14th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီက NCAနှစ်ပတ်လည်လုပ်မယ်ဆိုတာဟာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာကျပြီးဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ဩစတေးလျနိုင်ငံ၊ Melbourne မြို့၌ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) နှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံရာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် သြစတြေးလျဒေါ်လာ၇၅၀၀၀ကျော် ပါဝင်လှူဒါန်းခဲ့ကြ

📌 ၃။ စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုကြောင့် ပြောပြရန်ပင်ခက်ခဲသည့် ခံစားရမှုများမှ မြန်မာပြည်သူများ လွတ်မြောက်ရန် နိုင်ငံတကာ၏ အကူအညီ လိုအပ်ကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၄။ ပဲခူးရေဘေးသင့်ပြည်သူများ အတွက် ရံပုံငွေလက်ခံရရှိသမျှကို လှုဒါန်းသွားမှာ ဖြစ်လို့ NUG Payနဲ့သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်မှာ ပြည်သူများပါဝင်နိူင်

📌 ၅။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF/B-14) ()နှစ်ပြည့်အခမ်းအနားကျင်းပ

📌 ၆။ ကရင်နီပြည်မိုးဗြဲ မြို့အနီး စစ်ဘေးရှောင် တဲ ၃၀၀ ကျော်အနက် ၁၀၀ ကျော် ရေကြီးနစ်မြုပ်နေ

📌 ၇။ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် Bethesda တွင် နေထိုင်သည့် စစ်ကောင်စီရဲ့ စစ်သံမှူးကို မြန်မာအင်အားစုများဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီက NCAနှစ်ပတ်လည်လုပ်မယ်ဆိုတာဟာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာကျပြီးဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


အောက်တိုဘာ၁၄ရက်


အောက်တိုဘာလ (၁၄)ရက်အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ ပြည်သူလူထုထံ လစဉ်ပြောကြားသည့် မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောကြားထားပါတယ်။


"စစ်ကောင်စီဟာ NCAစာချုပ်ကိုလိုက်နာမှုမရှိ၊NCAအခြေခံမူတွေကိုလေးစားမှုမရှိ၊ချိုးဖျက်ခဲ့ပြီးကာမှ NCAနှစ်ပတ်လည်လုပ်မယ်ဆိုတာ အင်မတန်မှ မျက်နှာပြောင်တိုက်ရာကျပြီးဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က နိူင်ငံတော်အာဏာကို အဓမ္မရယူဖို့ကြိုးစားစဥ်ကတည်းက NCAစာချုပ်ဟာ ပျက်ပြယ်သွားခဲ့ပြီးဖြစ်တယ်လို့ ယာယီသမ္မတကပြောပါတယ်။


စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုကိုပြုလုပ်နေသည့်အတွက် အပြည်ပြည်ဆိုင်ရာ လူသားချင်စာနာထောက်ထားသည့် ဥပဒေများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည့်အတွက် NCA ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်ကြောင်း ပေါ်လွင်စေတယ်လို့အောက်တိုဘာ၁၂ရက်မှာABSDF KNU နှင့် CNF တို့ကပူးတွဲသဘောထားထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၂။ ဩစတေးလျနိုင်ငံ၊ Melbourne မြို့၌ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) နှင့် ဒေါက်တာဇော်ဝေစိုး တွေ့ဆုံရာ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် သြစတြေးလျဒေါ်လာ၇၅၀၀၀ကျော် ပါဝင်လှူဒါန်းခဲ့ကြ


အောက်တိုဘာ (၁၄) ရက် 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် အောက်တိုဘာလ () ရက်နေ့တွင် ဩစတေးလျနိုင်ငံ၊ Melbourne မြို့၌ မြန်မာဆရာဝန်များ၊ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) နှင့် တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာ၁၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် Melbourne မှ မြန်မာကျန်းမာရေးမိသားစုဝင်များ (Medical diasporas) က မြန်မာ့နွေဦးတော်လှန်ရေး၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် AUD 75,000 ကျော် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုကြောင့် ပြောပြရန်ပင်ခက်ခဲသည့် ခံစားရမှုများမှ မြန်မာပြည်သူများ လွတ်မြောက်ရန် နိုင်ငံတကာ၏ အကူအညီ လိုအပ်ကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၁၄ရက်


အောက်တိုဘာ၁၁ရက်(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ၏ ဘာသာရပ်အစီအစဉ် (၂၁) နှင့် (၂၂) အောက်ရှိ ဆင်းရဲမွဲတေမှု လျော့ချနိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလို ပြောကြားခဲ့ပါတယ်။


 "စစ်တပ်ရဲ့ရက်စက်ယုတ်မာမှုကြောင့် ပြောပြရန်ပင်ခက်ခဲသည့် ခံစားရမှုများမှ မြန်မာပြည်သူများ လွတ်မြောက်ရန် နိုင်ငံတကာ၏ အကူအညီ လိုအပ်ပါကြောင်း၊ ယင်းသို့သော ပြဿနာရပ်များ၏ အဓိကအရင်းအမြစ်မှာ စစ်အာဏာရှင်ဖြစ်နေသည်မှာ ထင်ရှားကြောင်း၊ သို့ဖြစ်ရာ မြန်မာပြည်သူများ လိုလားတောင့်တဆောင်ရွက်နေသည့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးတို့အပေါ် နိုင်ငံတကာမှ ကူညီပံ့ပိုးပေးရန် တိုက်တွန်းကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ထို့ပြင် ပြည်သူများ၏ စားဝတ်နေရေး ပိုမိုခက်ခဲစေသည့် တရားမျှတမှုမရှိသော နိုင်ထက် စီးနင်းရှိသည့် ဥပဒေများကို စစ်တပ်က ထုတ်ပြန်ခဲ့ကြောင်း၊ ဥပမာအားဖြင့် စစ်တပ်မှ မှတ်ပုံတင်ရေးဥပဒေ အသစ် ထုတ်ပြန်ခဲ့ခြင်းကြောင့် အသေးစား ချေးငွေလုပ်ငန်း လုပ်ကိုင်သည့် Pact Global Microfinance Fund (PGMF) သည် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရကြောင်း၊ ယင်း (PGMF) သည် ပြည်သူများအား ငွေကြေးထောက်ပံ့မှု ပေး၍ ကူညီပေးနေခြင်းဖြစ်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ ပဲခူးရေဘေးသင့်ပြည်သူများ အတွက် ရံပုံငွေလက်ခံရရှိသမျှကို လှုဒါန်းသွားမှာ ဖြစ်လို့ NUG Payနဲ့သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်မှာ ပြည်သူများပါဝင်နိူင်


အောက်တိုဘာ၁၄ရက်


ပဲခူးရေဘေးသင့်ပြည်သူများ အတွက် ရံပုံငွေလက်ခံရရှိသမျှကို လှုဒါန်းသွားမှာ ဖြစ်လို့ NUG Payနဲ့သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်မှာ ပြည်သူများပါဝင်နိူင်တယ်လို့ အောက်တိုဘာ၁၃ရက်မှာ NUG Payကနေအသိပေးဆိုထားပါတယ်။


"NUGPay Disaster Relief Fund အစီအစဉ်ဟာ အမြဲတမ်းအတွက် ဖြစ်ပြီး  Campaign ရက်စွဲ သတ်မှတ်ထားခြင်း မရှိပါ။ ကူညီကယ်ဆယ်ရေး ရံပုံငွေဖြစ်တဲ့အတွက် ရံပုံငွေ ရှိနေသမျှ အကူအညီလိုအပ်နေတဲ့ သဘာဝဘေးသင့် ပြည်သူတွေထံ လှူဒါန်းနေမှာ ဖြစ်ပါတယ်။

ယခုအခါ ပဲခူးရေဘေးသင့်ပြည်သူများ အတွက် ရံပုံငွေလက်ခံရရှိသမျှကို လှုဒါန်းသွားမှာ ဖြစ်ပါတယ်။ NUGPay ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ကြေညာခြင်း မပြုမီကပင် လာရောက်လှူဒါန်းထားကြတာကို တွေ့ရတဲ့အတွက်လည်း တစ်ဦးပေါ်တစ်ဦးထားတဲ့ မေတ္တာကို မြင်တွေ့ပြီး အင်အားဖြစ်ရပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပဲခူးမြို့တွင်းမှာရေပြန်ကျသွားခဲ့သော်လည်း ရေဘေးအတွက် အစားအစာနဲ့သောက်သုံးရေသန့်အပါအဝင်အခြားအသုံးအဆောင်ပစ္စည်းများလိုအပ်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF/B-14) ()နှစ်ပြည့်အခမ်းအနားကျင်းပ


အောက်တိုဘာ၁၄ရက်


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF/B-14) ()နှစ်ပြည့်အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာလ၊ ၁၂ရက်၊မှာကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၁၄) ()နှစ်ပြည့် အခမ်းအနား တစ်ရပ် ကျင်းပခဲ့ပါတယ်။ 


ထိုအခမ်းအနားတွင် သက်ဆိုင်ရာလူကြီးမင်းများ၊KNDF တပ်ဗိုလ် /တပ်မှုး များ, ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် KA တပ်ဗိုလ်/တပ်မှူးများ တက်ရောက်ခဲ့ပြီး ရဲဘော်ရဲမေများအား အားပေးအမှာစကားများ ပြောကြားခဲ့ပါတယ်။


 တစ်ဆက်စပ်တည်းပင် တစ်နှစ်အတွင်း လှုပ်ရှားမှုမှတ်တမ်းများ ငွေစာရင်းရှင်းတမ်းများကို ချပြရှင်းလင်းခဲ့ပြီး အခမ်းအနားတစ်ရပ်အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့သိရပါတယ်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၁၄)မှ ရဲဘော်ရဲမေများသည်ပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်ပြီး အာဏာရှင်အမြစ်ပြုတ်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့လည်းကတိပြုဆိုခဲ့ကြပါတယ်။


========================


📌📌 ၆။ ကရင်နီပြည်မိုးဗြဲ မြို့အနီး စစ်ဘေးရှောင် တဲ ၃၀၀ ကျော်အနက် ၁၀၀ ကျော် ရေကြီးနစ်မြုပ်နေ


အောက်တိုဘာ၁၄ရက်


"ကရင်နီပြည်မိုးဗြဲ မြို့အနီး စစ်ဘေးရှောင် တဲ ၃၀၀ ကျော်အနက် ၁၀၀ ကျော် ရေနှစ်မြုပ်သည်ဟုသိရပါတယ်။မိုးလည်းယခုထိ ရွာသွန်းနေသဖြင့် ကျန်ရှိနေသောတဲများ စိုးရိမ်ရတယ်"လို့အောက်တိုဘာလ ၁၄ရက်မှာ karennigenerationyouthကအသိပေးဖော်ပြပါတယ်။


ကရင်နီပြည်တွင် စစ်ဘေးရှောင်များ ရေကြီးနစ်မြုပ်နေမှုအပေါ် အခြားနေရာဒေသများကဲ့သို့အကူအညီပေးကြရန်လည်း ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ကမေတ္တာရပ်ခံအသိပေးထားပါတယ်။


အလားတူကရင်နီပြည်၊ လွိုင်ကော် မြို့နယ် လောပိတ၊ မိုက်ကန်း၊ ဆိုလစယ်  နဲ့ လောကထု စတဲ့ ကျေးရွာ ()ရွာ ဘက်မှာ ဘီလူးချောင်းရေလျှံတာကြောင့်  ရေချောင်းဘေးမှာရှိတဲ့ လောပိတ တောင်သူတွေ စိုက်ပျိုးထားတဲ့ ပြောင်းဖူးခင်းတွေ ရေမြုပ်ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၇။ အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် Bethesda တွင် နေထိုင်သည့် စစ်ကောင်စီရဲ့ စစ်သံမှူးကို မြန်မာအင်အားစုများဆန္ဒပြ


အောက်တိုဘာ၁၄ရက်


"အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ် Bethesda တွင် နေထိုင်သည့် စစ်အကြမ်းဖက်ကို ဆန့်ကျင်ရှုတ်ချခဲ့ပါတယ်"လို့အောက်တိုဘာလ ၁၄ရက်မှာ နွေဦးအောင်နိူင်ရေး ဆိုရှယ်မီဒီယာကအသိပေးဖော်ပြပါတယ်။


အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး အောင်သူရိန်၏ နေအိမ်ရှေ့သို့ မြန်မာအင်အားစုအယောက်နှစ်ဆယ်နီးပါးဆန္ဒဖော်ထုတ်ခဲ့ပြီး စစ်အာဏာရှင် နှင့် အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်နှင့်ဗုံးကြဲတိုက်ခိုက်မှုများကို ကန့်ကွက်ကြောင်းကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။


၄င်းနောက် မြန်မာစစ်သံမှူး အောင်သူရိန်မှာနေအိမ်မှ ကားနှင့်ပြင်ပသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment