၂၀၂၃ သြဂုတ်လ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖက်ဆစ်စစ်တပ်၏ အရှိန်လျော့ရပ်တန့်ရန် စစ်ရေးနည်းလမ်းသည် ဖိအားပေးမှုအရှိဆုံး နည်းလမ်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် ရုံးအဖွဲ့မှူးအထိ စုစုပေါင်း၄၉ဦးအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
📌 ၃။ မတရားမှုတွေပပျောက်ဖို့ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရမှာဘဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား
📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၅။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၉) တပ်ရင်း စတင်တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကျင်းပ
📌 ၆။ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေ
📌 ၇။ ဆောမြို့နယ်ရှိ အချုပ်စခန်းတစ်ခုတွင် အချုပ်ကျအမျိုးသမီးတစ်ဦးအား ပလဖရဲဘော်(၈)ဦး အတင်းအဓမ္မပြုကျင့်မှုဖြစ်စဥ်မှာ
၈ဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆောပအဖ အသိပေး
📌 ၈။ မုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ခမရ ၅၉၀ တပ်ရင်းအတွင်းမှ လက်နက်ကြီးဖြင့် မြွေတွင်းရွာအတွင်းသို့ ပစ်ခတ်ခဲ့၍ ပြည်သူ (၁)ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာများရရှိ
📌 ၉။ မူဆယ်တိုက်ပွဲအတွင်း စကစတပ်နှင့် ပြည်သူ့စစ်ဘက် (၁၀)ဦးသေဆုံးခဲ့ပြီး စစ်လက်နက်အသုံးအဆောင်ပစ္စည်းအမြောက်အများကို TNLAကသိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖက်ဆစ်စစ်တပ်၏ အရှိန်လျော့ရပ်တန့်ရန် စစ်ရေးနည်းလမ်းသည် ဖိအားပေးမှုအရှိဆုံး နည်းလမ်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၃
သြဂုတ်လ၃ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၁/၂၀၂၃)ကျင်းပရာမှာ "ဖက်ဆစ်စစ်တပ်၏ အရှိန်လျော့ရပ်တန့်ရန် စစ်ရေးနည်းလမ်းသည် ဖိအားပေးမှုအရှိဆုံး နည်းလမ်းဖြစ်တယ်လို့”ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
"ပြည်သူများ၏ ဦးဆောင်မှုဖြင့် စတင်ခဲ့သော နွေဦးတော်လှန်ရေးသည် စစ်မျက်နှာ အရပ်ရပ်၌ PDFရဲဘော်များ၊ ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်၊ သတ္တိ/ဗျတ္တိ စိတ်ဓာတ်များကို တွေ့မြင်ကြရမည်ဖြစ်ပြီး အင်မတန် လေးစားဂုဏ်ပြုစရာပင်ဖြစ်ကြောင်း၊ ရဲဘော်များ၏ တိုက်ရေးခိုက်ရေးစွမ်းရည်များကြောင့် စစ်ကောင်စီတပ်မှ ထိုးဖောက်နိုင်ခြင်းမရှိသည်မှာ လက်တွေ့သက်သေပင်ဖြစ်ကြောင်း၊ ရဲဘော်များ၏ စွန်လွှတ်စွန့်စားစိတ်နဲ့ လုပ်ဆောင်နေမှုများကြောင့် အောင်မြင်မှုများ ရရှိနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပါကြောင်း၊တော်လှန်ရေး၏ အလှည့်အပြောင်းသည် စစ်ရေးအပေါ်၌ အလုံးစုံ တည်မှီနေခြင်းမဟုတ်ပေမယ့် လက်နက်ကိုင်ပြီး အကြမ်းဖက်နေသော ဖက်ဆစ်စစ်တပ်၏ အရှိန်လျော့ရပ်တန့်ရန် စစ်ရေးနည်းလမ်းသည် ဖိအားပေးမှုအရှိဆုံး နည်းလမ်းဖြစ်သည်ကို အားလုံး လက်ခံထားမည်ဟုထင်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် ကြားကာလပြည်သူ့အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ရာတွင် အုပ်ချုပ်ရေးကဏ္ဍကို အကောင် အထည်ဖော်နိုင်ရန် ကာကွယ်ရေး/ လုံခြုံရေးကဏ္ဍများနှင့်လည်း အချိတ်အဆက်မိမိ စစ်ရေး/ကာကွယ်ရေးကဏ္ဍများတွင် COC အားကောင်းပါက အုပ်ချုပ်ရေးကလုပ်ဆောင်နိုင်ရန်အရေးကြီးကြောင်း၊ အခွန်ကောက်ခံ/ခွဲဝေရေးကဏ္ဍ၊ LDF များနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများတွင် တိုးတက်မှုများရှိလာနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် ရုံးအဖွဲ့မှူးအထိ စုစုပေါင်း၄၉ဦးအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
သြဂုတ်လ၃
ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်အပါအဝင် ရုံးအဖွဲ့မှူးအထိ စုစုပေါင်း၄၉ဦးအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမိန့်အမှတ် (၄၅/၂၀၂၃) ကို ထုတ်ပြန်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှအရာထမ်း၊ အမှုထမ်းများကို ထုတ်ပယ်ခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန် မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်၍ ပြည်သူနှင့်တသားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြစေရန် အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း အောက်တိုဘာလမှ စတင်၍ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပေဒနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်း ခြင်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ၏ စီမံချက်မှန်သမျှအားလုံးအား ပုံဖော်ဆောင်ရွက်ပေးနေခြင်းစသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့အသိပေးကြေညာခဲ့ပါတယ်။
========================
📌📌 ၃။ မတရားမှုတွေပပျောက်ဖို့ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရမှာဘဲဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား
သြဂုတ်လ၃
မတရားမှုတွေပပျောက်ဖို့ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရမှာဘဲဖြစ်တယ်လို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက သြဂုတ်လ၃ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
"ကျမတို့ဟာ ကိုယ်ကပြောတာကြီးဘဲမဟုတ်ဘဲ သူများပြောတာလည်း နားထောင်တတ်ရပါတယ်။ ပြည်သူ့ပန်းတိုင်က ပြုလုပ်တဲ့ "စစ်ကောင်စီမှ ကျူးလွန်သောလိင်အကြမ်းဖက်မှုများ" စကားဝိုင်းကို နားထောင်ခဲ့ပါတယ်။ CDM ဗိုလ်ကြီးများနဲ့ KWO မှ ဆရာမဆဲဆဲတို့ ဆွေးနွေးတာကြားရပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စဉ်ဆက်တစိုက် ကျူးလွန်ခဲ့တာဟာ ယခု နွေဦးတော်လှန်ရေး အချိန်အခါအထိပါဘဲ။ စစ်တပ်အရာရှိကြီးများဟာ လက်အောက်ငယ်သားများရဲ့ဇနီးများကိုလည်းမရှောင် လိင်အခွင့်အရေးယူပါသေးတယ်။အဲဒါကိုလည်းသိသိကြီးနဲ့ ငုံ့ခံခဲ့ရတဲ့ စစ်သည်များရဲ့ ရင်ဖွင့်သံကိုကြားခဲ့ရပါတယ်။ ဒီလိုမတရားမှုတွေပပျောက်ဖို့ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရမှာဘဲဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
NUG မှ မှတ်တမ်းများအရ နွေဦးတော်လှန်ရေး နောက်ပိုင်း စကစတပ်အပါအဝင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ၁၂၆ မှုရှိပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ဩဂုတ်လ ၃ ရက်
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၆/၂၀၂၃)ကို သြဂုတ်လ၃ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည့်လုပ်ငန်းများအား မှာကြားဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၉) တပ်ရင်း စတင်တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကျင်းပ
ဩဂုတ်လ၃
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၉) တပ်ရင်း စတင်တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို သြဂုတ်လ၂ရက်မှာ ကရင်နီပြည် တစ်နေရာတွင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် ကျဆုံးသွားသော အာဇာနည်ရဲဘော်များအား ဂုဏ်ပြုအလေးပြုခြင်း၊ ကရင်နီအလံတော်အား အလေးပြုခြင်း၊ သစ္စာအဓိဠာန်ပြုခြင်း၊ မဟာမိတ်များထံမှ ဂုဏ်ပြုသ၀ဏ်လွာ ဖတ်ရှုခြင်းများလုပ်ဆောင်ခဲ့ပါတယ်။
ထို့နောက်ခေါင်းဆောင်များမှ ရဲဘော်ရဲဘက်များအား အားပေးစကားပြောခြင်းနှင့် ဂုဏ်ပြုခြင်းများကို အစီစဉ်တကျ ခမ်းနားစွာကျင်းပခဲ့ပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေ
သြဂုတ်လ၃
စစ်ကောင်စီနဲ့ တရုတ်နိုင်ငံက အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေတယ်လို့ ISP Myanmarက ဖော်ပြအသိပေးပါတယ်။
၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန််မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ၃၄ဘီလီယံတန်ဖိုးရှိခဲ့ပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉ဒသမ၂ဘီလီယံကျော်ရှိခဲ့ပါတယ်။ ဒုတိယအများဆုံးမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး အမေရိကန်ဒေါ်လာ၆ဘီလီယံ နီးပါးဖြစ်ပါတယ်။
နိုင်ငံအလိုက် ကုန်သွယ်မှုမှာတော့ တရုတ်နိုင်ငံက အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ ဆောမြို့နယ်ရှိ အချုပ်စခန်းတစ်ခုတွင် အချုပ်ကျအမျိုးသမီးတစ်ဦးအား ပလဖရဲဘော်(၈)ဦး အတင်းအဓမ္မပြုကျင့်မှုဖြစ်စဥ်မှာ
၈ဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆောပအဖ အသိပေး
သြဂုတ်လ၃ရက်
ဆောမြို့နယ်ရှိ အချုပ်စခန်းတစ်ခုတွင် အချုပ်ကျအမျိုးသမီးတစ်ဦးအား ပလဖရဲဘော်(၈)ဦး အတင်းအဓမ္မပြုကျင့်မှုဖြစ်စဥ်မှာ
၈ဦးစလုံးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ၃ရက်မှာ တရားဝင်အသိပေးကြေညာပါတယ်။
ဆောမြို့နယ်ရှိ အချုပ်စခန်းတစ်ခုတွင် အချုပ်ကျအမျိုးသမီးတစ်ဦးအား ပလဖရဲဘော်(၈)ဦး အတင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ ထိုဖြစ်စဥ်တွင် ကျူးလွန်သူများကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ တွင်စတင်ကာ ပြစ်ဒဏ်မှကင်းလွတ်ခွင့်မရှိစေဘဲ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်ထားရှိခဲ့ပြီးဖြစ်ပါတယ်။ ဖြစ်စဥ်မှာ ၈ဦးစလုံးကို ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်"လို့ဆိုပါတယ်။
ထိုဖြစ်စဥ်မျိုး နောက်နောင်မဖြစ်စေရေး အထူးကြပ်မတ်ဆောင်ရွက်သွားပါမယ်လို့ဆိုထားပါတယ်။
ပြည်သူ့ယုံကြည်မှုကို ထိခိုက်စေခဲ့သော ဖြစ်စဥ်အတွက်လည်း ပြည်သူအားအနူးအညွှတ်တောင်းပန်အပ်ပါတယ်လို့ ဆောပအဖကဆိုထားပါတယ်။
========================
📌📌 ၈။ မုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ခမရ ၅၉၀ တပ်ရင်းအတွင်းမှ လက်နက်ကြီးဖြင့် မြွေတွင်းရွာအတွင်းသို့ ပစ်ခတ်ခဲ့၍ ပြည်သူ (၁)ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာများရရှိ
သြဂုတ်လ၁ရက်
မုန်းမြို့နယ်တွင် ဩဂုတ်လ ၂ရက်နေ့ ညနေ ၃:၃၅မိနစ်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ခမရ ၅၉၀ တပ်ရင်း အတွင်းမှ လက်နက်ကြီးဖြင့် မြွေတွင်းရွာအတွင်းသို့ ပစ်ခတ်ခဲ့၍ ပြည်သူ (၁)ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ စဝင်ကျေးရွာအုပ်စု၊ မြွေတွင်းရွာရှိ ပြည်သူပိုင်နေအိမ် တစ်လုံးပေါ်သို့ စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၀ တပ်မှ ပစ်ခတ်သော ၈၁ မမ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့သိရပါတယ်။
ထိုပစ်ခတ်မှုကြောင့် မသီတာအေး အသက် (၃၇)နှစ် လက်နက်ကြီး အစ ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာ ခြေထောက်နှစ်ဖက် ပြတ်ရှဒဏ်ရာများရရှိပီး သေဆုံးခဲ့ပြီး ထိုအတူ ဦးတင်ဝင်း အသက် (၇၂)နှစ်၊ မဇင်မာဝင်း အသက် (၃၉)နှစ် နှင့် မချစ်ဖုန်းသွယ် အသက် (၆) နှစ်တို့လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း၊ အများပြည်သူသွားလာရာ နေရာများတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်းကဲ့သို့သော စစ်ရာဇဝတ်မှု အမျိုးမျိုးကို မြန်မာပြည်အနှံ့တွင် နေ့စဥ်ကျူးလွန်လျက်ရှိပါတယ်။
========================
📌📌 ၉။ မူဆယ်တိုက်ပွဲအတွင်း စကစတပ်နှင့် ပြည်သူ့စစ်ဘက် (၁၀)ဦးသေဆုံးခဲ့ပြီး စစ်လက်နက်အသုံးအဆောင်ပစ္စည်းအမြောက်အများကို TNLAကသိမ်းဆည်းရမိ
သြဂုတ်လ၃
ရှမ်းပြည်နယ်၊ မူဆယ်တိုက်ပွဲအတွင်း စကစတပ်နှင့် ပြည်သူ့စစ်ဘက် (၁၀)ဦးသေဆုံးခဲ့ပြီး စစ်လက်နက်အသုံးအဆောင်ပစ္စည်းအမြောက်အများကို TNLAက သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ မူဆယ်မြို့နယ်၊စယ်လန့်ကျေးရွာအုပ်စု၊နားထမ်နှင့် ဂေါင်ရာကျေးရွာအနီး သြဂုတ်လ(၂)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ ညနေ (၄း၃၀)အချိန်ထိ စကစစစ်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့ တစ်နေကုန်နီးပါးကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း စကစတပ်နှင့် ပြည်သူ့စစ်ဘက် (၁၀)ဦးသေဆုံးကာ (၁၃)ဦး ထိခိုက်ဒဏ်ရာ ခဲ့ပြီးစစ်လက်နက်အသုံးအဆောင်ပစ္စည်းအမြောက်အများကိုလည်း TNLA မှ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သိမ်းဆည်းရမိခဲ့သည့် လက်နက်နှင့်စစ်အသုံးအဆောင်များမှာ - RPG (၁) လက်၊RPG-7 ဗုံးသီး (၂၀) လုံး၊MA-1 (၁) လက်၊ AK-81 (၁) လက်၊ ၆၀ မမ ထောင့် (၁) ခု ၊ ၈၁ မမ ထောင့်(၁)ခု၊ ၈၁ မမ ဗုံးသီး (၄၀) လုံး၊ စက်လတ် (၁) လက်၊ကျည်ဆံ(၅၀၀၀) တောင့်၊ ဆက်သွယ်ရေးစက်ကြီး (၁)လုံးနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment