၂၀၂၃ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးတယ်လို့ ယာယီသမ္မတပြော
📌 ၂။ ပြည်သူ့ရင်ခွင်လုပ်ငန်းစဉ်ဟာ ပြည်သူဖက်ကို လှည့်နေတဲ့ သေနတ်ပြောင်းဝတွေ လျော့ကျပြီး သွေးမြေကျမှု အနည်းဆုံးနဲ့ တော်လှန်ရေး အလှည့်အပြောင်းကို ဖော်ဆောင်နိုင်တယ်လို့ဝန်ကြီးချုပ်ဆို
📌 ၃။ သြစတြေးလျနိုင်ငံ Melbourneမှာ မြန်မာလူထုနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်တို့တွေ့ဆုံပွဲကျင်းပမယ်
📌 ၄။ အကြမ်းဖက်စစ်တပ်ကသိမ်းယူထားတဲ့နေရာများအား Spring Pyin Oo Lwin Investment “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း” အဖြစ်စတင်
📌 ၅။ ကရင်နီပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများတွေ့ရှိ၍ ကရင်နီပြည်ရဲတပ်ဖွဲ့ အမှုဖွင့်အရေးယူဆောင်ရွက်
📌 ၆။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင် စစ်တပ်စခန်းနှင့် လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်ကူလာပို့တဲ့ စစ်ကြောင်းတို့အား KNLA ဦးဆောင်မှုဖြင့် ဒရုန်းဗုံးသီးအလုံး၂၀၀ကျော် ကြဲချတိုက်ခိုက်ရာ ရန်သူစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့
📌 ၇။ မကွေးတိုင်း ပခုက္ကူ-ရေစကြို လမ်းမပေါ်တွင် စကစတပ်ဖွဲ့ဝင်များ ကားကိုအတွဲလိုက် ပဒေသာမိုင်း ဖြင့် တိုက်ခိုက်ခဲ့
📌 ၈။ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၉) ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးတယ်လို့ ယာယီသမ္မတပြော
စက်တင်ဘာ၁၅ရက်
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ အခုလိုပြောကြားခဲ့ပါတယ်။
"ဒီမိုကရေစီမှာ လူထုလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေ အရေးကြီးသလို တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အခြေခံအချက်ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ အခုအချိန်မှာ တော်လှန်ရေးကာလအတွင်း ဖြတ်သန်းနေကြရပါတယ်။ လူထုဟာ မိုးထဲ ရေထဲမှာ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်နေကြရပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုဟာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံနေကြရပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက် ပျက်သုဉ်းလိုက်တာနဲ့ ပြည်သူလူထုဟာ တရားသောဥပဒေတွေရဲ့ ကာကွယ်ပေးမှုကို မခံရတော့ပါဘူး။ ဒါကို သေချာ နားလည်ပြီး ကျွန်တော်တို့ဟာ တရားသော ဥပဒေတွေနဲ့ ထိန်းကျောင်းသော လူမှုအဆောက်အအုံကို တည်ဆောက်ဖို့ လိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၀၇၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ ပြည်သူ့ရင်ခွင်လုပ်ငန်းစဉ်ဟာ ပြည်သူဖက်ကို လှည့်နေတဲ့ သေနတ်ပြောင်းဝတွေ လျော့ကျပြီး သွေးမြေကျမှု အနည်းဆုံးနဲ့ တော်လှန်ရေး အလှည့်အပြောင်းကို ဖော်ဆောင်နိုင်တယ်လို့ဝန်ကြီးချုပ်ဆို
စက်တင်ဘာ၁၅ရက်
စက်တင်ဘာလ ၁၅ ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေး အကောင်အထည်ဖော်ဆောင်မှု ကော်မတီ အစည်းအဝေး ကျင်းပရာမှာ ဝန်ကြီးချုပ်က အခုလိုဆိုပါတယ်။
''ပြည်သူ့ရင်ခွင်လုပ်ငန်းစဉ်ဟာ ပြည်သူဖက်ကို လှည့်နေတဲ့ သေနတ်ပြောင်းဝတွေ လျော့ကျပြီး သွေးမြေကျမှု အနည်းဆုံးနဲ့ တော်လှန်ရေး အလှည့်အပြောင်းကို ဖော်ဆောင်နိုင်တာမို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ရော လက်ခံယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ကျွန်တော်တို့ မဟာမိတ်တွေ အားလုံးရဲ့ အကြံပြုချက်တွေကို သေချာလေ့လာပြီး အတူလုပ်ဆောင်နိုင်ဖို့ စဉ်းစားကြရမှာ ဖြစ်ပါတယ်''လို့ဆိုပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ်မှ အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ပြည်သူ့ရင်ခွင်လုပ်ငန်းစဥ် ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၃။ သြစတြေးလျနိုင်ငံ Melbourneမှာ မြန်မာလူထုနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်တို့တွေ့ဆုံပွဲကျင်းပမယ်
စက်တင်ဘာ၁၅ရက်
သြစတြေးလျနိုင်ငံ Melbourneတွင် မြန်မာလူထုနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်တို့တွေ့ဆုံပွဲကျင်းပမယ်လို့ သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဇော်ဝေစိုးနှင့် လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဗဟန်းထန်, Australia နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့မှ မဲလ်ဘုန်းမြို့နေ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများ ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို စက်တင်ဘာလ ၃၀ ရက် စနေနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်လို့သတင်းရရှိပါတယ်။
community ပြည်သူများမည်သူမဆို ပါဝင်တက်ရောက်ပြီး မေးမြန်းဆွေးနွေးနိုင်တယ်လို့အသိပေးကြေညာထားပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်ကသိမ်းယူထားတဲ့နေရာများအား Spring Pyin Oo Lwin Investment “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း” အဖြစ်စတင်
စက်တင်ဘာ၁၅ရက်
အကြမ်းဖက်စစ်တပ်က သိမ်းယူထားတဲ့နေရာများအား Spring Pyin Oo Lwin Investment “နွေဦး ပြင်ဦးလွင် ရင်းနှီးမြုပ်နှံမှု စီမံကိန်း”
အဖြစ် စတင်လိုက်တယ်လို့ စက်တင်ဘာ၁၅ရက်မှာ EODက စီမံကိန်းနဲ့ပတ်သက်လို့ အသိပေးဖော်ပြပါတယ်။
အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ၏ အစီအစဉ်တစ်ရပ်အဖြစ် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ခေါင်းဆောင်များ (သို့) အကြမ်းဖက် စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များ (သို့) အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများက မတရားသဖြင့် သိမ်းပိုက်ရယူထားသော နိုင်ငံတော်ပိုင် ပြင်ဦးလွင်မြို့ နယ်နမိတ်အတွင်းရှိ မြေနှင့်အဆောက်အအုံများကို အများပြည်သူ အကျိုးရှိမည့် စီမံကိန်းများအဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ စီမံကိန်းတွင် ဧကထောင်ချီရှိသော စစ်တပ်သိမ်း မြေ၊ အဆောက်အဦးများ အားလုံးကို ပြန်လည်သိမ်းယူပြီး မြို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ တန်ဖိုးမြှင့်တင်စေသော အခင်းအကျင်းများဖြင့် Spring Pyin Oo Lwin Investment က တော်လှန်ရေးလွန်ကာလတွင် Educational Services, Tourism and Hill Resort, Organic Agriculture စီမံကိန်းများဖြင့် အနာဂတ်ပြင်ဦးလွင်အား အဆင့်ဆင့်ဖေါ်ဆောင်သွားရန် ရည်ရွယ်တယ်လို့ဆိုပါတယ်။
အထက်ပါ မြို့၏ဖွံ့ဖြိုးတိုးတက်မှု အစီအမံများအား မထိခိုက်စေပဲ တော်လှန်ရေးကာလအတွင်း လိုအပ်သည့် ဘဏ္ဍာငွေ ရရှိစေရန် သင့်တော်သော မြေကွက်များအားလည်း ပိုင်းခြားဖေါ်ထုတ် ရောင်းချပေးသွားမယ်လို့ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း ဖေါ်ဆောင်မည့် စီမံကိန်း အသေးစိတ်များကို အများပြည်သူအား ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ပြီး ကြေညာပြီးပါက ကမ္ဘာ့နိုင်ငံ အသီးသီးရှိ EOD ကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ပါဝင်နိုင်ပါကြောင်း သတင်းကောင်းပါးအသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ ကရင်နီပြည်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများတွေ့ရှိ၍ ကရင်နီပြည်ရဲတပ်ဖွဲ့ အမှုဖွင့်အရေးယူဆောင်ရွက်
စက်တင်ဘာ၁၅ရက်
အဆိုပါ ဖြစ်စဥ်ကို ကရင်နီပြည်ရဲတပ်ဖွဲ့က စက်တင်ဘာ၁၅ရက်မှာ အသိပေးဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေကြောင်းသတင်းအရ စက်တင်ဘာ ၁၃ရက်နေ့ ည ( ၃ )နာရီအချိန်ခန့် KSP ညောင်ပင်၊ KNDF Bo5၊ PDF 1101၊ PDF 1106 ပူးပေါင်းအဖွဲ့တို့ သွားရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ဆေးတွေ့ရှိချက်အရWY စာတမ်းပါ ပန်းရောင်ဆေးပြား ၂၇၁ ပြားနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွေ့ရသဖြင့် ညောင်ပင်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင် စစ်တပ်စခန်းနှင့် လက်နက်ခဲယမ်း၊ ရိက္ခာ၊ စစ်ကူလာပို့တဲ့ စစ်ကြောင်းတို့အား KNLA ဦးဆောင်မှုဖြင့် ဒရုန်းဗုံးသီးအလုံး၂၀၀ကျော် ကြဲချတိုက်ခိုက်ရာ ရန်သူစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့
စက်တင်ဘာ၁၅ရက်
Cloud Wingsဒရုန်းတပ်ဖွဲ့က စစ်ရေးသတင်းကို စက်တင်ဘာ၁၅ရက်မှာ အတည်ပြုဆိုထားပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အင်အား၃၀ခန့် တပ်စွဲထားတဲ့ ကွီလုံတိုင် စစ်စခန်းအား ကရင်အမျိုးအသားအစည်းအရုံး ( KNU ) တပ်မဟာ၆မှ ဩဂုတ်လ၊ ၂၄ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါကွီလုံတိုင်စစ်စခန်းအား မဆုံးရှုံးစေရန် ထိုင်းဘက်ခြမ်းကနေ လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို စစ်ကူပို့လာတဲ့ အင်အား၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား စက်တင်ဘာလ၊ ၆ရက်နေ့က စတင်ပြီး လိုက်လံတိုက်ခိုက်ခဲ့ပါတယ်လို့ သိရှိရပါတယ်။
ဩဂုတ်လ၊ ၂၄ရက်နေ့ မှစတင်ကာ စက်တင်ဘာလ၊ ၁၄ရက်နေ့အထိ ရက်၂၀ကျော်ကြာ တိုက်ပွဲများအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၁၀၇မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၂၀၀ကျော်အား ကြဲချခဲ့ပြီး အကြိမ်အရေအတွက်ပေါင်း ရာနဲ့ချီကာ ပျံသန်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခမရ-၃၃၉၊ ခမရ-၅၆၁၊ ခမရ-၅၅၇ အစရှိတဲ့ တပ်များ ပါဝင်တိုက်ခိုက်ခဲ့ကြပြီး လေကြောင်းပစ်ကူများလည်း ပေးခဲ့ကြပါတယ်။
၄င်းတိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားများကို ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့် သယ်ဆောင်သွားကြကာ သေဆုံးသွားသူများကို ဟောင်သရော မြစ်အတွင်းသို့ ပစ်ချလိုက်ကြပါတယ်လို့လည်း ဒေသခံများမှတဆင့် ပြန်လည်သိရှိရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၏ ဦးစီးဦးဆောင်မှု၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ မဟာမိတ်တပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ အဆိုပါစစ်ဆင်ရေးအား ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၇။ မကွေးတိုင်း ပခုက္ကူ-ရေစကြို လမ်းမပေါ်တွင် စကစတပ်ဖွဲ့ဝင်များ ကားကိုအတွဲလိုက် ပဒေသာမိုင်း ဖြင့် တိုက်ခိုက်ခဲ့
စက်တင်ဘာ၁၅ရက်
စက်တင်ဘာ၁၅ရက်မှာ စစ်ရေးသတင်းကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)က အခုလိုအသိပေးဆိုပါတယ်။
စက်တင်ဘာ ၁၅ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးတိုင်း ပခုက္ကူ-ရေစကြို လမ်းမပေါ်တွင် (စကစ) ကားကိုအတွဲလိုက် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး မိုင်းဆွဲအပြီး ကားခေတ္တရပ်သွားကာ ကားပေါ်မှ စကစသုံးဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့တယ်လို့ဆိုပါတယ်။
တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂)ဖြစ်သည့် Shwe Nyar Myae PDF နှင့် Young Force(UG)တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။
========================
📌📌 ၈။ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၉) ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ
စက်တင်ဘာ ၁၅ ရက်
စစ်ရေးသတင်းကို ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းJ.O.Cက စက်တင်ဘာ၁၅ရက်မှာ အသိပေးဆိုပါတယ်။
"စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်အနီးမှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ရေတလျောက်စခန်းကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်"လို့ဆိုပါတယ်။
ရေတလျောက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မနက် (၇း၅၅) မိနစ်မှာ စတင်ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ မနက် (၈း၂၀) မိနစ် အချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့အတည်ပြုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က (၉) ဦးသေဆုံးပြီး အခြားတပ်သားများ ထွက်ပြေးလွတ်မြောက်သွားခဲ့သလို KNLA - တော်လှန်ရေး ပူးပေါင်းတပ်ဖွဲမှ (၃) ဦး ဒဏ်ရာရပြီး (၁) ဦးမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ MA-1 (၁) လက်၊ MA-2 (၂) လက်၊ MA-3 (၁) လက်၊ MA-4 ပူးတွဲ (၂) လက်၊ RPG-7 (၁) လက်၊ 60mm ပြောင်းတို (၂) လက်၊ ပစ္စတို (၂) လက် နှင့် ငါးကြင်းမြိး စက်လက် (၁) လက် တို့ဖြစ်ပြီး ခဲယမ်း ကျည်ဆံနှင့် အခြားပစ္စည်းများမှာ RPG-7 ကျည် (၇၀) လုံး၊ 81mm ကျည် (၄၀) လုံး၊ 60mm ကျည် (၁၁၀) လုံး၊ M-79 ကျည် (၄၀) လုံး၊ 5.56 ကျည် (၂၈၀၀) တောင့်၊ 7.62 ကျည် (၈၀၀) တောင့်၊ တိုက်မိုင်း (၂၀) လုံး၊ နင်းမိုင်း (၂၃) လုံး၊ ရှေ့ထွက်မိုင်း (၃) လုံး၊ ဆက်သွယ်ရေးစက်ကြီး (၁) လုံး၊ မြေပုံ (၁) ရွက်၊ လက်ပစ်ဗုံး (၂၀) လုံး နှင့် Compass (၂) လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment