၂၀၂၃ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ရာဇဝတ်ကောင်တွေကို ICCတင်နိူင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းပြောကြား
📌 ၂။ "မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုများနဲ့ စစ်ဘေးရှောင်ပြည်သူများ အချင်းချင်းကြားမှာ သတင်းအချက်အလက်တွေ မျှဝေဖို့ အင်မတန်အရေးကြီးတယ်"လို့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးပြောကြား
📌 ၃။ စစ်ပွဲ ဖြစ်နေတဲ့ အနေအထားမှာ စကစကို ကိုယ်ရောစိတ်ပါ ထောက်ခံခဲ့တဲ့သူတွေ တရားစွဲအရေးယူခြင်းခံရမှာဖြစ်တယ်လို့ ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်ပြောကြား
📌 ၄။ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာ စာချုပ်တွင်ပါရှိသည့်မူများကို ဆက်လက်ထောက်ခံ
📌 ၅။ လွိုင်ကော်သို့ စစ်ကူပေးရန် ထွက်ခွာသွားသော (စကစ) ဖွဲ့တပ်အား လိုက်လံတိုက်ခိုက်ချေမှုန်းရာ စကစတပ်ဖွဲ့ဝင်အယောက်၂၀ ကျော်သေဆုံး
📌 ၆။ ချင်းပြည်နယ် ၊ရေဇွာ မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ CDF Zotungယနေ့မနက်ကြေညာ
📌 ၇။ ဝက်လက်မြို့နယ် ရွှေပန်းကုန်းစခန်းသိမ်းတိုက်ပွဲမှ ပြန်လာသောတော်လှန်ရေးရဲဘော်များကို ဒေသခံပြည်သူလူထုမှ အောင်သပြေပန်းများဖြင့် ကြိုဆို ဂုဏ်ပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ရာဇဝတ်ကောင်တွေကို ICCတင်နိူင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းပြောကြား
နိူဝင်ဘာ၃၀ရက်
စစ်ရာဇဝတ်ကောင်တွေကို ICCတင်နိူင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဆောင်ရွက်ထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက နိူဝင်ဘာ၂၉ရက်မှာကျင်းပခဲ့တဲ့ စစ်ပွဲအတွင်း အရပ်သားတွေကို ဘယ်လိုကာကွယ်ကြမလဲ"ခေါင်းစဥ်နဲ့ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
"နိူင်ငံတကာရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကျူးလွန်တယ်ဆိုတာစစ်အုပ်စုရဲ့လုပ်ရပ်တွေကထင်ထင်ရှားရှားကိုဖော်ပြနေပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာဆိုလည်းတကယ့်လူ့အခွင့်ရေးဆိုင်ရာ အရာရှိ၊ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီး၊အချက်အလက်အားလုံးကိုစုစည်းပြီး တရားစွဲဖို့ပေးပို့တဲ့ မြန်မာနိူင်ငံဆိုင်ရာ တိုင်ကြားရေးယန္တရား ဒါတွေအားလုံးကထင်ထင်ရှားရှားကိုဖော်ပြထားပြီးသားဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးအရေးယူဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအထိ ကျနော်တို့တင်ပြဆောင်ရွက်ထားပါတယ်။ဒါ့အပြင် ဒီစစ်ရာဇဝတ်ကောင်တွေကို ICCတင်နိူင်ဖို့ကျနော်တို့ဆောင်ရွက်ထားတယ်"လို့ဆိုပါတယ်။
ICCနဲ့ပူးပေါင်းဆောင်ရွက်ဖို့အပါအဝင် လိုအပ်မှုများကိုတင်ပြပေးဖို့ကို ပန်ကြားလွှာတစ်ရပ်အားအမျိုးသားညီညွတ်ရေးအစိုးရက ICCတရားရုံးထံပေးပို့ထားတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လူအခွင့်ရေးချိုးဖောက်မှုတွေအပါအဝင် ရာဇဝတ်မှုကျူးလွန်မှုများကို နိူင်ငံတကာ အသိုင်းအဝိုင်းထံအချိန်နှင့်တပြေးညီပေးပို့လျက်ရှိတယ်လို့သိရပါတယ်။
========================
📌📌 ၂။ "မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုများနဲ့ စစ်ဘေးရှောင်ပြည်သူများ အချင်းချင်းကြားမှာ သတင်းအချက်အလက်တွေ မျှဝေဖို့ အင်မတန်အရေးကြီးတယ်"လို့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးပြောကြား
နိူဝင်ဘာ၃၀ရက်
"မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုများနဲ့ စစ်ဘေးရှောင်ပြည်သူများ အချင်းချင်းကြားမှာ သတင်းအချက်အလက်တွေ မျှဝေဖို့အင်မတန်အရေးကြီးတယ်"လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးမှ ပြောကြားလိုက်ပါတယ်။
"မြေပြင်မှာရှိတဲ့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများဖြစ်ဖြစ် စစ်ဘေးရှောင်ပြည်သူများဖြစ်ဖြစ် အချင်းချင်းကြားမှာ သတင်းအချက်အလက်တွေ မျှဝေဖို့ကိစ္စက အင်မတန်အရေးကြီးတဲ့အတွက်ကြောင့် ပြည်သူလူထုအနေနဲ့ Federal Net Campaign မှာ တတ်နိုင်သလောက်ပါဝင်ကူညီအားဖြည့်ပေးကြဖို့ အလေးအနက်မေတ္တာရပ်ခံလိုပါတယ်။"လို့ဆိုပါတယ်။
Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့မြို့နယ် (၅) မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (၂.၅) သိန်းလိုအပ်မှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍ "Fedral Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။
အဆိုပါကမ်းပိန်းကို ၁လသတ်မှတ်ထားပြီး နိုင်ငံတကာ Fundraisers များမှတဆင့် ပါဝင် ကူညီနိုင်မှာဖြစ်သလို ဝန်ကြီးဌာနရဲ့ဆိုရှယ်မီဒီယာ link တွင်လည်း ကိုယ်တိုင်ဝင်ရောက်ကူညီလို့ရပြီဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ပွဲ ဖြစ်နေတဲ့ အနေအထားမှာ စကစကို ကိုယ်ရောစိတ်ပါ ထောက်ခံခဲ့တဲ့သူတွေ တရားစွဲအရေးယူခြင်းခံရမှာဖြစ်တယ်လို့ ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်ပြောကြား
နိူဝင်ဘာ၃၀ရက်
"စစ်ပွဲ ဖြစ်နေတဲ့ အနေအထား မှာ စကစ ကို ကိုယ်ရော စိတ်ပါ ထောက်ခံ ခဲ့တဲ့ သူတွေ ကတော့ တရားစွဲအရေးယူခြင်းခံရမှာပါပဲ။ သူတို့ ဟာ စီဒီအမ် မလုပ်လို့ အရေးယူတာ မဟုတ်ပါဘူး။ တော်လှန်ရေး ကလည်း စစ်ပွဲ အဆင့် ကို ရောက်နေပြီ ဖြစ်လို့ ဒီလို အရေးယူမှု တွေ ကရှောင်လွှဲ လို့ရမယ်မယ်မထင်ပါဘူး။စီဒီအမ် မလုပ်လို့ အရေးယူရမယ် ဆိုတဲ့ ဥပဒေ လည်းမရှိထားသေးပါဘူး။ ဒါက အကြမ်းဖက် သမား၊ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ထားတဲ့ သူတွေနဲ့ ဆက်နွယ်မှု၊ပူးပေါင်းကြံစဥ်မှု စတာ တွေနဲ့ ဥပဒေအတိုင်း သွားရမှာပါ"လို့ နိူဝင်ဘာနောက်ဆုံးပတ်မှာ ဒုတိယဝန်ကြီးဦးမော်ထွန်းအောင်က သုံးသပ်ပြောကြားထားပါတယ်။ဆိုပါတယ်။
လွိုင်ကော်တက္ကသိုလ်မှပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်အပါအဝင်ဝန်ထမ်းငါးဦးနှင့်မိသားစုဝင်များကို ကရင်နီပြည်ရဲဌာနမှ အမှုဖွင့်တရားစွဲကာ တရားရေးဌာနသို့လွှဲပြောင်းမည်ဖြစ်ကြောင်းနိူဝင်ဘာ၂၉ရက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက အတည်ပြုကြေညာခဲ့ပါတယ်။
========================
📌📌 ၄။ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာ စာချုပ်တွင်ပါရှိသည့်မူများကို ဆက်လက်ထောက်ခံ
နိူဝင်ဘာ၃၀
နိုဝင်ဘာလ ၂၉ ရက်ကျင်းပတဲ့နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး၏ မိန့်ခွန်းပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အခုလိုပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံသည် နျူကလီးယားကင်းစင်သည့် ကမ္ဘာကြီးတည်ဆောက်နိုင်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် မိမိတို့၏ ကတိကဝတ်များကို ထုတ်ဖော်ပြသလျက် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးရန် ကနဦးစီစဉ်ခဲ့ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် အတည်ပြုလက်မှတ်ရေးထိုးရေး အပါအဝင် အရပ်သားအစိုးရ၏ ဒီမိုကရေစီ တိုးတက်ရေးလုပ်ငန်းစဉ်များအားလုံး ပျက်စီးခဲ့ရကြောင်း၊မြန်မာပြည်သူများသည် တရားမဝင်အာဏာသိမ်းဖြစ်ရပ်နှင့် အကြမ်းဖက်စစ်တပ်၏ ရက်စက်သည့် လုပ်ရပ်များကို ရင်ဆိုင်နေရသော်လည်း စာချုပ်တွင်ပါရှိသည့်မူများကို ဆက်လက်ထောက်ခံလျက်ရှိပြီး၊ မဝေးတော့သည့်အနာဂတ်တွင် ဤစာချုပ်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာရန် ထပ်လောင်းကတိကဝတ် ပြုပါကြောင်း"သံအမတ်ကြီးကဆိုခဲ့ပါတယ်။
ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်မြို့တွင် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကတက်ရောက်လျက်ရှိပါတယ်။
========================
📌📌 ၅။ လွိုင်ကော်သို့ စစ်ကူပေးရန် ထွက်ခွာသွားသော (စကစ) ဖွဲ့တပ်အား လိုက်လံတိုက်ခိုက်ချေမှုန်းရာ စကစတပ်ဖွဲ့ဝင်အယောက်၂၀ ကျော်သေဆုံး
နိူဝင်ဘာ၃၀ရက်
နိူဝင်ဘာ၃၀ရက် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၏ ခေါင်းဆောင်မှုဖြင့် Federal Wings ဒရုန်းတပ်ဖွဲ့ ကရင်နီပြည်တွင် စတင်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းအသိပေးဆိုပါတယ်။
"နိူဝင်ဘာ၂၇ရက်သံလွင်မြစ်အရှေ့ဘက်ရှိ ပန်တိန်းစခန်းမှ သံလွင်မြစ်အနောက်ဖက် ဖားဆောင်းသို့ ဆုတ်ခွာ၍ လွိုင်ကော်သို့ စစ်ကူပေးရန် ထွက်ခွာသွားသော (စကစ) ဖွဲ့တပ်အား လိုက်လံတိုက်ခိုက်ချေမှုန်းရာ လက်နက် (၅) လက်၊ ခဲယမ်းမျိုးစုံသိမ်းဆည်းရမိပြီး ရန်သူ (စကစ)စစ်သား အယောက် (၂၀) ကျော် သုတ်သင်နိုင်ကာ သုံ့ပန်း(၁) ဦးလက်ရဖမ်းမိခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးအား ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) ၊ (KA) တပ်ရင်း(၁)၊ PDF၊ KNDF၊ (ကလလတ)လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့နှင့် ဘော်လခဲ PDF Drone အဖွဲ့တို့မှ စစ်ဆင်ဆောင်ရွက်ခဲ့ကြတယ်လို့အတည်ပြုဆိုပါတယ်။
========================
📌📌 ၆။ ချင်းပြည်နယ် ၊ရေဇွာ မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ CDF Zotungယနေ့မနက်ကြေညာ
နိုဝင်ဘာလ(၃၀) ရက်
ချင်းပြည်နယ် ၊ရေဇွာ မြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ CDF Zotungယနေ့မနက်ကြေညာလိုက်ပါတယ်။
နိူဝင်ဘာ၃၀ရက်မှာ ချင်းပြည်နယ် ၊ရေဇွာ မြို့သိမ်းတိုက်ပွဲရလဒ်ကိုအသိပေးဆိုပါတယ်။
"ZZLMS Operation ဟုအမည်ပေးထားသည့်ချင်းပြည်နယ် ၊ရေဇွာ မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၂၅)ရက်နေ့တွင်စတင်ခဲ့ပါတယ်။နိုဝင်ဘာလ(၂၈) ရက်နေ့တွင်ZZLMSညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဉီး CNA၊ CDF-MATUPI တို့မှ ပါဝင်ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး၂၀၂၃ခုနှစ်၊နိုဝင်ဘာလ(၂၉) ရက်မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်စခန်းအားအပြီးပိုင်သိမ်းပိုက် နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်သုံ့ပန်းများကို ဖမ်းဆီးရမိပြီးလက်နက်နှင့်ခဲယမ်းအများအပြားကိုလည်း ရရှိခဲ့ကြောင်းနှင့်မြို့အားအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း အသိပေးဆိုထားပါတယ်။
========================
📌📌 ၇။ ဝက်လက်မြို့နယ် ရွှေပန်းကုန်းစခန်းသိမ်းတိုက်ပွဲမှ ပြန်လာသောတော်လှန်ရေးရဲဘော်များကို ဒေသခံပြည်သူလူထုမှ အောင်သပြေပန်းများဖြင့် ကြိုဆို ဂုဏ်ပြု
နိူဝင်ဘာ၃၀ရက်
"နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဝက်လက်မြို့နယ် ရွှေပန်းကုန်းစခန်းသိမ်းတိုက်ပွဲမှ စခန်းသိမ်းပြီး ပြန်လာသော ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ရဲဘော်များကို ဒေသခံပြည်သူလူထုမှ အောင်သပြေပန်းများဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ပါတယ်"လို့ နိူဝင်ဘာ၃၀ရက်မှာ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ဝက်လက်ကအသိပေးဆိုပါတယ်။
နိုဝင်ဘာလ (၂၁) ရက်၊ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရဲစခန်းအား အမှတ် (၁) စစ်ဒေသ၊ အမှတ်(၂) ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အမှတ် (၁/၂/၃/၅) တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းနှင့် ဝက်လက်မြို့နယ်(ပကဖ)တို့က အနီးကပ် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ရာ ရန်သူ့ဘက်မှ (၃) ဦးသေဆုံးပြီး စခန်းမှူး နေအောင်ကျော်နှင့် ဒုရဲအုပ်အဆင့် (၂) ဦး အပါအဝင် အခြားအဆင့် (၁၆ )ဦး အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment