20th NOV 2023 - Morning Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

📌 ၂။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ NUG ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များနဲ့ တွေ့ဆုံ

📌 ၃။ အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ သယ်ယူပို့ဆောင်ပေးသူများကို အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု NUG သတိပေး

📌 ၄။ဖက်ဒရယ်နက်ကမ့်ပိန်းဖြစ်မြောက်ရေးအတွက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် နိုင်ငံတကာ Fundraisers များတွေ့ဆုံ 

📌 ၅။ မြောင်မြို့နယ်ရှိ ကျေးရွာများတွင် သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းပြည်သူများ၊ စစ်ရှောင်ပြည်သူများကို လူသားစာနာမှု အထောက်အပံ့များပေးအပ်

📌 ၆။ ပင်လည်ဘူးမြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်

📌 ၇။ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်သည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာအသိုင်းက အရေးယူပေးရန် TNLA တောင်းဆို

📌 ၈။ မတူပီမြို့နယ်အတွင်း စစ်တပ်ကလေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက်သည့်အနေဖြင့် စစ်ရေးအရှိန်မြင့်မည်ဟု CDF မတူပီထုတ်ပြန် 

📌 ၉။ ခမရ ၅၃၀ မှ စစ်သားသုံးဦး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


နိုဝင်ဘာလ ၁၉ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို  နိုဝင်ဘာ ၁၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ Zoom မှ တဆင့် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်များ အခက်အခဲများနဲ့ စိန်ခေါ်မှုများကို ဦးဆောင်ရှင်းလင်းတင်ပြခဲ့ပါတယ်။


ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်များ ဖြစ်တဲ့ သစ်တောသယံဇာတ စီမံအုပ်ချုပ်ရေး လုပ်ငန်းစဥ်များ ၊ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနရဲ့ လုပ်ငန်းစဥ်များ၊ သစ်လုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ ကျောက်မျက်နှင့်ပုလဲလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။


ထို့အပြင် တာဝန်ရှိသူ တစ်ဦးမှလည်း ဝန်ကြီးဌာနမှ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ရဲ့ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနဲ့ ဝန်ထမ်းများက သိရှိလိုတဲ့ အချက်များနဲ့ တင်ပြလိုတဲ့ အချက်များကို ဆွေးနွေးမေးမြန်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ နိဂုံးစကားပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ NUG ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များနဲ့ တွေ့ဆုံ


နိုဝင်ဘာလ ၁၉ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ  ဂျပန် ကိုယ်စားလှယ်ရုံး၊ ရုံးအဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံးတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးမိုးဇော်ဦးကလည်း Zoom မှ တဆင့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တွေ့ဆုံပွဲမှာ လက်ရှိ ရုံးလုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများ၊ ဘဏ္ဍာငွေ ရှာဖွေ သုံးစွဲမှုများနဲ့ အလုပ်သမားရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ NUG ဂျပန်နိုင်ငံ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ သယ်ယူပို့ဆောင်ပေးသူများကို အကြမ်းဖက်ဥပဒေဖြင့်အရေးယူမည်ဟု NUG သတိပေး


နိုဝင်ဘာလ ၁၉ ရက်။

အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ သယ်ယူပို့ဆောင်ပေးသူတွေကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ ဖြင့် အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ လေယာဉ်ဆီဖြတ်တောက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ပါရန်ဆိုပြီး အသိပေးထုတ်ပြန်လိုက်တာပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် လျှပ်စစ်နှင့် စွမ်းအင်ကိစ္စရပ်များကို တော်လှန်ရေးလိုအပ်ချက်အလိုက် အချိန်နှင့်တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ယခုအချိန်ဟာ တော်လှန်ရေးအရှိန် မြင့်တက်လာတာနဲ့အမျှ တိုက်ပွဲကာလပြင်းထန်နေပြီး တော်လှန်ရေးအင်အားစုတွေက ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်လျက်ရှိရာမှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် လူမဆန်စွာ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေတာကို ဟန့်တားနိုင်ဖို့ သတိပေးတားမြစ်လိုက်တာ လည်း ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို လေယာဉ်နဲ့ဗုံးကြဲပစ်ခတ်ခဲ့တဲ့ ပဇီကြီး၊ အနန့်ပါ၊ ထီးချိုင့် စတဲ့ ဖြစ်စဉ် တွေကြောင့် ကလေး၊ လူငယ်၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်များပါမကျန် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်မျိုး ထပ်မဖြစ်စေဖို့ တားမြစ်လိုက်တာလို့ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်စေဖို့ လေယာဉ်ဆီ သယ်ယူပို့ဆောင်နေတဲ့ သီလဝါဆိပ်ကမ်းနဲ့ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူဖြန့်ဖြူးခြင်းကို မြန်မာတနိုင်ငံလုံးအနှံ့ တားမြစ်ပိတ်ပင်လိုက်တာလည်းဖြစ်ပါတယ်။

တားမြစ်ကန့်သတ်ထားတဲ့ လေယာဉ်ဆီကို သယ်ယူပို့ဆောင်မယ်ဆိုရင် အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂ အရ ပြင်းထန်စွာ အရေးယူခံရမှာဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ညွှန်ကြားချက်ကို သိရှိလိုက်နာပြီး တော်လှန်ရေး အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ 

သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအနေနဲ့ မိမိတို့ စိုးမိုးနယ်မြေဒေသအသီးသီးရှိ မြို့နယ်တွေမှာ ဖြတ်သန်း သွားလာနေတဲ့ စက်သုံးဆီယာဉ်တွေကို အခွန်ကောက်ခံဖို့စစ်ဆေးရာမှာ လေယာဉ်ဆီပါဝင်ခြင်း ရှိ၊မရှိ သေချာစစ်ဆေးပြီးမှ ခွင့်ပြုဖို့နဲ့ တွေ့ရှိပါက ဖမ်းဆီးထိန်းသိမ်းပြီး ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ဖို့လည်း အသိပေးထားပါတယ်။ 

ဒါ့ကြောင့် ပြည်သူများ ဥပဒေမဲ့ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရခြင်းရန်ကနေ ကာကွယ်တားဆီးနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအားလုံး သိရှိလိုက်နာဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။


========================


📌📌 ၄။ဖက်ဒရယ်နက်ကမ့်ပိန်းဖြစ်မြောက်ရေးအတွက် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် နိုင်ငံတကာ Fundraisers များတွေ့ဆုံ 


နိုဝင်ဘာ ၁၉ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ Fundraisersများ တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာလ ၁၇ ရက်နေ့   ၇နာရီ၃၀မိနစ်နှင့် နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၇နာရီ၃၀မိနစ်တို့တွင် Zoom ဖြင့်ကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။


ဆွေးနွေးပွဲမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဦးထင်လင်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ဖက်ဒရယ်နက် ကမ့်ပိန်း (Federal Net Campaign)  

ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါတယ်။ 


တော်လှန်ရေး အရှိန်အဟုန်မြှင့်လာသည်နှင့်အမျှ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ စသည့်ကဏ္ဍ အသီးသီးတွင် သတင်းအချက် အလက်များ အချိန်မီမှန်ကန်တိကျစွာရရှိနိုင်ရေးနှင့် အဆင့်မြင့် အင်တာနက် နည်းပညာ ဝန်ဆောင်မှုများသုံးစွဲနိုင်ရေးတို့သည် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်သောကြောင့်  ဖက်ဒရယ်နက်ကမ့်ပိန်းကို ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ 


ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံအသီးသီးရှိ Fundraiser များက သိရှိလို သည်များကို မေးမြန်း၍ အကြံပြုချက်များကိုပြန်လည်ဆွေးနွေးခဲ့ကြပြီး နိုင်ငံအသီးသီးရှိ Fundraiser များမှ သိရှိလို၍ မေးမြန်းကြသည်များကို ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင်၊  မဟာဗျူဟာဆက်သွယ်ရေးဗျူရိုဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးဟန်ဇော်လတ်နှင့် သတင်းအချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ်၊ ဒေါက်တာ Katherine တို့က ပြန်လည်ဖြေကြား‌ခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မြောင်မြို့နယ်ရှိ ကျေးရွာများတွင် သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းပြည်သူများ၊ စစ်ရှောင်ပြည်သူများကို လူသားစာနာမှု အထောက်အပံ့များပေးအပ်


နိုဝင်ဘာလ ၁၉ရက်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျေးရွာများရှိ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်း ပြည်သူ (၂၆၆) ဦး အတွက် NGO အဖွဲ့တစ်ခုမှ တစ်ဦးလျှင် ငွေကျပ် (၉၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း (၂၃,၉၄၀,၀၀၀) ကျပ် ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ထောက်ပံ့ငွေများကို မြောင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ခံမှ ဦးဆောင်ပြီး ပြည်သူများ လက်ထဲကို နိုဝင်ဘာလ ၁၈ ရက်နေ့က သွားရောက်ပေးအပ်ခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ထို့အပြင် မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ခံမှ မြို့နယ်တွင်းရှိ စစ်ရှောင်ပြည်သူများအတွက် ဆန်နှင့် ဆီများကိုလည်း ထောက်ပံ့‌ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ပင်လည်ဘူးမြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်


နိုဝင်ဘာလ ၁၉ရက်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်နှင့် ရေးရာအဖွဲ့ဝင်များက ထိန်းချုပ်နယ်မြေများအတွင်း Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


တော်လှန်ရေး အင်အားစုများက စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း အလင်းဝင်လာတဲ့ Non-CDM ဝန်ထမ်းများနဲ့ ဖမ်းဆီးရမိတဲ့ Non-CDM ဝန်ထမ်းများကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ထားတဲ့ "နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ" နှင့်အညီ စီမံခန့်ခွဲနိုင်ရန် အခုလို ဖွဲ့စည်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ ပင်လည်ဘူးမြို့နယ် Non-CDM ဝန်ထမ်းများ စီမံခန့်ခွဲရေး ကော်မတီ ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်သည့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာအသိုင်းက အရေးယူပေးရန် TNLA တောင်းဆို


နိုဝင်ဘာလ ၁၉ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး TNLA တပ်ဖွဲ့တွေ စိုးမိုးထားချိန်မှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီကို အရေးယူဖို့ အိမ်နီးခြင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာကို တအာင်းတပ်မတော် TNLA က တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုဗေဒလက်နက် အဆိပ်ငွေ့ဗုံးကို လေယာဉ်ပေါ် ကနေ ပစ်ချတိုက်ခိုက်ခဲ့တာ ကြိမ်ရှိပြီလို့ အသိပေးထားပါတယ်။ 

နိုဝင်ဘာလ ၁၈ ရက်နေ့က နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ် တပ်စခန်းသိမ်းတိုက်ပွဲနဲ့ နိုဝင်ဘာလ ရက်က လားရှိုးမြို့နယ် မိုင်းကျက် တပ်စခန်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာပါ။ 

အခုလို့ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင်အချို့ အဆိပ်သင့်ပြီး ခန္ဒာကိုယ်မှာ ထိခိုက်ဒဏ်ရာ မရှိဘဲ မူးဝေခြင်း၊ အသက်ရှုချိန်မြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်းနှင့် မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်း စတဲ့ဝေဒနာတွေကို ပြင်းထန်စွာခံစားနေရတာကြောင့် PSLF/TNLA ကျန်းမာရေးဌာနက ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ထိတွေ့တိုက်ပွဲတွေမှာ အခုလို စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီး နိုင်ငံတကာက တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုဗေဒလက်နက်တွေ အသုံးပြုတိုက်ခိုက်တဲ့အပြင် နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး အရပ်သားပြည်သူလူထုနေထိုင်ရာ ရပ်ရွာတွေနဲ့ အိုးအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းများ၊ လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများ အနေနဲ့ မြန်မာပြည်သူလူထုအား ဝိုင်းဝန်းစောင့်ရှောက်ပေးရန်နှင့် စစ်ရာဇဝတ်မှု၊ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးနိုင်ရန် TNLA က သတင်းထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။


========================


📌📌 ၈။ မတူပီမြို့နယ်အတွင်း စစ်တပ်ကလေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက်သည့်အနေဖြင့် စစ်ရေးအရှိန်မြင့်မည်ဟု CDF မတူပီထုတ်ပြန် 


နိုဝင်ဘာလ ၁၉ ရက်။

ချင်းပြည်နယ် မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်တပ်က လေယာဉ် စင်းဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့ စစ်ရေးအရှိန်မြှင့်တင်ပြီး တိုက်ပွဲဝင်သွားမယ်လို့ CDF မတူပီက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက် ပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ စင်းအသုံးပြုကာ မတူပီမြို့နယ် ဝေလူးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ် ဦးနဲ့အရပ်သား ဦး သေဆုံးခဲ့ရပြီး အပြစ်မဲ့ ကလေးငယ်တဦးနဲ့အရပ်သား ၃ဦး ဒဏ်ရာရခဲ့ပါတယ်။


ဒါ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၂၂ လုံး၊ ဘုရားကျောင်း တကျောင်းနဲ့စာသင်ကျောင်းဆောင် ဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကောင်စီက အပြစ်မဲ့ပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချပြီး စစ်ရေး အရှိန်ပိုမိုမြှင့်တင်မှာဖြစ်ကြောင်းနဲ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ တိုင်းပြည်နဲ့လူမျိုးများအတွက် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ ချင်းလန်း ကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၉။ ခမရ ၅၃၀ မှ စစ်သားသုံးဦး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံ


နိုဝင်ဘာလ ၁၉ရက်။

အကြမ်းဖက် စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း (ခမရ-၅၃၀) က တပ်ဖွဲ့ဝင် ဦး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်။


အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား () ဦးမှာ ခမရ-၅၃၀ မှ တပ်သား မင်းသူအောင်၊ အောင်သူဟိန်း နဲ့ ခင်မောင်ရင်တို့ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ရှမ်းတောင်တိုင်း စစ်ဌာနခွဲ၊ တပ်ရင်း (၁၀၀၆) မှာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာလို့ သိရပါတယ်။


အဆိုပါ အလင်းဝင်လာတဲ့ တပ်သားသုံးဦး နဲ့အတူ MA-1 သေနတ် () လက်၊ MA-4 သေနတ် () လက်၊ ကျည်တွေနဲ့ လက်ပစ်ဗုံးတွေကိုပါ ယူဆောင်လာခဲ့တာဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ ရက်ကိုတော့ မသိရပါဘူး။


အခုဆိုရင် နိုင်ငံတစ်ဝန်းတော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်၊ မြို့ပြတိုက်ပွဲတွေဖော်ဆောင်နေပြီး စစ်ကောင်စီဘက်မှ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေနဲ့၊ လက်နက်ချ အညံ့ခံသူတွေ ပိုများလာနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment