15th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများ ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာတယ်လို့ဆို

📌 ၂။ တော်လှန်ရေး အသာစီးရနေသည့် ကာလမျိုးတွင် စည်းစည်းလုံးလုံး စုစုစည်းစည်း ပန်းတိုင်ဆီ အရောက်ချီတက်နိုင်ရန် အရေးကြီးကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ ယင်းမာပင်ခရိုင်တပ်ရင်း () () () () တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် ဆက်လက်ခံယူလျက်  (COC) နှစ်ရပ်ကို လေးစားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဒေသကလည်း ဆက်လက်အသိအမှတ်ပြုထောက်ပံ့မယ်

📌 ၅။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ညွှန်ကြားရေးမှူးချုပ်မှစ၍ ညွှန်ကြားရေးမှူးအထိ စုစုပေါင်း၄၄ ဦးအား အကြမ်းဖက်သမားများအဖြစ်NUGကသတ်မှတ်ကြေညာ

📌 ၆။ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ကျားကြီးစစ်ကြောင်းတပ်စွဲထားသည့်တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်ရန်လာသော စကစတပ်များ စောင့်ကြိုတိုက်ခိုက်ခံရ၍ အထိနာထွက်ပြေး

📌 ၇။ မြိုင်မြို့နယ်ရှိ ကျေးရွာများကို စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ ရွာပေါင်း၁၀ ကျော်မှဒေသခံပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရ

📌 ၈။ ရေစကြိုမြို့နယ် ညောင်စောက်ကျေးရွာနှင့် မဲကုန်းကျေးရွာကြား ရောက်လာတဲ့ စကစစစ်ကြောင်းကို ကာကွယ်ရေးတပ်များက တိုက်ခိုက်

📌 ၉။ တစ်လတာအတွင်း ကော့ကရိတ် - မြဝတီ အာရှလမ်းတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ (၃၁) ဦး သေဆုံးပြီး (၂၆) ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများ ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာတယ်လို့ဆို


စက်တင်ဘာ၁၄ရက်

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများ ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကစက်တင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။


မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်းဝယ်မှုများသည် ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအဖြစ် အိမ်နီးချင်းနိုင်ငံများအထိပါ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၏အန္တရာယ် ကြီးမားကျယ်ပြန့်လာခဲ့ကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် လူသားတို့အား အညွန့်တုံးစေနိုင်သည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တရားမဝင်သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ (၁၉၉၃)နှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ(၂၀၁၈)ပါ ပြဌာန်းချက်များနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို လိုအပ်သည့်ယန္တရားများ ဖွဲ့စည်း၍ ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ 


========================


📌📌 ၂။ တော်လှန်ရေး အသာစီးရနေသည့် ကာလမျိုးတွင် စည်းစည်းလုံးလုံး စုစုစည်းစည်း ပန်းတိုင်ဆီ အရောက်ချီတက်နိုင်ရန် အရေးကြီးကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ၁၄ရက်

စက်တင်ဘာ ၁၄ ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃)ကျင်းပမှာ ပြည်ထောင်စုဝန်ကြီးချုပ်က အခုလိုပြောပါတယ်။


" တော်လှန်ရေးအင်အားစုများတွင် နည်းပညာတိုးတက်မှုများအား ကောင်းကောင်းအသုံးချနိုင်သည့် အားသာချက်ရှိနေသလို ယခင်တော်လှန်ရေးအဆက်ဆက်၏ လိုအပ်ချက်များအား သင်ခန်းစာယူ ပြင်ဆင်နိုင်ခြင်းသည်လည်း တော်လှန်ရေးအမြန်အောင်မြင်စေမည့် အချက်ဖြစ်ကြောင်း ယခုကဲ့သို့ အခြေအနေနှင့် အချိန်အခါ အသာစီးရနေသည့်ကာလမျိုးတွင် စည်းစည်းလုံးလုံး စုစုစည်းစည်း ပန်းတိုင်ဆီ အရောက်ချီတက်နိုင်ရန် အရေးကြီးကြောင်း၊ တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှ သွားကြရန်  ယာယီသမ္မတကြီးမှ ပြည်သူ့ခုခံစစ် နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားသွားကြောင်း၊ အင်အားများကို စုစည်းနိုင်လေလေ ထိုးစစ်အရှိန်မြင့်တက်လာလေလေ ဖြစ်တာကြောင့် အချင်းချင်း စုစည်းညီညွတ်ကြဖို့ အထူးအလေးပေးတိုက်တွန်းလိုကြောင်း "ဝန်ကြီးချုပ်ကပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၆/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


စက်တင်ဘာ   ၁၄ ရက်

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၃၀/၂၀၂၃)ကို စက်တင်ဘာ၁၄ရက်က ကျင်းပခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောခဲ့ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊  ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာန တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ယင်းမာပင်ခရိုင်တပ်ရင်း () () () () တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် ဆက်လက်ခံယူလျက်  (COC) နှစ်ရပ်ကို လေးစားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ဒေသကလည်း ဆက်လက်အသိအမှတ်ပြုထောက်ပံ့မယ်


စက်တင်ဘာ၁၄ရက်

ယင်းမာပင်ခရိုင်တပ်ရင်း () () () () တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် ဆက်လက်ခံယူလျက်  (COC) နှစ်ရပ်ကို လေးစားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာန နှင့် စစ်ဒေသကလည်း ဆက်လက်အသိအမှတ်ပြုထောက်ပံ့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ (၁၄) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of command အောက်တွင် ပါဝင်လျက် Code of Conduct စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်မည်ဟူသော သဘောတူညီချက်ဖြင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အခြေစိုက်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့များကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် () () () () အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ရက်စွဲဖြင့် အသိအမှတ်ပြု ကွပ်ကဲမှုရယူခဲ့ပါတယ်လို့ဆိုပါတယ်။


ကွပ်ကဲမှုရယူပြီးနောက် အခြားပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများနည်းတူ တပ်ရင်း ထောက်ပံ့မှုများကို ၂၀၂၂ ခုနှစ် မေလ မှစတင်၍ ပြုလုပ်ခဲ့ရာ ယခုအချိန်အထိ စုစုပေါင်း ကျပ်သိန်း ၃၁၈,၀၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းပေါင်း သုံးထောင် တစ်ရာ ရှစ်ဆယ်သိန်း တိတိ) (ခန့်မှန်းအမေရိကန် ဒေါ်လာ (၁၂၂,၉၇၆.၄၈)) ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများအဖြစ် အသိအမှတ်ပြု ကွပ်ကဲမှု မယူမီကာလကလည်း MRDA ထုတ်လုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၄,၁၆၆.၆၇) ထောက်ပံ့ခဲ့ပြီး ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှု စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၈,၀၇၀) ကိုလည်း ဆက်သွယ်ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။


၂၀၂၂ ခုနှစ်၊ မတ်လအတွင်း MRDA အနေဖြင့် ၎င်း၏ ရန်ပုံငွေဖြင့် လက်နက်ပစ္စည်းဝယ်ယူနိုင်ရန်အတွက် မဟာမိတ်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ရုံသာမက ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်း အမေရိကန်ဒေါ်လာ (၉၀,၀၀၀) ကို အားဖြည့်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။


တော်လှန်ရေးကာလ အစောပိုင်းတွင်လည်း MRDA အတွက် မောင်းပြန် () လက်နှင့် ဆက်စပ်ခဲယမ်းများကို ဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ ဗုံးပစ်လောင်ချာ (၁၅) လက်နှင့် ဆက်စပ်ခဲယမ်းများကို အမှတ် () စစ်ဒေသမှ တဆင့် လည်းကောင်း ထောက်ပံ့ပေးခဲ့ပြီး ထို့အတူ အသိအမှတ်ပြု ကွပ်ကဲမှုယူပြီးဖြစ်သော တပ်ရင်း လေးရင်း အနက် ယင်းမာပင်ခရိုင်အမှတ် () တပ်ရင်းကို မောင်းပြန် (၉၃) လက်နှင့် ဗုံးပစ်လောင်ချာ () လက်တို့ကို တပ်ဆင်ပေးခဲ့ပါတယ်။

 

ပြည်သူ့တော်လှန်ရေးမဟာမိတ်များအနေဖြင့် ခုခံတွန်းလှန်စစ် အောင်မြင်ရေးအတွက် တိကျခိုင်မာ၍ ရှင်းလင်းပြတ်သားသည့် ကွပ်ကဲမှုစနစ် တည်ဆောက်လျက်ရှိရာ ယင်းမာပင်ခရိုင်တပ်ရင်း () () () () တို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် ဆက်လက်ခံယူလျက် Chain of Command နှင့် Code of Conduct (COC) နှစ်ရပ်ကို လေးစားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာန နှင့် စစ်ဒေသကလည်း ဆက်လက်အသိအမှတ်ပြုထောက်ပံ့လျက် ကွပ်ကဲမှုရယူ ဆောင်ရွက် သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ညွှန်ကြားရေးမှူးချုပ်မှစ၍ ညွှန်ကြားရေးမှူးအထိ စုစုပေါင်း၄၄ ဦးအား အကြမ်းဖက်သမားများအဖြစ်NUGကသတ်မှတ်ကြေညာ


စက်တင်ဘာ၁၄ရက်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ညွှန်ကြားရေးမှူးချုပ်မှစ၍ ညွှန်ကြားရေးမှူးအထိ စုစုပေါင်း၄၄ ဦးအား အကြမ်းဖက်သမားများအဖြစ်NUGက သတ်မှတ်ကြေညာလိုက်ပါတယ်။


စက်တင်ဘာလ (၁၄) ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၀၃/၂၀၂၃ကို ထုတ်ပြန်ခဲ့ပါတယ်။


အကြမ်းဖက်စစ်ကောင်စီအနေဖြင့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြားသေကြေပျက်စီးနိုင်သည့် လက်နက်များဝယ်ယူခြင်း အစရှိသည်တို့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများသည် အဓိကကြံရာပါများအဖြစ် ပါဝင်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


 စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဥက္ကဌဆိုသူမှစ၍ အောက်အဆင့်ဆင့် ဝန်ထမ်းကြီး၊ အလတ်၊ အငယ်များသည် အောက်ပါလုပ်ငန်းများကို ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားများနှင့်သွေဖည်ပြီး မလျော်ဩဇာသုံး၍ ကျူးလွန်နေသောကြောင့် ပြည်သူလူထုအပေါ် ကြီးမားပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ပါတယ်လို့ဆိုပါတယ်။


စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ညွှန်ကြားရေးမှူးချုပ်မှစ၍ ညွှန်ကြားရေးမှူးအထိ စုစုပေါင်း၄၄ ဦးအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်းသိရပြီး အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄) ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ကျားကြီးစစ်ကြောင်းတပ်စွဲထားသည့်တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်ရန်လာသော စကစတပ်များ စောင့်ကြိုတိုက်ခိုက်ခံရ၍ အထိနာထွက်ပြေး


စက်တင်ဘာ၁၄ရက်

မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ကျားကြီးစစ်ကြောင်းတပ်စွဲထားသည့် တာဝါတိုင်စခန်းကုန်းအား သိမ်းပိုက်ရန်လာသော စကစ တပ်များ စောင့်ကြိုတိုက်ခိုက်ခံရ၍ အထိနာထွက်ပြေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၄ရက်နေ့ မွန်းလွဲ၁၂နာရီ၁၀မိနစ်အချိန်မှာ အင်အားသုံးဆယ်ပါ စကစတပ်ဖွဲ့ဟာ စစ်ကြောင်းထိုးလာခဲ့တယ်လို့ အမှတ် စစ်ဒေသခွဲ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ကအသိပေးဆိုပါတယ်။


၄င်းနောက်အဆိုပါစစ်ကြောင်းအား ကိုင်းချိုကြီးရွာအနီးတွင် ကာကွယ်ရေးတပ်များက ပဒေသာမိုင်းရှစ်လုံးတွဲနဲ့ စောင့်ကြိုကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


စကစတပ်များဟာ ရုတ်တရက်တိုက်ခိုက်ခံရ၍ ဝရုန်းသုန်းကားဖြစ်ကာ လက်နက်ကြီးများနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး မိနစ်နှစ်ဆယ်ခန့်အပြန်အလှန်ပစ်ခတ်ပြီးနောက် စကစတပ်များ ဝိုင်းရဲကင်းသို့ပြန်လည်ဆုတ်ခွာသွားပါတယ်။


တိုက်ပွဲတွင် စကစဘက်မှ ပစ်ခတ်သည့် ၆၀ မမ လက်နက်ကြီး ၁လုံး ကာကွယ်ရေးရဲဘော်များအနီး ကျရောက် ပေါက်ကွဲခဲ့သော်လည်း  ရဲဘော်များ ထိခိုက်မှု မရှိခဲ့ဘဲ မြေပြင်သတင်းအရ စကစဘက်မှ သေဆုံးသူ၁ဦးနှင့် ထိခိုက်ဒဏ်ရာရသူ တချို့ရှိကြောင်းသိရပါတယ်။


========================


📌📌 ၇။ မြိုင်မြို့နယ်ရှိ ကျေးရွာများကို စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ ရွာပေါင်း၁၀ ကျော်မှဒေသခံပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရ


စက်တင်ဘာ၁၄ရက်

မြိုင်မြို့နယ်ရှိ ကျေးရွာများကို စကစတပ်များစစ်ကြောင်းထိုးဝင်ရောက်နေ၍ ရွာပေါင်း၁၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရတယ်လို့ မြိုင်မြို့နယ်တော်လှန်ရေးအင်အားစုအချို့က စက်တင်ဘာ၁၄ရက်မှာ အတည်ပြုဆိုထားပါတယ်။


"စက်တင်ဘာ၁၄ရက် မနက်အစောပိုင်းက စက်မှု ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ဝန်းကျင်ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ဆိတ်သက်ရွာ ကွန်လပ်ရွာ မြို့စိုးရွာတို့တွင် စစ်ကြောင်းများဖြန့်ကာ ဝင်ရောက်ခဲ့တယ်လို့ သိရပြီး သက္ကယ်ကန်ရွာ၊ ဝါးကြီးတောရွာနှင့် မြို့စိုးရွာအကြားတို့တွင်လည်း စစ်ကြောင်းဖြန့်ကာ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။


ဝါးကြီးတောရွာနဲ့ သက္ကယ်ကန်ရွာအကြားတောတိုက်မှာ ပြည်သူတစ်ဦးနဲ့ ဆိတ်သက်ရွာမှာ ပြည်သူနှစ်ဦး၊ မြို့စိုးရွာမှာ တစ်ဦးဖမ်းဆီးခံထားရတယ်လို့ ကနဦးသတင်း ရရှိထားပါတယ်။


အဆိုပါစစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကြောင့် မြိုင်မြို့နယ်အနောက်ပိုင်းရှိ သက္ကယ်ကန်၊ မြို့စိုး() မြို့စိုး() ဝါးကြီးတော၊ ဘောဓုံ ကွန်လပ် မကျီးကုန်း၊ ဆိတ်သက်၊ ဂွေးကုန်း၊ တောင်ရိုး၊  သံချောင်း၊ မကျီးစု၊ ကိုင်းရိုး၊ ဆင်စိန် ခွေးမွှေး ဘောင့်ဘင် အစရှိတဲ့ ကျေးရွာ တစ်ဆယ်ကျော်မှ ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၈။ ရေစကြိုမြို့နယ် ညောင်စောက်ကျေးရွာနှင့် မဲကုန်းကျေးရွာကြား ရောက်လာတဲ့ စကစစစ်ကြောင်းကို ကာကွယ်ရေးတပ်များက တိုက်ခိုက်


စက်တင်ဘာ၁၄ရက်

"စက်တင်ဘာလ(၁၃)ရက်နေ့တွင် ခလရ(၂၅၆)နှင့် မြို့ပေါ်မှ စကစတပ်များပေါင်း၍ထွက်လာသော အင်အား၅၀ခန့်ပါ စစ်ကြောင်းအား ညောင်စောက်ကျေးရွာနှင့် မဲကုန်းကျေးရွာကြားအရောက်နေ့လည်၁နာရီ၃၀မိနစ်အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ Droneဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများဖြင့် စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါတိုက်ခိုက်မှုကြောင့် စကစတပ်ဘက်က၄ဦး အပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ကနဦးသိရှိရပြီး အသေးစိတ်အား ဆက်လက်အတည်ပြုလျက်ရှိပါတယ်။


ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိခဲ့သော်လည်း ကာလတန်ဖိုးသိန်း၁၀၀ ကျော်တန်ဖိုးရှိ Mavic3 Droneတစ်စီးဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၉။ တစ်လတာအတွင်း ကော့ကရိတ် - မြဝတီ အာရှလမ်းတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ (၃၁) ဦး သေဆုံးပြီး (၂၆) ဦး ဒဏ်ရာရ


စက်တင်ဘာလ ၁၄ ရက်

တစ်လတာအတွင်း ကော့ကရိတ် - မြဝတီ အာရှလမ်းတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ် မှ (၃၁) ဦး သေဆုံးပြီး (၂၆) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNUဗဟိုကစစ်ရေးသတင်းကို စက်တင်ဘာ၁၄ရက်မှာ အတည်ပြုဆိုပါတယ်။


ကော့ကရိတ် - မြဝတီ အာရှလမ်းတွင် မိုးကြီးမြေပြို လမ်းများပျက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၎င်းလမ်းအား တံတားထိုး ပြန်လည်ပြုပြင်ရန် အကြောင်းပြု၍ နယ်မြေလုံခြုံရေးအရ လှုပ်ရှားနေသော စစ်ကောင်စီတပ်များကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ရက်နေ့ မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ၊ ရက်နေ့ အထိ KNU - တပ်မဟာ () KNLA တပ်ရင်း ၁၈ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့မှ ပျောက်ကျားဖြင့်သော်လည်းကောင်း နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုအဖြင့် သော်လည်းကောင်း (၁၂) ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါတိုက်ပွဲတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ (၃၁) ဦး သေဆုံးပြီး (၂၆) ဦး ဒဏ်ရာရကာ ၎င်းတို့စစ်သုံးကား () စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ မှ () ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး () ဦးမှာ မစိုးရိမ် ဒဏ်ရာရခဲ့ပါတယ်။


ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးသည် အာဏာသိမ်း စစ်ကောင်စီ အစိုးရ၏ စီးပွားရေးအရ သော်လည်းကောင်း တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအရ သော်လည်းကောင်း အဓိကကျသော ထောက်တိုင်ကြီး တစ်တိုင်ဖြစ်တယ်လို့ဆိုပါတယ်။ 


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment