12th OCT 2023 - Morning Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လူ ၁ဝ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၂ဝ ကျော် လုပ်ခဲ့ဟု NLD ပါတီထုတ်ပြန်

📌 ၂။ အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး လက်သင့်ခံ၍ မရကြောင်း ကနေဒါသံရုံး ထုတ်ပြန်

📌 ၃။ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းမှ ပြည်သူ ၆ဝဝ နီးပါး အရေးပေါ်အကူအညီများ လိုအပ်နေ

📌 ၄။ ကယားစစ်ဒေသခွဲက PDFရဲဘော်များကို ပြည်သူလူထုလုံခြုံရေးဆိုင်ရာသင်တန်းပေး

📌 ၅။ အမှတ် ၁၀၀၈ SSRY တပ်ရင်းမှ ရဲဘော် ၂၃ ဦး KNDF တပ်ရင်း- နှင့် တရားဝင်ပူးပေါင်း

📌 ၆။ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေးနဲ့ဇနီးကို ဆုငွေချီးမြင့်ပြီး ဘေးလွတ်ရာပို့ဆောင်ခဲ့

📌 ၇။ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအတွက် The Way Musical Film က ကျပ်သိန်း၁ဝဝ လှူဒါန်း

📌 ၈။ မုန်လိုင်ခက်နှင့် အတူရပ်တည်ကြောင်း လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ဆားလင်းကြီး ပအဖ တို့ ပူးပေါင်းဆန္ဒပြ၊ ဘန်ကောက်ရှိ UN ရုံးတွင် မြန်မာနိုင်ငံသားများ ဝမ်းနည်းကြောင်း ဆန္ဒထုတ်ဖော်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လူ ၁ဝ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၂ဝ ကျော် လုပ်ခဲ့ဟု NLD ပါတီထုတ်ပြန်


အောက်တိုဘာ ၁၁။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ ၁ဝ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ ကြိမ် ရှိခဲ့ပြီး ပြည်သူ ၅၉၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အောက်တိုဘာလ ၁၁ ရက် နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့က ရရှိထားသော စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစာရင်းများအရ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများစာရင်းကို ထုတ်ပြန်လိုက်တာပါ။


၂၀၂၁ ဖေဖော်ဝါရီ ရက်နေ့ ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဥ်းချသတ်ဖြတ်ခြင်းများဖြင့် ရက်စက်စွာဖြိုခွင်းခဲ့သည်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီ (ကယား)ပြည်နယ်၊ ကချင်၊ မွန်၊ ရခိုင်နဲ့ ပဲခူတိုင်းအတွင်းက အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်တပ်က အဓိကပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်းတခုထဲမှာတင် ၁၄ ကြိမ်နဲ့ အကြိမ်ရေအများဆုံးဖြစ်ခဲ့တာကို တွေ့ရပါတယ်။


ဒီဖြစ်စဥ်တွေအရ အကြမ်းဖက်စစ်ကောင်စီဟာ လူသားမျိုးနွယ်ပျက်သုဥ်းစေမှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင် တင်းတင်းကျူးလွန်နေတာ ထင်ရှားနေတဲ့အတွက် စစ်ကောင်စီအား တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး၊ အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှုရရှိရေးတို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်မှုများ ရပ်တန့်ရေးနဲ့ ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရားမျှတမှု အမြန်ဆုံးပြန်လည်ရရှိစေရေးတို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယခုထက်ပိုမိုထိရောက်စွာ ကူညီပံ့ပိုးပေးကြ ဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး လက်သင့်ခံ၍ မရကြောင်း ကနေဒါသံရုံး ထုတ်ပြန်


အောက်တိုဘာလ ၁၁။

အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး လက်သင့်ခံ၍ မရကြောင်း ကနေဒါသံရုံးက အောက်တိုဘာလ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။


အောက်တိုဘာလ () ရက်နေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးတွင် ကလေးငယ်များ အပါအဝင် အနည်းဆုံး အရပ်သား (၂၉) ယောက်ကို အသက်ဆုံးရှုံးစေခဲ့ပြီး  အရပ်သားပြည်သူ အများအပြားကို ဒဏ်ရာရစေခဲ့သော တိုက်ခိုက်မှု သတင်းများကြောင့် ကနေဒါနိုင်ငံက ထိတ်လန့်တုန်လှုပ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံတွင် မြန်မာစစ်တပ်၏ ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှုဒဏ်ကို ခံနေရသည်မှာ ထိလွယ်ခိုက်လွယ်ဆုံး အရပ်သားများ ဖြစ်နေကြပြီး အရပ်သားများကို တိုက်ခိုက်ခြင်းက နိုင်ငံတစ်ဝန်း ဆိုးရွားသည့် အန္တရာယ်နှင့် ထိခိုက်နစ်နာမှုများကို ဆက်လက်ဖြစ်ပွားစေလိမ့်မယ်လို့ ကနေဒါ သံရုံးက ဆိုပါတယ်။


ကနေဒါနိုင်ငံက အဆိုပါ အကြမ်းဖက်သည့်လုပ်ရပ်များကို ရှုတ်ချလိုက်ပြီး အရပ်သားများကို ပစ်မှတ်ထားခြင်းနှင့် သတ်ဖြတ်ခြင်းက နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပြီး လက်သင့်ခံ၍ မရဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


စစ်ကောင်စီ အနေဖြင့် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ အရပ်သားများအား ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရန်၊ နိုင်ငံတကာဥပဒေများကို လိုက်နာရန် အသိပေးထားပြီး မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီများကို အပြည့်အဝနှင့် အကန့်အသတ်မရှိ ပေးခွင့်ပေးရန်တို့ကိုလည်း ထပ်မံတောင်းဆိုထားပါတယ်။


========================


📌📌 ၃။ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းမှ ပြည်သူ ၆ဝဝ နီးပါး အရေးပေါ်အကူအညီများ လိုအပ်နေ


အောက်တိုဘာ ၁၁။

ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာရှိတဲ့ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းက ပြည်သူ ၆ဝဝ နီးပါး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ Kachin Gender Star Group က ပြောပါတယ်။

အောက်တိုဘာလ ရက်နေ့ည ၁၁နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုခံခဲ့ရသော Mung Lai Hkyet (မုန်လိုင်ခက်)စစ်ဘေးရှောင်စခန်းရှိ ပြည်သူများမှာ အရေးပေါ် အကူအညီများလိုအပ်နေပါတယ်။ Kachin Gender Star Group ကလည်း အရေးပေါ်လိုအပ်သော သောက်သုံးရေ၊ အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်းများနဲ့ ငွေကြေးအချို့သွားရောက်ကူညီလှူဒါန်းခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပံ့ပိုးမှုများလည်း ပြုလုပ်ခဲ့ကြပါတယ်လို့ သိရပါတယ်။


စစ်ဘေးရှောင်ပြည်သူတွေအတွက် စောင်၊ အဝတ်အစား၊ အနွေးထည်၊ အိပ်ယာခင်း၊ ဖျာ၊ ခြင်ထောင်နဲ့ ဖိနပ်၊ ရေခွက်၊ တဘက်၊ ကလေးအနှီး၊ ဒိုက်ဘာ၊ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်၊ ထင်း၊ လူနေအိမ်၊ ကျောင်းသူ၊ ကျောင်းသားအသုံးအဆောင်နဲ့ အဝတ်အစား၊ အာဟာရအတွက် အစားအသောက်နဲ့ ငွေကြေး လိုအပ်နေတယ်လို့ ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ဦးအပါအဝင်၊ စစ်ဘေးရှောင်ပြည်သူအမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးရှိကာ အိမ် ၁၃၃ လုံး ပျက်စီးခဲ့တဲ့အတွက် အရေးပေါ်အကူအညီလိုအပ်နေတဲ့ပြည်သူ အမျိုးသား ၂၇၄ ဦး၊အမျိုးသမီး ၃ဝ၅ ဦး စုစုပေါင်း ၅၇၉ ဦးရှိတယ်လို့ သိရပါတယ်။ 


ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ စစ်ရှောင်စခန်းတာဝန်ရှိသူ Woichyai ဖုန်း +8618488945304 ကို တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ကယားစစ်ဒေသခွဲက PDFရဲဘော်များကို ပြည်သူလူထုလုံခြုံရေးဆိုင်ရာသင်တန်းပေး


အောက်တိုဘာ ၁၁။

ကရင်နီ (ကယား) ပြည်နယ် စစ်ဒေသခွဲမှာ တဝန်ထမ်းဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော် PDF တွေကို ပြည်သူလူထုလုံခြုံရေးဆိုင်ရာသင်တန်းတွေ သင်ကြားပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ စတုတ္ထပတ်မှာ ကယားစစ်ဒေသခွဲက ပြည်သူလူထုလုံခြုံရေးဌာနတာဝန်ရှိသူနဲ့ တပ်ရင်း "လုံ"အရာရှိများက PDF ရဲဘော်များနဲ့အတူ ရှေ့တန်းစစ်မြေပြင်တနေရာမှာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) စစ်သည်တော် ကျင့်ဝတ်စည်းကမ်းများ (Code of Conduct) ကို သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီသင်တန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဥ်များကို ရှင်းလင်းမျှဝေခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် သင်တန်းမှာ စစ်ရေးဆိုင်ရာပစ်မှတ်သတ်မှတ်ချက်များကို ရှင်းလင်းမြင်သာစေရန် လက်တွေ့အစီအစဉ်များလည်း လေ့ကျင့်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့ PDF တပ်မတော်သားများ လိုက်နာကျင့်ဆောင်ရမယ့် ပြည်သူလူထုလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် သင်ကြားပို့ချနေတာဖြစ်ပါတယ်။


========================


📌📌 ၅။ အမှတ် ၁၀၀၈ SSRY တပ်ရင်းမှ ရဲဘော် ၂၃ ဦး KNDF တပ်ရင်း- နှင့် တရားဝင်ပူးပေါင်း


အောက်တိုဘာ ၁၁။

အမှတ် ၁၀၀၈ SSRY တပ်ရင်း (Southern Shan Revolution Youth) မှ ရဲဘော် ၂၃ ဦး KNDF တပ်ရင်း- မှာ တရားဝင် တာဝန်ထမ်းဆောင်နေပြီလို့ သိရပါတယ်။ 

အဲဒီလို တာဝန်ထမ်းဆောင်နေတဲ့အကြောင်းကို KNDF တပ်ရင်း- က အောက်တိုဘာလ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

SSRYတပ်ရင်းဟာ ရှမ်း-ကယားနယ်စပ်နဲ့ကရင်နီနယ်မြေတွေမှာ KNDFအပါအဝင် အခြားသောတော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့တပ်ရင်းဖြစ်ပြီး ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာန MOD အောက်တွင် အမှတ် () စစ်ဒေသအတွင်း တပ်ရင်းအမှတ် ၁၀၀၈ အဖြစ်တိုက်ပွဲဝင်နေတဲ့ တပ်ရင်းဖြစ်တယ်လို့သိရပါတယ်။


အရင်က အမှတ်၁၀၀၈ SSRYတပ်ရင်းမှာ တပ်ထောက်တာဝန်ယူခဲ့တဲ့ ကိုဗင်းနဲ့အတူ ရဲဘော် ၂၂ ဦးဟာ စုပေါင်းစစ်ရေး ဦးဆောင်မှုကိုခံယူလိုသောရည်ရွယ်ချက်နဲ့ KNDF အမှတ်- တပ်ရင်းကို ပူးပေါင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ ကဏ္ဍအသီးသီးမှာ တရားဝင်တာဝန်ထမ်းဆောင်နေပြီလို့ အသိပေးထားပါတယ်။


ရွှေ့ပြောင်းရောက်ရှိလာတဲ့ရဲဘော်တွေကို KNDF အမှတ် တပ်ရင်းမှာ စစ်သင်တန်းတက်ရောက်စေခဲ့ပြီး  ကိုယ်ပိုင်အမှတ်ပေးအပ်ခြင်း၊ ယူနီဖောင်းနဲ့တပ်ဖွဲ့တံဆိပ်အပ်နှံခြင်း၊ ကတိသစ္စာခံယူခြင်းတို့ပြုလုပ်ခဲ့ပြီး ကြိုဆိုခဲ့တယ်လို့လည်း သိရပါတယ်။


မိမိတို့အနေနဲ့ အားကောင်းပြီး စုစည်းညီညွှတ်သော အမိန့်ပေးကွပ်ကဲမှုအတွက်ရှေးရှုပြီး တာဝန်ထမ်းဆောင်သွားကြမှာဖြစ်တယ်လို့ KNDF အမှတ် တပ်ရင်းက ကတိပြုထားပါတယ်။


========================


📌📌 ၆။ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီးစာရေးနဲ့ဇနီးကို ဆုငွေချီးမြင့်ပြီး ဘေးလွတ်ရာပို့ဆောင်ခဲ့


အောက်တိုဘာ ၁၁။

အကြမ်းဖက်စစ်ကောင်ဆီကနေ ပြည်သူ့ရင်ခွင်ကိုခိုလှုံကာ CDM ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီးစာရေးနဲ့ သူ့ဇနီးကို ဘေးကင်းလုံခြုံတဲ့နေရာ ပို့ဆောင်ပေးခဲ့ပြီး ဆုငွေကျပ် ၁၁ သိန်း ချီးမြင့်ပေးခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။ 

၎င်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင် (People's Embrace) နဲ့ချိတ်ဆက်ကာ ကူညီစောင့်ရှောက်မှုများ ဆက်လက်လုပ်ဆောင်ပေးနေပြီး သူတို့ရဲ့ လုံခြုံရေးအရ အခုမှ သတင်းထုတ်ပြန်တာလို့ ဆိုပါတယ်။

ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူ့ထံခိုလှုံလာတဲ့ CDM တပ်မ‌တော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များကို ဝမ်းပန်းတသာ ကြိုဆိုလက်ခံပြီး ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ် လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေတဲ့ တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက်သို့ အမြန်ဆုံးခိုလှုံပြီး CDM ပြုလုပ်ကြဖို့လည်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအတွက် The Way Musical Film က ကျပ်သိန်း၁ဝဝ လှူဒါန်း


အောက်တိုဘာ ၁၁။

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ ကချင်ပြည်နယ် လိုင်ဇာဒေသက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက် အရေးပေါ်အသုံးပြုနိုင်ဖို့ The Way Musical Film က ကျပ်သိန်း၁ဝဝ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။


အခုလိုလှူဒါန်းခဲ့တာနဲ့ပတ်သက်လို့ The Way က အောက်တိုဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုမှာ အရေးပေါ် လိုအပ်ချက်အတွက်အသုံးပြုနိုင်ရေး The Way Musical Film မှ ကျပ်သိန်း၁၀၀ ကို မနေ့ညက ချက်ချင်းပဲ ပေးပို့လှူဒါန်းနိုင်ခဲ့ပါတယ်လို့ အသိပေးထားပါတယ်။

 

ဒီလို Urgent လှူဒါန်းနိုင်တာဟာ The Way ကို အားပေးခဲ့ကြသူ တော်လှန်ပြည်သူတစ်ယောက်ချင်းစီရဲ့ ဖေးမမှုတွေကြောင့်ဖြစ်ပြီး အလှူမှတ်တမ်းကိုလည်း တင်ပြပေးထားပါတယ်။

 

ရှေ့ဆက်လျှောက်မယ့်လမ်းမှာ ဖြစ်လာဦးမယ့် အခက်အခဲတွေအတွက်လည်း စုပေါင်းအားနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြမယ်နော်။ တို့တွေ လက်တွဲထားကြမယ်လို့ The Way က ထုတ်ပြန်ထားပါတယ်။


The Way Musical ရုပ်ရှင်ကို ဒါရိုက်တာလင်းလင်းက ရိုက်ကူးထားတာဖြစ်ပြီး စက်တင်ဘာလကစလို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြို့ကြီးတွေမှာ ပြသနေတာမှာ ပရိသတ်အားပေးမှုတွေလည်း ရရှိနေပါတယ်။


========================


📌📌 ၈။ မုန်လိုင်ခက်နှင့် အတူရပ်တည်ကြောင်း လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ဆားလင်းကြီး ပအဖ တို့ ပူးပေါင်းဆန္ဒပြ၊ ဘန်ကောက်ရှိ UN ရုံးတွင် မြန်မာနိုင်ငံသားများ ဝမ်းနည်းကြောင်း ဆန္ဒထုတ်ဖော်


အောက်တိုဘာ ၁၁။

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မုန်လိုင်ခက် ကျဆုံးပြည်သူများနှင့် အတူရပ်တည်ကြောင်း လက်ပံတောင်းတောင် ပင်မသပိတ်နဲ့ ဆားလင်းကြီး ပအဖ တို့ ပူးပေါင်းပြီး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။


အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို လက်ပံတောင်းတောင်ပင်မသပိတ်နဲ့ ဆားလင်းကြီး ပအဖ၊ အမျိုးသမီးနဲ့ ကလေးသူငယ် တာတန်ခံတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး "မုန်လိုက်ခက်က ကျဆုံးပြည်သူများနှင့်အတူ ရပ်တည်ပါသည်။ Pray For Laiza" နဲ့ "လူ့အခွင့်အရေးပြောတဲ့ ကမ္ဘာကြီးက အကြမ်းဖက်နဲ့ လက်ဆွဲနှုတ်ဆက်တာလား" အစရှိတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးမှာလည်း မြန်မာနိုင်ငံသားတွေက " Save Kachin state in Myanmar" စာသားတွေကိုင်ပြီး မုန်လိုင်ခက် တိုက်ခိုက်မှု ဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment