၂၀၂၃ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် နွေဦးတော်လှန်ရေးမှာ နိူင်ငံရေးသဘောထားကြီးမှုကို ပိုမိုပြသဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၅) နှစ်မြောက် အခမ်းအနားကို NUGအစိုးရအဖွဲ့အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် Kim Eric လည်း တက်ရောက်ခဲ့
📌 ၃။ စစ်အုပ်စုဟာ အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထုတ်ပြန်
📌 ၄။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့်ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ
📌 ၅။ မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား MOWYCA တိုင်းတာဝန်ခံနှင့် အဖွဲ့ဝင်များက ဆန်များလှူဒါန်းပံ့ပိုးပေးခဲ့
📌 ၆။ စစ်ကောင်စီ၏ ကျောင်းပေါင်း၃၇၀KNUပညာရေးဌာန၏ အုပ်ချုပ်စီမံမှုအောက်သို့ရောက်ရှိသွား
📌 ၇။ ရွှေကူမြို့နယ် မှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့်မြို့လှK-PDF တပ်ရင်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ(၉)ဦးသေဆုံးပြီး စစ်ကြောင်းမှူးပါဝင်(၁၁)ဦး ဒဏ်ရာရ
📌 ၈။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူပေါင်း ၁၅,၀၀၀ ခန့် နေရပ်စွန်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်ခြေ ၁၀၀ ထက်မနည်း ပျက်စီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် နွေဦးတော်လှန်ရေးမှာ နိူင်ငံရေးသဘောထားကြီးမှုကို ပိုမိုပြသဖို့ ယာယီသမ္မတတိုက်တွန်းပြောကြား
စက်တင်ဘာ၂၇
စက်တင်ဘာ၂၇ရက်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၃၅) နှစ်မြောက်အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် နွေဦးတော်လှန်ရေးမှာ နိူင်ငံရေးသဘောထားကြီးမှုကို ပိုမိုပြသဖို့လိုအပ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလမှ တိုက်တွန်းပြောကြားလိုက်ပါတယ်။
"နွေဦးတော်လှန်ရေးအောင်မြင်မှုရရှိဖို့ရန်အတွက်ကျနော်တို့အားလုံးမှာ ညီညွတ်မှုနဲ့ နိူင်ငံရေးစိတ်စေတနာ၊ နိူင်ငံရေးသဘောထားကြီးမှုတွေရှိနေဖို့အင်မတန်မှ အရေးကြီးတယ်လို့ယုံကြည်ပါတယ်။ဒါကြောင့် အမျိုးသားဒီကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီတော်လှန်ရေးမှာ နိူင်ငံရေးသဘောထားကြီးမှုကိုပိုမိုပြသကာ တော်လှန်ရေးအင်အားစုများနဲ့ ပိုမိုလက်တွဲ ပူးပေါင်းဆောင်ရွက်နိူင်ကြဖို့လည်းတိုက်တွန်းပြောကြားလိုပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ လက်နက်အားကိုးနဲ့နိူင်ငံတော်အာဏာကို ရယူဖို့ကြိုးပမ်းချိန်မှာလည်း အမျိုးသားဒီကရေစီအဖွဲ့ချုပ်ဟာ ပြိုပျက်သွားခြင်းမရှိဘဲ လူထုအကျိုးအတွက်ရပ်တည်ပေးနေခဲ့တာကို ဂုဏ်ယူတယ်လို့ ယာယီသမ္မတကပြောပါတယ်။
========================
📌📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၅) နှစ်မြောက် အခမ်းအနားကို NUGအစိုးရအဖွဲ့အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် Kim Eric လည်း တက်ရောက်ခဲ့
စက်တင်ဘာ၂၇ရက်
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၅) နှစ်မြောက် အခမ်းအနားကို zoom မှ တစ်ဆင့် စတင်ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ခြောက်ရာကျော် တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် Kim Eric လည်း တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အခမ်းအနားတွင် ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာခင်ဆောင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား ပြီး ယာယီသမ္မတကြီး ဒူးဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အမှတ်တရစကားများပြောကြား ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပြည်သူသို့ပေးအပ်ခြင်းများကို တင်ပြခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ် ပြန်ချက်တစ်ရပ်နှင့် စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးမှတ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။
အခမ်းအနားကို မြန်မာစံတော်ချိန် ၁၁ နာရီ ၃၀ မိနစ် တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၃။ စစ်အုပ်စုဟာ အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထုတ်ပြန်
စက်တင်ဘာ၂၇ရက်
စက်တင်ဘာ၂၇ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီမှ အခုလို အသိပေးထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ (၆၈၈) ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများအား ဥပဒေမဲ့ ချိပ်ပိတ် သိမ်းဆည်းခဲ့မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၇၃) ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့ပါတယ်။
ထို့အပြင် ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် (၁၆၀) ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့်ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံ
စက်တင်ဘာ၂၇ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းနှင့်ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ Mr.Eamon Gilmore တို့စက်တင်ဘာ၂၆ရက်ကတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆောင်ရွက်နေမှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါဆွေးနွေးမှုများတွင် မြန်မာ့နွေဦးတော်လှန်ရေးနှင့် စပ်လျဉ်းသည့် လူသားချင်းစာနာထောက်ထားမှု အကူညီများရရှိနိုင်ရေး အခြေအနေများ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးအပေါ် ရှုမြင်သုံးသပ်မှုများ အပြင် ကုလသမဂ္ဂနှင့် အာဆီယံ၏ မြန်မာ့နိုင်ငံရေးအပေါ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား MOWYCA တိုင်းတာဝန်ခံနှင့် အဖွဲ့ဝင်များက ဆန်များလှူဒါန်းပံ့ပိုးပေးခဲ့
စက်တင်ဘာ၂၇
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများအား ဆန်လှူဒါန်းမှုနှင့်ပတ်သက်ပြီး ၏အခုလို အသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏လမ်းညွှန်မှုနဲ့ မကွေးတိုင်းအမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံနှင့် မြို့နယ်တာဝန်ခံများ၏ကြီးကြပ်မှုဖြင့် စက်တင်ဘာ၂၅ရက်နေ့က မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်းရှိကျေးရွာများမှစစ်ဘေးရှောင်ပြည်သူများအား MOWYCA တိုင်းတာဝန်ခံနှင့် အဖွဲ့ဝင်များက ဆန်များလှူဒါန်းပံ့ပိုးပေးခဲ့တယ်"လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ စစ်ဘေးရှောင်များကို ကူညီထောက်ပံမှုများအပြင် သက်မွေးပညာသင်တန်းများကိုလည်းပို့ချပေးလျက်ရှိပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီ၏ ကျောင်းပေါင်း၃၇၀KNUပညာရေးဌာန၏ အုပ်ချုပ်စီမံမှုအောက်သို့ရောက်ရှိသွား
စက်တင်ဘာ၂၇ရက်
စက်တင်ဘာ၂၆ရက်တွင် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၏ အစီရင်ခံစာသစ်တွင် ဖော်ပြချက်အရ
စစ်ကောင်စီအနေဖြင့် ၄င်းတို့လက်အောက်ရှိ ကျောင်းပေါင်း၃၇၀ကို ထိန်းချုပ်နိူင်မှုအားလက်လွှတ်ဆုံးရှုံးခဲ့ရပြီး ယခုအချိန်တွင် KNUပညာရေးဌာန၏ အုပ်ချုပ်စီမံမှုအောက်တွင်ရှိနေပြီဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်
ဒါ့အပြင် စစ်အာဏာသိမ်းပြီး၁၁လအကြာ ၂၀၂၁ ခုနှစ်အကုန်တွင် စစ်ကောင်စီတပ်စခန်း၂၁ခုဆုံးရှုံးခဲ့ပြီး ၁၈လအကြာ၂၀၂၃ ခုနှစ် နှစ်လယ်တွင် နောက်ထပ်စစ်စခန်း၄၁ခုဆုံးရှုံးခဲ့ပါတယ်။
========================
📌📌 ၇။ ရွှေကူမြို့နယ် မှာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့်မြို့လှK-PDF တပ်ရင်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ(၉)ဦးသေဆုံးပြီး စစ်ကြောင်းမှူးပါဝင်(၁၁)ဦး ဒဏ်ရာရ
စက်တင်ဘာ၂၇ရက်
စက်တင်ဘာ၂၇ရက်မှာ စစ်ရေးသတင်းကို MYOHLA K-PDFမှ အခုလိုအသိပေးဆိုပါတယ်။
"ကချင်ပြည်နယ် ရွှေကူမြို့ ဆိပ်ကမ်းမှ အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘော (၆)စီး ဗန်မော်သို့ဆန်တက်စဥ် လုံခြုံရေးယူရန် သင်္ဘောအင်းကျေးရွာသို့ စက်တင်ဘာ၂၀
ရက်နေ့မှတပ်မ (၈၈)လက်အောက်ခံ ခလရ (121)နှင့်ခလရ (၁၀၊၇၇)တို့ဝင်ရောက်တပ်စွဲထားပြီးညပိုင်းမှာ ကျွန်းတော်ရွာဘက်သို့ စက်လှေချော လှမ်းခေါ်ထားသည်ကိုကြိုတင်သတင်းရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
စစ်ကောင်စီအဖွဲ့တွေဟာ ချောစက်လှေ ၂ စီးဖြင့် ခလရ (၁၀၊၇၇) တပ်မှကျေးရွာဘက်သို့စက်လှေ တစ်စီးဆင်းလာပြီး ခလရ (121) အဖွဲ့အင်အား (၆၇) ယောက်အဖွဲ့က သင်္ဘောအင်းရွာမှ နောင်မိုဘက်သို့ ဆန်တက်စဥ် မြို့လှK-PDF အဖွဲ့မှ စောင့်ကြိုပြီး 5:15am စတင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ စက်လှေအတွင်းသို့ထိထိရောက်ရောက်ပစ်ခတ်နိုင်ခဲ့သည့်အတွက် အကြမ်းဖက် စစ်ကောင်စီ၏ချောစက်လှေဟာ ကျောက်ကြိုးဘုရာအနီးဧရာဝတီမြစ်တစ်ကမ်းသို့ ကသောင်းကနင်းမောင်းကပ်သွားရာ ကမ်းအရောက်တွင်ချောစက်လှေဟာ နစ်မြုပ်သွားခဲ့ရပြီး ထိခိုက်သေဆုံးသူများနှင့်ဒဏ်ရာရသူများအားဆွဲးတင်နေကြသည်ကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
ဒုတိယအကြိမ် 7:20am မှာအပြန်အလှန်ထိတွေ့ပစ်ခတ်ခဲ့ ခလရ (121) အဖွဲ့နဲ့စစ်ကြောင်းမှူးကိုယ်တိုင်ဒဏ်ရာသွားပြီ(၉)ဦးသေဆုံးကာ(၁၁)ဦးဒဏ်ရာရသွားခဲ့ပါတယ်။
ထို့နောက်မြို့လှK-PDF အဖွဲ့ဟာ ရန်သူအား အနားမပေးတော့ပဲ တတိယအကြိမ် 8:40 am မှာထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေဟာ ကျောက်ကြိုးဘုန်းကြီးကျောင်းဘက်သို့ တက်ပြေးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၈။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူပေါင်း ၁၅,၀၀၀ ခန့် နေရပ်စွန်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်ခြေ ၁၀၀ ထက်မနည်း ပျက်စီးခဲ့
စက်တင်ဘာ၂၇ရက်
"နိုင်ငံတစ်ဝန်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ စဥ်ဆက်မပြတ် ဖြစ်ပွားနေသလို အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်အိုးအိမ်ပျက်စီးမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေပါတယ်။စက်တင်ဘာလ (၁၄)ရက်နေ့ကစတင်ပြီး နိုင်ငံအရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လူပေါင်း ၁၅,၀၀၀ ခန့် နေရပ်စွန်ခွာ ထွက်ပြေးခဲ့ရပြီး အိမ်ခြေ ၁၀၀ ထက်မနည်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း လူပေါင်း ၁,၈၅၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်"လို့ စက်တင်ဘာ၂၇ရက်မှာ UN OCHA Myanmarမှအသိပေးဖော်ပြပါတယ်။
ထို့အပြင် အစီရင်ခံစဥ်ကာလအတွင်း နိုင်ငံအရှေ့မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်စွာနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း (၇၆၀) နဲ့ ကချင်ပြည်နယ် (၁၀၀)၊ စုစုပေါင်း လူဦးရေ ၈၅၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပြည်တွင်းနေရပ်စွန့်ခွာရသူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment