားတာပေါ့။ ဈေးနှုန်းက တက်ပြီးရင်း တက် ဆိုတော့ ဈေးနှုန်းတွေက မငြိမ်ဘူး။ အလုပ်တွေကမရှိ၊ ငွေဈေးနှုန်းက တက် ပဲ တက် နေတာ။ "
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို ချိတ်ဆက် ထားတဲ့ အာရှလမ်းမကြီး မိုင်တိုင်အမှတ် ၁၄၉နဲ့ ၁၄၉.၅ ဖာလုံ အကြားမှာ မိုးကြီးပြီး တောင်ကျရေတွေ ဆင်းလာလို ၊ ကားလမ်းအောက် ဖက်မြေသားပြိုပြီး ပေ ၁၅၀လောက် ပြိုကျ ပျက်စီးခဲ့ပါတယ်။ ငွေအား၊ လူအား၊ နည်းပညာ အား၊ စက်ယန္တရားအား အပြည့်အစုံနဲ့ ပြန်လည်ပြုပြင်နိုင်မယ်ဆိုရင် ၁၅ရက်အတွင်းမှာ ပြိုကျသွားတဲ့ အာရှ လမ်းမကြီးက ပြန်လည်ကောင်းမွန်လာနိုင်တယ်လို ကျွမ်းကျင်သူတွေက ခန့် မှန်းပါတယ်။ လတ်တလောအခြေအနေမှာ အဘက်ဘက်က ချွတ်ခြုံကျနေတဲ့ စစ်ကောင်စီရဲ့ အနေအထားအရ ပြန်လည်ပြုပြင်နိုင်ဖို့ထက် ပျက်စီးသွားတဲ့ လမ်းမကြီးအခြေအနေနဲ့ ပတ်သက်ပြီး သတင်း အချက်အလက် ရရှိဖို့ တောင် အခက်အခဲရှိနေ တယ်လို သိရပါတယ်။ ဒါကြောင့် အာရှလမ်းမကြီးရဲ့ ကုန်စည်စီးဆင်းနိုင်တဲ့အခြေနေက အနည်းဆုံးနှစ်လ လောက်အထိ ကြာမြင့်သွားလိမ့်မယ်လို ဒေသခံတွေက ခန့်မှန်းနေကြ ပါတယ်။ အာရှလမ်းမကြီး အမှတ် - ၁ ကို ထိုင်းနိုင်ငံကဖောက်လုပ်ထားတာဖြစ်ပြီး ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment