၂၀၂၃ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအနေနဲ့ ကိုယ်တိုင် မနှစ်သက်သည့် အလုပ်အား ပြန်မလုပ်မိကြစေရန် အထူးအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ပွဲပေါင်း (၄၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃၃၀) ဦး သေဆုံး
📌 ၃။ မြန်မာပြည်သူများဟာ စစ်အာဏာရှင်၏ ဖိနှိပ်မှုဒဏ်ကို ခံနေကြရပြီး ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ် ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့ဆို
📌 ၄။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် နွေဦးထီ project မှ ရရှိငွေ လေးဆယ့်ကိုးသိန်းငါးသောင်းကျပ်အား ကျန်းမာရေး CDM ဝန်ထမ်းကိုးဆယ့်ကိုးယောက်ကို ထောက်ပံ့ငွေ ကူညီနိုင်ခဲ့
📌 ၅။ နွေဦးပြင်ဦးလွင်စီမံကိန်းမှ မြေကွက်များကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်
📌 ၆။ မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLAအသိပေး
📌 ၇။ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းကို ပဒေသာမိုင်း (၈)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ (၂)ဦးသေ၊ (၂)ဦး ဒဏ်ရာရ
📌 ၈။ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာ အနီးအထိုင်ချ တပ်စွဲနေသာ စစ်ကောင်စီ နှင့်ပျူစောထီး စခန်းကုန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်၍ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
📌 ၉။ မြောင်နယ် သာဒွန်းကျေးရွာကို ညအိပ်တပ်စွဲခဲ့သော စကစတပ်များ သာဒွန်းရွာအနောက်ဘက်သို့ ကင်းပုန်းထွက်လာရာ လမ်းပိုင်းတစ်နေရာတွင်မိုင်းထိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအနေနဲ့ ကိုယ်တိုင် မနှစ်သက်သည့် အလုပ်အား ပြန်မလုပ်မိကြစေရန် အထူးအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ဆို
စက်တက်ဘာ၂၁ရက်
ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၈/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်ကအခုလိုဆိုပါတယ်။
"အုပ်ချုပ်ရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုရှိရန်လိုအပ်ကြောင်း၊ ပြည်သူကို အာဏာပြအုပ်ချုပ်သည့် ပုံစံမျိုးမဖြစ်ပေါ်စေရေးအတွက် အထူးကြပ်မတ်ထိန်းကျောင်းကြရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်၍ ပြည်သူကို နှစ်ပေါင်းများစွာ အနိုင်ကျင့်လာသည့် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများသည် ကိုယ်တိုင် မနှစ်သက်သည့် အလုပ်အား ကိုယ်တိုင် ပြန်မလုပ်မိကြစေရန် အထူးအရေးကြီးပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၇/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ပွဲပေါင်း (၄၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃၃၀) ဦး သေဆုံး
စက်တင်ဘာ၂၁ရက်
စက်တင်ဘာ၂၁ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းကို အသိပေးဖော်ပြပါတယ်။
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ပွဲပေါင်း (၄၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၃၃၀) ဦး သေဆုံး၍ (၄၅၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးဘက်မှ ရဲဘော် (၁၈) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၅၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်သူ့ထံမှ လက်နက်မျိုးစုံ (၈)လက်၊ ဒရုန်း (၄) စီး အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဤ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာပြည်သူများဟာ စစ်အာဏာရှင်၏ ဖိနှိပ်မှုဒဏ်ကို ခံနေကြရပြီး ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ် ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့ဆို
စက်တင်ဘာ၂၁ရက်
မြန်မာပြည်သူများဟာ စစ်အာဏာရှင်၏ ဖိနှိပ်မှုဒဏ်ကို ခံနေကြရပြီး ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ် ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့သဝဏ်လွှာတွင် ဆိုထားပါတယ်။
"မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ် ကြီးကြီးမားမား ပေးဆပ်ခဲ့ရတာ ကြာပါပြီ။ ကျွန်ုပ်တို့သည် ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်၏ ဖိနှိပ်မှုဒဏ်ကို ခံနေကြရပြီး တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းရာတွင် အသက်နှင့် အသက်မွေးဝမ်းကျောင်းများ စတေးခဲ့ကြပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ၏ ပဋိပက္ခများ၏ နောက်ဆက်တွဲ အကျိုးဆက်များမှာ အိမ်နီးချင်းနိုင်ငံများတွင် မရေမတွက်နိုင်သော ဒုက္ခသည်များ ဘေးကင်းရန် ကြိုးပမ်းမှု၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံတကာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံတကာ ရာဇ၀တ်မှုများဖြင့် ဒေသတွင်း အနှံ့အပြား ပျံ့နှံ့နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ထူထောင်ခြင်းသည် အရှေ့တောင်အာရှတခွင် တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်ပေးမည့် လှိုင်းလုံးကြီး အကျိုးသက်ရောက်မှု ရှိလာမှာလည်းဖြစ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် နွေဦးထီ project မှ ရရှိငွေ လေးဆယ့်ကိုးသိန်းငါးသောင်းကျပ်အား ကျန်းမာရေး CDM ဝန်ထမ်းကိုးဆယ့်ကိုးယောက်ကို ထောက်ပံ့ငွေ ကူညီနိုင်ခဲ့
စက်တင်ဘာ၂၁ရက်
စက်တင်ဘာ၂၁ရက်မှာ CDM Medical Network က အခုလိုအသိပေးဆိုပါတယ်။
"၂၀၂၃ ခုနှစ် ဇူလိုင်လတွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း လေးဆယ့်ကိုးသိန်းငါးသောင်းကျပ်တိတိကို ကျန်းမာရေး CDM ဝန်ထမ်း ကိုးဆယ့်ကိုးယောက်မှ မျှဝေရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သုံးသောင်းကျော်ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။
နွေဦးထီ ထိုးသားပြည်သူ တစ်ရပ်လုံးကို CDM Medical Network အနေဖြင့် နွေဦးထီ ထောက်ပံ့ကြေးငွေရရှိသွားသော ကျန်းမာရေး CDM ဝန်ထမ်းများ အားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း အသိပေးဆိုထားပါတယ်။
========================
📌📌 ၅။ နွေဦးပြင်ဦးလွင်စီမံကိန်းမှ မြေကွက်များကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်
စက်တင်ဘာ၂၁ရက်
နွေဦးပြင်ဦးလွင်စီမံကိန်းမှ မြေကွက်များကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်မှာဖြစ်ကြောင်း စက်တက်ဘာ၂၁ရက်မှာ The End of Dictatorship (EOD)ကအသိပေးဆိုပါတယ်။
လက်ရှိအားဖြင့် ပြင်ဦးလွင်မြို့နယ်နိမိတ်၏ တစ်ဝက်ကျော်ခန့်သည် မတရားအာဏာသိမ်း စစ်တပ်နှင့်အဆက်အနွယ်များ ပိုင်ဆိုင်စီမံခန့်ခွဲလျက်ရှိသော မြေများဖြစ်ပါသည်။ ခန့်မှန်းတိုင်းတာမှုများအရ အကြမ်းဖက်စစ်တပ် သိမ်းပိုက်ရယူထားသော မြေအကျယ်အဝန်းသည် ပြင်ဦးလွင်မြို့ နယ်နိမိတ်အတွင်း ဧက ၄၀၀၀ ကျော်ရှိပါတယ်။ ဤ မတရားအာဏာသိမ်း စစ်တပ်ပိုင်မြေများအနက်မှ တပ်မတော်နည်းပညာတက္ကသိုလ်အနီး မြေဧက ၃၀၀ ခန့်ကို စီးပွားရေးလုပ်ငန်းသုံးနှင့် အိမ်ရာမြေများ ဖော်ထုတ်ရန် စီစဉ်ထားတယ်လို့သိရပါတယ်။
စီးပွားရေးလုပ်ငန်းသုံးအဖြစ် ပေ ၁၀၀ x ပေ ၂၀၀ အကွက်များအား မန္တလေး-လားရှိုးလမ်းမကြီးဘက်ခြမ်းတွင် ဖော်ဆောင်မည်ဖြစ်ပြီး စီမံကိန်း အတွင်းဖက်တွင် ပေ ၄၀ x ပေ ၈၀ အကွက်၊ ပေ ၈၀ x ပေ ၈၀ အကွက်နှင့် ၁ ဧက အကွက်များအား လူနေအိမ်ရာမြေကွက်များအဖြစ် ဖော်ထုတ်ရောင်းချပေးမှာဖြစ်ပါတယ်။
မြေပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပြီး၊ ကာလပေါက်စျေး၏ သုံးပုံတစ်ပုံခန့် တန်ဖိုးဖြင့်သာ ရောင်းချပေးမှာ ဖြစ်ပြီး ငွေပေးချေမှုကိုလည်း တော်လှန်ရေး ကာလအတွင်းနှင့် တော်လှန်ရေး ကာလအပြီးဟု ပိုင်းခြားပေးသွင်းရမှာ ဖြစ်ပါတယ်။
EOD ကိုယ်စားလှယ်များမှတဆင့် ဝယ်ယူရမှာဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်း စာရင်းပေးသွင်းဝယ်နိုင်တော့မှာ ဖြစ်ကာနွေဦးပြင်ဦးလွင်စီမံကိန်းမှ မြေကွက်များကို လက်ရှိ မြန်မာနိုင်ငံသား မဟုတ်သည့် နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLAအသိပေး
စက်တင်ဘာ၂၁ ရက်
မူဆယ်နှင့် ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ TNLAက အသိပေးဆိုပါတယ်။
တအာင်းပြည်နယ် တပ်မဟာ(၁) စစ်ဒေသ မူဆယ်မြို့နယ်နှင့် တပ်မဟာ(၅) စစ်ဒေသ ကွတ်ခိုင်မြို့နယ်တို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်(၅း၀၀)အချိန်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ဆိုပါတယ်။
မူဆယ်မြို့နယ် ကောင်ရာရွာမှ တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ တပ်မ - ၉၉/ ခြေမြန်ရင်း - ၄၁၉နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တအာင်းတပ်မတော်တို့ ယနေ့နံနက်စောစော(၅း၀၀)အချိန်တွင် လွယ်ကျယ်လော့အနီးတွင် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြပါတယ်။
ထို့အပြင် နေ့လည်(၁၂း၃၀)အချိန် ကွတ်ခိုင်မြို့နယ် ခိုမုန်းရွာအနီးသို့ စစ်အင်အားဖြင့်ဝင်လာသည့် စစ်ကောင်စီတပ် စကခ - ၁၇/ ခမရ - ၅၇၄၊ ၅၇၇၊ ရမခ/ ခလရ - ၄၅ နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့ကလည်း မူဆယ်မြို့ ဆိုင်ခေါင်ရွာအနီးနှင့် ကွတ်ခိုင်မြို့ ခိုမုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်တို့ တစ်နေ့လုံးနီးပါးကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လွယ်ကျယ်လော့ ၊ ၁၀၅ မိုင်နှင့် နမ့်ဖက်ကာတပ်စခန်းမှ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် မူဆယ် နာထန်၊ မာန်ကန်နှင့် ကွတ်ခိုင် ခိုမုန်းရွာအနီးသို့ လက်နက်ကြီးဖြင့် (၆၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အလားတူ စက်တင်ဘာ၂၁ရက် တိုက်ဖြစ်ပွားခဲ့သည့်နေရာနှင့် ပြည်သူများနေထိုင်သည့် ကျေးရွာအနီးသို့ စစ်ကောင်စီတပ် လွယ်ကျယ်လော့နှင့် နမ့်ဖက်ကာတပ်စခန်းမှ လက်နက်ကြီးဖြင့် အကြိမ်(၇၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စက်တင်ဘာ၂၀ရက်နေ့က မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အထက်ညောင်ကုန်းရွာ ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦးသေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်အကြား ဇူလိုင်လ (၂၃)ရက်နေ့မှ စက်တင်ဘာလ (၂၁)ရက်နေ့အထိ တိုက်ပွဲစုစုပေါင်း(၅၆)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၇။ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းကို ပဒေသာမိုင်း (၈)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ (၂)ဦးသေ၊ (၂)ဦး ဒဏ်ရာရ
စက်တင်ဘာ ၂၁ရက်
ပဲခူးတိုင်းစစ်ဒေသခွဲက စစ်ရေးသတင်းကို စက်တင်ဘာ၂၁ရက်မှာ အသိပေးဆိုပါတယ်။
"ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမပေါ်သို့ သိမ်ကုန်းတာဝါတိုင် အထိုင်စခန်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား(၂၈)ဦးပါ စစ်ကြောင်းကို စက်တင်ဘာ (၁၆)ရက်နေ့ နေ့လယ်(၁)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ (ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF၊ လင်းယုန်အဖွဲ့) က ရိုးမအစပ် လျှော်ဖြူချောင်းအနီး မိုင်းကွင်းထဲအရောက်၌ ပဒေသာမိုင်း (၈)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးကာ (၂)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များက သေဆုံးသူများကို မြုပ်နှံ၍ ဒဏ်ရာရရှိသူများကို သယ်ဆောင်ကာ ပျားကြီးတောင်ဘက်သို့ ဆက်လက်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာ အနီးအထိုင်ချ တပ်စွဲနေသာ စစ်ကောင်စီ နှင့်ပျူစောထီး စခန်းကုန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်၍ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ
စက်တင်ဘာ၂၁ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာအနီးအထိုင်ချ တပ်စွဲနေသာ စစ်ကောင်စီ နှင့်ပျူစောထီး စခန်းကုန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်၍ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ၂၁ရက်မှာ စစ်ရေးသတင်းကို Yaw National Revolution Force - Htilinက အတည်ပြုထားပါတယ်။
"စက်တင်ဘာ ၁၈ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာအနီးအထိုင်ချ တပ်စွဲနေသာ စစ်ကောင်စီနှင့် ပျူစောထီး စခန်းကုန်းအား ဂန့်ဂေါခရိုင် အမှတ် (၇၊၁၈၊၁၉) တပ်ရင်း၊ CDF မင်းတပ် တပ်ရင်း(၂)၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲကြာမြင့်ချိန် (၂၀)မိနစ်ခန့်ရှိပြီး ပျူ(၂)ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ်သားနှင့် ပျူ (၃) ဦးအား အင်အားလျော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့ဝင်များ စခန်းအား စွန့်ခွာထွက်ပြေးသွားခဲ့ပြီး ယင်းတိုက်ပွဲမှ ကာဘိုင် (၉) လက်၊ Greener (၆) လက်၊ ကာဘိုင်ကျည်ဘောက် (၁၈) ဘောက်၊ MA ကျည်ဘောက် (၇) ပေါက်၊ ကာဘိုင်ကျည် (၉၀၀)တောင့်၊ Greener ကျည် (၂၀၀)တောင့်၊ MA ကျည် (၁၅၀)တောင့်၊ အီနာဂါဗုံးသီး (၅) လုံး သိမ်းဆည်း ရရှိခဲ့ပါတယ်။
========================
📌📌 ၉။ မြောင်နယ် သာဒွန်းကျေးရွာကို ညအိပ်တပ်စွဲခဲ့သော စကစတပ်များ သာဒွန်းရွာအနောက်ဘက်သို့ ကင်းပုန်းထွက်လာရာ လမ်းပိုင်းတစ်နေရာတွင်မိုင်းထိ
စက်တင်ဘာ၂၁ရက်
စက်တင်ဘာ၂၁ရက်မှာ စစ်ရေးသတင်းကို .ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့က အတည်ပြုပါတယ်။
"စက်တင်ဘာ၂၀ရက် ညပိုင်းမြောင်နယ် သာဒွန်းကျေးရွာကို ညအိပ်တပ်စွဲခဲ့သော စကစတပ်များမှာ ယနေ့ နံနက်သာဒွန်းရွာအနောက်ဘက်သို့ ကင်းပုန်းထွက်လာရာ ဒေါင်းစစ်သည်များ ကြိုတင်ပြင်ဆင်ပြီး ပဒေသာမိုင်းသုံးလုံးတွဲ မိုင်းကွင်းထဲရောက်လာ၍ ထိမိစွာမိုင်းဆွဲခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစတပ်များပြန်လည်ပစ်ခတ်ခဲ့ပြီး စကစတပ်များ ထိခိုက်သေဆုံးအားအတည်ပြုနေဆဲ ဖြစ်ပါတယ်။
ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့ မိုင်းဆွဲနေချိန် ဝိုင်းဝန်းခဲ့သော မဟာမိတ်အဖွဲ့များမှာ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ စစ်ကိုင်းခရိုင်တပ်ရင်း၂နှင့် ၆မှတပ်ခွဲ ၃၊ မြောင်ပြည်သူ့တပ်မတော် MUAစတဲ့မဟာမိတ်များ ပါဝင်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment