၂၀၂၃ သြဂုတ်လ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်ပွဲကျင်းပ
📌 ၂။ နွေဦးတော်လှန်ရေးဟာ အောင်ပွဲတွေတစ်ခုပြီးတစ်ခုနဲ့ အောင်မြင်မှု နီးကပ်လာပြီလို့ အလုပ်သမားဒုဝန်ကြီးဆို
📌 ၃။ တီမောလက်စတေးနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ဝန်ကြီးချုပ် မစ္စတာ Xanana Gusmao ထုတ်ပြန်ကြေညာ
📌 ၄။ Evolution of G3' aircraftsကိုယ်တိုင်ဆောက် လေယာဥ်ငယ်များထုတ်လုပ်မှုနည်းပညာဒီဇိုင်းတိုးတက်မြင့်မားလာ
📌 ၅။ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခံနေဆဲ ဖြစ်သည့် အမျိုးသမီး စုစုပေါင်း (၃၆၄၇) ဦး ထိ ရှိခဲ့ပြီး(၈၃၅) ဦး သည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရ
📌 ၆။ ပုလဲမြို့နယ်မှာ စစ်ရှောင်များရဲ့ အသုံးအဆောင်ပစ္စည်းများကို လုယက်ပြန်လာတဲ့ စကစတပ်နဲ့ပျူများကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိနိုင်
📌 ၇။ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားသော ကန်နီပျူရွာအတွင်းသို့ တိုက်ခိုက်ချေမူန်းရာ မျှော်စင်မြင့်မှ စကစတစ်ဦး အီနာဂါ ထိမှန်
📌 ၈။ ရေစကြိုဘက်မှပြေးလာသော ပျူတစ်ယောက်ကို ကာဘိုင်တစ်လက်နှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့
📌 ၉။ မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေလျှံတက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ရေဘေးဒုက္ခသည်ထောင်နဲ့ချီရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်ပွဲကျင်းပ
သြဂုတ်လ၅
သြဂုတ်လ ၅ရက် နံနက် ၁၀:၀၀ နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ကြိုဆိုပွဲနှင့် ကဏ္ဍအလိုက် လုပ်ငန်းမိတ်ဆက်တင်ပြခြင်းအစီအစဥ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆက်လက်၍ ဒုတိယဝန်ကြီးက မိတ်ဆက်စကားပြောကြားခဲ့ပြီး ဝန်ကြီးဌာန၊ နည်းပညာအကြံပေး အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပါတယ်။
သစ်တော/ပတ်ဝန်းကျင်ကဏ္ဍ အတွင်းဝန်နှင့် သတ္တု/ကျောက်မျက်ကဏ္ဍ အတွင်းဝန်တို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေးဟာ အောင်ပွဲတွေတစ်ခုပြီးတစ်ခုနဲ့ အောင်မြင်မှု နီးကပ်လာပြီလို့ အလုပ်သမားဒုဝန်ကြီးဆို
သြဂုတ်လ၅
နွေဦးတော်လှန်ရေးဟာ အောင်ပွဲတွေတစ်ခုပြီးတစ်ခုနဲ့ အောင်မြင်မှု နီးကပ်လာပြီလို့ အလုပ်သမားဒုဝန်ကြီး ဦးကျော်နီကဆိုထားပါတယ်။
ငါတို့မျိုးဆက် တော်လှန်စာစဉ်တွင် ၈၈၈၈အရေးတော်ပုံ အထူးကဏ္ဍမှာ အလုပ်သမား ဒုဝန်ကြီးက ရေးသားဆိုပါတယ်။
"ယနေ့နွေဦးတော်လှန်ရေးဆိုတာဟာ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ နောက်တဆင့် ပြည်သူ့လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို အားလုံးက သတိကပ်ပြီး ၈၈၈၈ အရေးတော်ပုံကြီးနဲ့ အရေးတော်ပုံကြီးမှာ ပါဝင်သူတွေ ကျဆုံးသူတွေကို တန်ဖိုးထား အလေးအမြတ်ပြုရမှာပါ။ နွေဦးတော်လှန်ရေးဟာ အောင်ပွဲတွေ တစ်ခုပြီးတစ်ခုနဲ့ ရှေ့ဆက်ချီတက်နေဆဲပါ။ အောင်မြင်မှုနဲ့ တစ်စတစ်စ နီးကပ်လာပြီလည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ နွေဦးတော်လှန်ရေးဟာ စစ်ရေးအရှိန်ကိုမြှင့်တင်လျက်ရှိပြီး စကစတပ်များဟာ ကရင်နီဒေသ၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာအထိနာကျရှုံးလျက်ရှိပါတယ်။
========================
📌📌 ၃။ တီမောလက်စတေးနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ဝန်ကြီးချုပ် မစ္စတာ Xanana Gusmao ထုတ်ပြန်ကြေညာ
သြဂုတ်လ၅
တီမောလက်စတေးနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မှာ မဟုတ်ဘူးလို့ဝန်ကြီးချုပ် မစ္စတာ Xanana Gusmaoထုတ်ပြန်ကြေညာခဲ့ပါတယ်။
သြဂုတ်လ၄ရက်နေ့က တီမောလက်စတေး ( အရှေ့တီမော )အစိုးရ ဝန်ကြီးချုပ် မစ္စတာ Xanana Gusmaoက ၄င်းသက်တမ်းအတွင်း
အာဆီယံအဖွဲ့ဝင်အဖြစ် ပူးပေါင်းမပါဝင်ဘူးလို့ပြောကြားခဲ့ပါတယ်။
"တီမောလက်စတေးနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနဲ့လက်တွဲပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေအတွက် နိုင်ငံတော်အဆင့် အိပ်မက်နေတဲ့ အချိန်အခါသမယလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဟာ မူတန်ဘိုးတွေအဖြစ် စံပြုထားတယ်။ နိုင်ငံ့သမိုင်းမှာ စစ်အာဏာသိမ်းတယ်ဆိုတာ မရှိခဲ့ဖူးဘူး၊ ဒါကြောင့် သူ့ နိုင်ငံရေး ရပ်တည်ချက်၊ ယုံကြည်ချက်က နိုင်ငံအကျိုးစီးပွားထက် ဒီ လွတ်လပ်ခြင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ မူနဲ့ စံတန်ဘိုးတွေဟာ ပိုဦးစားပေးရမယ်ဆိုပြီး တီမောလက်စတေး ဝန်ကြီးချုပ် (တချိန်က သမ္မတ ) လုပ်ဖြစ်တဲ့ Xanana Gusmao က ရဲရင့်ပြတ်သားစွာနဲ့ ထုတ်ပြန်ခဲ့တာပါ"လို့ ချက်သမ္မတနိုင်ငံ NUG ကိုယ်စားလှယ် ဦးလင်းသန့်ကပြောပါတယ်။
တော်လှန်ရေး သမားဟောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်း၊ သမ္မတဟောင်း လက်ရှိ ဝန်ကြီးချုပ် မစ္စတာ Xanana Gusmao နဲ့ လွန်ခဲ့တဲ့ ဇူလိုင်လက မြို့တော် ဒီလီရှိ ဝန်ကြီးချုပ် ရုံးခန်းမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ နဲ့တွေ့ဆုံစဉ်ကလည်း မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်းနဲ့ လွတ်လပ်ခြင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံတန်းဘိုး မျှဝေခြင်းတွေအပေါ် သစ္စာရှိပြီး အတူလက်တွဲသွားကြမယ်ဆိုတဲ့အကြောင်းဝန်ကြီးချုပ်ကပြောကြားခဲ့ပါသေးတယ်။
========================
📌📌 ၄။ Evolution of G3' aircraftsကိုယ်တိုင်ဆောက် လေယာဥ်ငယ်များထုတ်လုပ်မှုနည်းပညာဒီဇိုင်းတိုးတက်မြင့်မားလာ
သြဂုတ်လ၅
Evolution of G3' aircraftsကိုယ်တိုင်ဆောက်လေယာဥ်ငယ်များ ထုတ်လုပ်မှုနည်းပညာဒီဇိုင်းတိုးတက်မြင့်မားလာတယ်လို့ Spring UAV Force G3က သြဂုတ်လ၅ရက်နေ့မှာ အသိပေးဆိုထားပါတယ်။
"Evolution of G3' aircraftsကိုယ်တိုင်ဆောက် လေယာဥ်လေးတွေဟာ ကျွန်တော်တို့ G3 အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ယခုတိုးတက်လာတာကို မျက်မြင်ကြည့်ရှုလိုက်ကြပါဦး။ From left to right ပါ။ Research တွေဆက်လုပ်ဖို့လည်း ငွေကြေးလိုအပ်ချက်တွေရှိတာကြောင့် ပါဝင်ကူညီချင်တဲ့သူတွေ Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်"လို့ဆိုထားပါတယ်။
လက်ရှိမှာ စကစတပ်များဟာ ကာကွယ်ရေးတပ်များနဲ့ဒရုန်းနဲ့ မောင်းသူမဲ့လေယာဥ်ငယ်များနဲ့ တိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးသူများပြားလျက်ရှိပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခံနေဆဲ ဖြစ်သည့် အမျိုးသမီး စုစုပေါင်း (၃၆၄၇) ဦး ထိ ရှိခဲ့ပြီး(၈၃၅) ဦး သည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရ
သြဂုတ်လ၅ရက်
အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခံနေဆဲ ဖြစ်သည့် အမျိုးသမီး စုစုပေါင်း (၃၆၄၇) ဦး ထိ ရှိခဲ့ပြီး(၈၃၅)ဦးသည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂမှ သြဂုတ်လ၅ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
"၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီး အရေအတွက် တိုးလာလျှက်ရှိသကဲ့သို့ သေဆုံးသူ အမျိုးသမီး အရေအတွက်သည်လည်း တစ်ဟုန်ထိုး မြင့်တက်လာလျှက်ရှိပါတယ်။ အကြမ်းဖက်စစ်တပ် အာဏာသိမ်းရန်ကြိုးပမ်းခြင်းကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ စ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထိ အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခံနေဆဲ ဖြစ်သည့် အမျိုးသမီး စုစုပေါင်း (၃၆၄၇) ဦး ထိ ရှိခဲ့ပါတယ်။ ထိုသို့ ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီး (၈၃၅) ဦးသည် မတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရတယ်"လို့ဖော်ပြပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ အတွင်းတွင် အကြမ်းဖက်စစ်တပ်၏ တဖက်သတ်အမိန့်ချ၍ ထောင်ဒဏ်ချခံရသည့် အမျိုးသမီး (၂၂) ဦးထိ ရှိခဲ့ပြီး တစ်လနီးပါးကာလအတွင်း အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့် အမျိုးသမီး စုစုပေါင်း (၁၉) ဦး ထိရှိခဲ့ပြီး အမျိုးသမီး (၂၁) ဦး ထိ သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ ပုလဲမြို့နယ်မှာ စစ်ရှောင်များရဲ့ အသုံးအဆောင်ပစ္စည်းများကို လုယက်ပြန်လာတဲ့ စကစတပ်နဲ့ပျူများကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိနိုင်
သြဂုတ်လ၅ရက်
ပုလဲမြို့နယ်မှာ စစ်ရှောင်များရဲ့ အသုံးအဆောင်ပစ္စည်းများကို လုယက်ပြန်လာတဲ့ စကစတပ်နဲ့ ပျူများကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ၅ရက်မှာ အတည်ပြုဆိုပါတယ်။
"သြဂုတ်လ၅ရက်နေ့ ပုလဲမြို့နယ် ဇီးဖြူကုန်း ပျူစောထီးစခန်းအတွင်းကို ရောက်ရှိနေသည့် အကြမ်းဖက်စကစလက်ပါးစေ အကြမ်းဖက်တပ်ဖွဲ့များဟာ ပျူစောထီးများနှင့်အတူ လှည်းများဖြင့် နံနက် ၈:၂၀နာရီအချိန်ခန့်တွင် နှောရိုးကျေးရွာရှိ တောထဲတွင်တဲထိုးနေထိုင်ကြသော ပြည်သူများပိုင်ဆိုင်သည့် နွား၊ ဝက်၊ ဆန်၊ဆီ၊ အဝတ်အစားများနှင့် ရှိရှိသမျှအသုံးအဆောင်များကို လုယက်ယူဆောင်ကာ အပြန်လမ်းတွင် ၁၁:၀၀နာရီအချိန်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါစကစတပ်နဲ့ ပျူများကို မြို့နယ် ပကဖတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း၇၊ တပ်ရင်း၁၂ တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စကစစစ်သားများနှင့် ပျူစောထီးများ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများရှိနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားသော ကန်နီပျူရွာအတွင်းသို့ တိုက်ခိုက်ချေမူန်းရာ မျှော်စင်မြင့်မှ စကစတစ်ဦး အီနာဂါ ထိမှန်
သြဂုတ်လ၅ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ် စစ်ကောင်စီတပ်စွဲထားသော ကန်နီပျူရွာအတွင်းသို့ တိုက်ခိုက်ချေမူန်းရာ မျှော်စင်မြင့်မှ စကစတစ်ဦး အီနာဂါ ထိမှန်ခဲ့ပါတယ်။
သြဂုတ်လ၅ရက်မှာ စစ်ရေးသတင်းကို Middle Revolution Task Forceကအတည်ပြုပါတယ်။
"သြဂုတ်လ၄ ရက် MRTFဦးဆောင်သော Droneတပ်ဖွဲ့သည် စစ်ကောင်စီတပ်စွဲထားသော ကန်နီပျူရွာအတွင်းသို့ တိုက်ခိုက်ချေမူန်းရာ မျှော်စင်မြင့်မှ စကစတစ်ဦး အီနာဂါ ထိမှန်ပြုတ်ချ ဒဏ်ရာပြင်းထန်ခဲ့တယ်"လို့ဆိုပါတယ်။
တော်လှန်ရေး အင်းအားစုများမှ ၆၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကန်နီမှထွက်လာသော စကစတပ်များ တိုက်မိုင်းထိမှန်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
ရန်သူဘက်မှ ကောင်တာအလုံး၆၀ ကျော် ပစ်ခတ်သော်လည်း တော်လှန်ရေး အင်အားစုများ ထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီးတိုက်ပွဲတွင် Middle Revolution Task Force FREEDOM FIGHTER -LDFဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ အညာမြေ ၊ သံမဏိသိန်းငှက် ၊ အမိမြေ ၊ R.P.T.F .ဂျိုင်းကြားအဖွဲ့၊ Thu Rain > TR. ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
========================
📌📌 ၈။ ရေစကြိုဘက်မှပြေးလာသော ပျူတစ်ယောက်ကို ကာဘိုင်တစ်လက်နှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့
သြဂုတ်၅
ရေစကြိုဘက်မှပြေးလာသော ပျူတစ်ယောက်ကို ကာဘိုင်တစ်လက်နှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ကျေးရွာတပ်ပေါင်းစု(Myaung)က သြဂုတ်လ၅ရက်မှာ အသိပေးဆိုပါတယ်။
"ဇူလိုင်၃၀ရက် နံနက်၁၁နာရီအချိန်တွင် ရေစကြိုဘက်မှ ပြေးလာသော ပျူတစ်ယောက်ကို ကာဘိုင်တစ်လက်နှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါဖမ်းဆီးမှုတွင် မြောင်မြို့နယ်ပကဖ၊ ချင်းတွင်းတပ်ပေါင်းစုနှင့် ကျေးရွာတပ်ပေါင်းစု(Myaung)တို့ ပူးပေါင်းဖမ်းဆီးကာ ၎င်းပျူကို ရေစကြိုပကဖထံ အပ်နှံခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၉။ မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေလျှံတက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ရေဘေးဒုက္ခသည်ထောင်နဲ့ချီရှိလာ
သြဂုတ်၅ရက်
မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေလျှံတက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာမြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင်ရေဘေးဒုက္ခသည်ထောင်နဲ့ချီရှိလာတယ်လို့ သတင်းရရှိပါတယ်။
သြဂုတ်လအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့မှာ လူနှစ်ထောင်နီးပါး ရေဘေးလွတ်ရာသို့တိမ်းရှောင်နေကြရတယ်လို့ ဒေသခံများထံကသိရပါတယ်။
အလားတူ မွန်ပြည်နယ် ဘီလင်းမြို့နယ်မှ လူ၆၀၀၀ နီးပါးကို ကယ်ဆယ်ရေးစခန်းများဆီသို့ ပို့ဆောင်ထားကြောင်းသတင်းရရှိပါတယ်။
ဩဂုတ်လ ၅ ရက်နေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့်ရွှေရောင်ပြကျေးရွာ အနီးတွင် ကားလမ်းရေကျော်မှုများဖြစ်ပွားခဲ့ပြီး ကုန်ကားအချို့မှာ ရေစီးနဲ့မျောလုနီးပါးတိမ်းမှောက်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment